Wednesday, March 31, 2010

အန်အယ်လ်ဒီ၏ မူလနိုင်ငံရေးမပျက် ဆက်လက်လုပ်ဆောင်မည်ဟဦးဝင်းတင် ပြောကြာုး

NEJ/ ၃၁ မတ် ၂ဝ၁ဝ

အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များအရ နိုင်ငံရေး ဆက်လက်လုပ်ဆောင် သွားမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည် ညွှန်းတဲ့အတိုင်းပဲ။ ကျနော်တို့ခေါင်းထဲမှာ၊ ကျနော်တို့အသည်းနှလုံးထဲမှာ နိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့ ဒီမိုကရေစီအဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တဲ့အချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဆက်ပြီးတော့ ဒါတွေကို ထိန်းသိမ်းသွားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီတည်ထောင်ရန်၊ လူ့အခွင့်အရေးများ အပြည့်အ၀ရရှိရန်၊ စစ်မှန်သည့် ပြည်ထောင်စုစနစ် ထွန်းကားရန်နှင့် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရန် ဆိုသည့်အချက်များသည် အန်အယ်လ်ဒီက ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

သာမန်အားဖြင့် နဂိုရှိပြီးသား နိုင်ငံရေးရပ်တည်ချက်များကို ထိန်းသည့်သဘောဖြင့် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ တနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီဝင်များနှင့် နဂိုရှိပြီးသား စည်းရုံးမှုကို ဆက်လက်တည်ဆောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများ အပါအ၀င် ကျောင်းသားအဖွဲ့အစည်းများ စသည်တို့ဖြင့် ဆက်သွယ်လုပ်ဆောင်မှုများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“တိုင်းရင်းသားတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာကို မြင့်မားစွာဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တတ်နိုင်သမျှ ကျနော်တို့ရဲ့ နဂိုရှိနေတဲ့ ညီညွတ်ရေး လူထုထောက်ခံမှုတွေကို ကိုင်စွဲပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျနော်တို့ အန်အယ်လ်ဒီပေါ် ကြီးမားစွာပဲရှိတယ်လို့ ယုံတယ်။ ကျနော်တို့ဟာ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရမယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီအနေဖြင့် မှတ်ပုံတင်ခြင်း မတင်ခြင်းသည် အဓိကမဟုတ်ဘဲ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးပန်းတိုင်များက အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျနော်တို့ရဲ့ နိုင်ငံရေးပစ်မှတ်တခု ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ အစဉ်တစိုက်တောင်းဆိုနေတာ အန်အယ်လ်ဒီ စဖွဲ့တဲ့ ၁၉၈၈ ခုနှစ် အောက်တိုဘာလလောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာရေးပြီးတော့ န၀တထံ ပို့ထားတဲ့ စာကစခဲ့တာ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးတဲ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ပြောနေတာပဲ” ဟု ဦးဝင်းတင်က ပြောသည်။

“ဒီနေ့ပါတီ မရှိပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်၊ ပါတီမှတ်ပုံမတင်လို့ ပါတီအနေနဲ့ မရပ်တည်နိုင်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်မှ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်လည်း လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်ဖြစ်နေတာ။ ဒီနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ဘယ်လိုမှ ဖယ်ရှားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူက အသိအမှတ်ပြုထားတဲ့ ပြည်သူကနေ ယုံကြည်ကိုးစားနေတဲ့ နိုင်ငံရေး မိခင်ကြီးတယောက်လို ဖြစ်နေတယ်။ ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုနေရမှာပဲ” ဟုလည်း ၎င်းက ပြောကြားသည်။

No comments: