Thursday, March 25, 2010

ဆန်ပြဿနာ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ခေတ်သစ်ဘူလင်ဂျာပူးလ်အဖွဲ့

ဇင်လင်း

မကြာသေးမီက ဆန်ကိစ္စနှင့်စပ်လျဉ်းပြီး စူးစူးရဲရဲ ဝေဖန်သံတချို့ ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။ အငြိမ်းစား ကုလ သမဂ္ဂ အရာရှိ၊ ထွန်းဖောင်ဒေးရှင်းဘဏ်၏ ဒါရိုက်တာတဦးဖြစ်သူ စီးပွားရေးပညာရှင် ဦးမြင့်က “ဆန်စပါးကဏ္ဍမှာ အထွက်တိုး၊ ၀င်ငွေတိုး၊ အလုပ်အကိုင် တိုးပွားလာမယ်ဆိုရင် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ ပြည်တွင်းမှာလည်း ရိက္ခာပေါများလာမှာပါ” လို့ ဇန်န၀ါရီ (၁၀) ရက်နေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားတာ ကြားလိုက်ရတယ်။ “မြန်မာပြည်က ပို့တဲ့ဆန်က များသောအားဖြင့် အရည်အသွေးညံ့တယ်။ ဒါကြောင့် တင်ပို့နှုန်း ပိုပြီးကျလာစရာရှိတယ်” လို့လည်း သူက ထောက်ပြဝေဖန်ထားသေးတယ်။

မနှစ်က အောက်တိုဘာလမှာ ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းမှာ ကမ္ဘာ့ဆန်ညီလာခံ လုပ်ခဲ့ပြီး မြန်မာပြည်က ဆန်ကုမ္ပဏီပေါင်း (၃၀) ခန့် သွားရောက်ပြသတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောတာလည်း ကြားလိုက်ပါတယ်။ ထိုင်း၊ ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံတွေလို မြန်မာ့ဆန်လည်း ကမ္ဘာ့ဆန်ဈေးကွက်မှာ နေရာရရှိလာအောင် လုပ်မယ့်အကြောင်း ဦးစိန်ဝင်းလှိုင်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချတဲ့ ကုမ္ပဏီကြီး (၂၀) ခန့်၊ ကုမ္ပဏီအသေး (၂၀) ခန့် ရှိကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံက တင်ပို့နေတဲ့ (၂၅ မှတ်) ဆန်ဟာ ဗီယက်နမ်နဲ့ ပါကစ္စတန်ဆန်တို့အောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၀ မှ ၅၀)၊ ထိုင်းဆန်အောက် (၁) တန်လျှင် ဒေါ်လာ (၅၀ နှင့် ၁၀၀) အထိ ဈေးနိမ့်နေသေးကြောင်း ဦးစိန်ဝင်းလှိုင်က ပြောထားတာ တွေ့ရတယ်။

ဇန်န၀ါရီလမှာ စပါးဈေး အနည်းငယ်မြင့်လာတာကြောင့် ကုန်သည်တွေက ဆန်ထုတ်လုပ်မှုကို ထိန်းထားတယ်။ ဒါကြောင့် ယခင်လထက် ရန်ကုန်ဈေးကွက်သို့ ဆန်အ၀င်လျော့လာကြောင်း၊ ဇန်န၀ါရီလအတွင်းက စပါးတင်း (၁၀၀) လျှင် ပေါ်ဆန်း ကျပ်ငါးသိန်းနှစ်သောင်း၊ ဧည့်မထ ကျပ်လေးသိန်းခန့်မှ ဖေဖော်ဝါရီလတွင် ပေါ်ဆန်း ငါးသိန်းခွဲ၊ ဧည့်မထ လေးသိန်းနှစ်သောင်းသို့ မြင့်တက်လာကြောင်း၊ ဖျာပုံမြို့နယ် ဆန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောတာလည်း Yangon Media Group သတင်းမှာ တွေ့လိုက်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ထုတ်ပြန်တဲ့ စာရင်းတွေအရ ဇန်န၀ါရီလမှာ ရန်ကုန်ဈေးကွက်သို့ (၁) ရက်လျှင် ဆန်အိတ်ရေ (၆၀,၀၀၀) ခန့် ၀င်ရောက်ခဲ့ရာမှ ဖေဖော်ဝါရီလမှာ (၁) ရက် ပျမ်းမျှ အိတ်ရေ (၄၅,၀၀၀) ခန့်သာ ၀င်တယ်လို့ ဆိုပါတယ်။

“စပါးပေါ်ချိန်မှာ ဈေးတက်တာက ဒီနှစ် အထွက်လျော့လို့ ဖြစ်ပါတယ်။ ကုန်ရှားတော့ ၀ယ်သူက လုနေရတဲ့အတွက် စပါးဈေးက မာနေတာပါ။ စပါးဈေးမာတော့ ကုန်သည်က သိပ်မကိုက်တဲ့အတွက် ဆန်ကို ထိန်းကြိတ်နေပါတယ်” လို့ ဦးမြင့်သိန်းက ဆိုပါတယ်။

ဆန်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးခဲလို့ အဆိုရှိပါတယ်။ ဆန်စပါးကဏ္ဍကိုသာ စနစ်တကျ စီမံခန့်ခွဲတတ်ရင် တိုင်းပြည်အေးချမ်းဖို့ ငါးဆယ်ရာနှုန်း သေချာပါတယ်။ ဆန်ဈေး လိုတာထက် ပိုတက်လာတိုင်း နိုင်ငံမငြိမ်မသက်ဖြစ်တတ်တာ အစဉ်အလာ ဖြစ်နေပါပြီ။ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာနဲ့ နိုင်ငံခြားငွေကို အဓိကရှာပေးတာလည်း ဆန်စပါးပါပဲ။ မြန်မာ့လူဦးရေ (၈၀) ရာနှုန်းဟာ ဆန်စပါးနဲ့ ဆက်စပ်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မှီခိုနေကြရတယ်လို့လည်း မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ အကြောင်းကတော့ ဆန်ဟာ ထမင်းချက်စားဖို့ သက်သက်မျှသာမကဘဲ အမှုန့်ပြုပြီး ပေါင်မုန့်နဲ့ မုန့်အမျိုးမျိုးပြုလုပ်ခြင်း၊ ဆန်ကြာဆံ၊ ဆန်ခေါက်ဆွဲ စတာတွေလည်း ထုတ်လုပ်ခြင်း၊ အထည်အလိပ်တွေ ကော်တင်ရာမှာသုံးဖို့ ကော်အမျိုးမျိုးလုပ်ခြင်း၊ ဆန်ကွဲကနေ အရက်နဲ့ ဘီယာချက်လုပ်ခြင်း၊ ဖွဲနုကျပြန်တော့ စားသုံးဆီ၊ ဗီတာမင်ဆေးပြား၊ တိရစ္ဆာန်အစာ … စတာတွေ ထုတ်လုပ်နိုင်ခြင်း၊ ကောက်ရိုးကျတော့ ကျွဲ နွားအတွက် ရိက္ခာဖြစ်တဲ့အပြင် ကတ်ပြားစက္ကူလည်း ထုတ်လုပ်နိုင်ခြင်း၊ နောက်ဆုံး ဖွဲကြမ်း ဖွဲပြာကအစ လူ့အသုံးအဆောင် အဖြစ် အသုံးဝင်တာတွေ့နိုင်ပါတယ်။ အလဟဿဖြစ်တာ ဘာတခုမှမရှိပါဘူး။

ဒါကြောင့် ဆန်စပါးထုတ်လုပ်ရေးနဲ့ အဓိကဆန်စပါးစိုက်ပျိုးထုတ်လုပ်ပေးသူ လယ်သမားတို့ရဲ့ ရပိုင်ခွင့်တို့ကို မှန်မှန်ကန်ကန် စီမံဆောင်ရွက်ပေးနိုင်ခြင်းကိစ္စဟာ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုအတွက် ပဓာနအချက် ဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ကမ္ဘာ့ဆန်ဈေးကွက်မှာ တနှစ်လျှင် ပျမ်းမျှဆန်တန်ချိန် (၇) သန်းခန့် ရောင်းဝယ်ဖောက်ကားမှုရှိပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု ပမာဏဟာ တန်ချိန် (၃.၅) သန်းဝန်းကျင် ဖြစ်ပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ (၅၀) ရာခိုင်နှုန်းကို မြန်မာနိုင်ငံက စိုးမိုးထားတာတွေ့နိုင်ပါတယ်။ ပထမကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အခြေခံစားကုန်ဖြစ်တဲ့ ဆန်ဈေးကောင်းလာတာတွေ့ရပြီး မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း အထူးဖွံ့ဖြိုးလာပါတယ်။ မြန်မာ၊ တရုတ်နဲ့ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကုန်းလမ်း၊ ရေလမ်း၊ မီးရထားလမ်းတလျှောက် စပါးအများအပြားထွက်ရာ အချက်အချာကျတဲ့ မြို့ရွာတွေမှာ တနေ့ ဆန်တန်ချိန် (၁၀) ကနေ (၁၀၀) အထိ ကြိတ်ခွဲနိုင်တဲ့ ဆန်စက်တွေ တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများ တွေ့ရတယ်။

“၁၉၃၃ ခုနှစ် စက်ရုံဥပဒေ” အရ မှတ်ပုံတင်ထားတဲ့ ဆန်စက်ပေါင်း (၆၁၂) လုံးရှိပြီး ဆန်စက်အလုပ်သမားပေါင်း (၄၉,၃၃၂) ဦး ရှိတယ်လို့ ဆိုတယ်။ ဆန်စက် (၆၁၂) လုံးအနက် (၄၅) လုံးကို ဥရောပတိုက်သားတွေ ပိုင်ကြောင်း သိရတယ်။ အဲဒီစက် (၄၅) လုံးဟာ ဆန်စက်ကြီးတွေဖြစ်လို့ အလုပ်သမား (၁၉,၅၃၀) ဦး ရှိတယ်လို့ မှတ်တမ်းတွေအရ သိရတယ်။ အဲဒီထဲက အများစုကို အင်္ဂလို-ဘားမား ဆန်ရောင်းဝယ်ရေးကုမ္ပဏီ (The Anglo-Burma Rice Company)၊ စတီးဘရားသားကုမ္ပဏီ (Steel Brothers Company)၊ ဘူးလော့ဘရားသား ကုမ္ပဏီ (Bulloch Brothers Company)၊ အယ်လာမန်အာရကန် ဆန်ရောင်းဝယ်ရေးကုမ္ပဏီ (Ellerman’s Arakan Rice & Trading Company)၊ ဆိုတဲ့ ကုမ္ပဏီ (၄) ခုက ပိုင်ပါတယ်။ ဒီကုမ္ပဏီ (၄) ခုက မြန်မာနိုင်ငံ သင်္ဘောဆိပ်မြို့ကြီးတွေမှာ ဆန်စက်ကြီး (၂၁) လုံး ပိုင်တယ်။ နှစ်စဉ် ပြည်ပပို့ ဆန်တန်ချိန် သုံးသန်းကျော်အနက် (၃၅) ရာခိုင်နှုန်းကို ဒီ ကုမ္ပဏီ (၄) ခုက တင်ပို့တယ်။

မြန်မာ့ဆန်စပါးသမိုင်းကို ပြောတဲ့အခါ မပါရင်မပြီးတဲ့ ဘူလင်ဂျာပူးလ် (Bullinger Poll) ဆိုတဲ့ “ဆန်စပါးလက်ဝါးကြီးအုပ် ရောင်းဝယ်ရေးအသင်းကြီး” ကို ဒီ ကုမ္ပဏီ (၄) ခုက ဖွဲ့ခဲ့တာဖြစ်တယ်။ ဘူလင်ဂျာပူးလ်ကို ဖွဲ့ရတဲ့ ရည်ရွယ်ချက်က ဆန်စပါးရောင်းဝယ်ရေးမှာ ဈေးနှုန်းတညီတညွတ်တည်းဖြစ်အောင် ထိန်းညှိပေးဖို့ (A common buying and selling policy) ချမှတ်နိုင်ဖို့လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘူလင်ဂျာပူးလ်က တောင်သူလယ်သမားတွေထံမှ စပါးများကို အဆမတန် ဈေးနှိမ်ဝယ်ယူခဲ့တာဖြစ်တယ်။ ပြည်ပတင်ပို့တဲ့အခါ အမြတ်ကြီးစွာရခဲ့ကြတယ်။ ဗြိတိသျှအရင်းရှင်ကြီးများ စိတ်ကြိုက်ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်လို့ မြန်မာတောင်သူလယ်သမားတို့ အကျိုးစီးပွားကို မျက်ကွယ်ပြုခဲ့ကြတယ်။ မြန်မာ့စီးပွားရေးကို ဗြိတိသျှအရင်းရှင်များ စနစ်တကျ ခြယ်လှယ်အမြတ်ထုတ်ခဲ့ပုံကို ထင်ရှားစေတဲ့ သာဓကဟာ ဘူလင်ဂျာပူးလ်ပါပဲ။ ဘူလင်ဂျာပူးလ်ရဲ့ ဈေးနှိမ်မှု၊ ဈေးကစားမှု၊ အမြတ်ကြီးစားမှုတွေကြောင့် မြန်မာတောင်သူလယ်သမားတွေ ဆင်းရဲတွင်းနက်ခဲ့ကြရာက ၁၉၃၀ ခုမှာ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံ ပေါ်ခဲ့ရတာဖြစ်ပါတယ်။

၁၉၆၇ ခု သြဂုတ်လ (၁၃) ရခိုင်ပြည်နယ်၊ စစ်တွေဆန်အရေးအခင်း ပေါ်ပေါက်ခဲ့တာကို ပြန်လှန်သုံးသပ်ရင် အဲဒီနှစ် မတ်လ (၂) ရက် ဗိုလ်နေ၀င်း စစ်အာဏာသိမ်း (၅) နှစ် မြောက်မှာ “ဗဟိုတောင်သူလယ်သမားကောင်စီ” ဖွဲ့တာက စပြောရမယ်ထင်ပါတယ်။ ဆန်စပါး ရောင်းတာ၊ ၀ယ်တာ၊ ကြိတ်ခွဲတာ၊ သိုလှောင်တာ၊ သယ်ပို့တာတွေကို ကန့်သတ်ချုပ်ချယ်မှုက အစပြုတာပါပဲ။ လိုရင်းပြောရရင် “ဗဟိုတောင်သူလယ်သမား ကောင်စီ” က ဆန်စပါး လွတ်လပ်စွာ ရောင်းဝယ်မှုကို ပိတ်ပင်ဟန့်တားလိုက်တယ်။ လယ်သမားဆီက စပါးကို စစ်ကောင်စီက ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဈေးနှိမ်ဝယ်တယ်။ နိုင်ငံခြားဆန်တင်ပို့ရောင်းချမှုကို စစ်ကောင်စီက လက်ဝါးကြီးအုပ်လိုက်တယ်။ အကျိုးဆက်ကတော့ လယ်သမားမှာ ၀မ်းစာတောင်မကျန်။ ဆန်ရှားပါးမှုနဲ့ တပြည်လုံး ရင်ဆိုင်ခဲ့ရတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရခိုင်ပြည်နယ်မှာတော့ အငတ်ဘေးဆိုက်တဲ့အထိဖြစ်ရပြီး ဆန်လုပွဲတွေ ပေါ်ခဲ့ပါတယ်။ ပြည်သူတွေ ရက်ရက်စက်စက် အစုလိုက် ပစ်သတ်ခံခဲ့ရပါတယ်။ ချုပ်လိုက်ရင် “ဗဟိုတောင်သူလယ်သမားကောင်စီ” ဟာ “ဘူလင်ဂျာပူးလ်” နေရာကို ၀င်ယူလိုက်ရုံမက ရက်ရက်စက်စက်လည်း လူသတ်ပြခဲ့ပါတယ်။

အလားတူ ၁၉၇၄ ခုနှစ် အလုပ်သမားဆန္ဒပြမှုဖြစ်စဉ်ကို လေ့လာရင်လည်း ဆန်ရှားပါးမှုဟာ ပြဿနာရဲ့ သော့ချက်ဖြစ်နေတာ တွေ့ရပြန်ပါတယ်။ ဒီနေရာမှာ မဆလအစိုးရရဲ့“၁၉၇၄ အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ” မှာပါတဲ့ သုံးသပ်ချက်တခုကို ဖော်ပြလိုပါတယ်။

“အလုပ်သမားဆန္ဒပြမှု ဖြစ်ပွားသည့် နေရာတိုင်းလိုပင် ဆန်အလုံအလောက်ရရှိရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ခလစာနှုန်း တိုးမြှင့်ပေးရေး တောင်းဆိုချက်များ တင်ပြကြကြောင်း တွေ့ရပါသည်။ တနည်းဆိုရလျှင် စီးပွားရေးကျပ်တည်းမှုကို ရင်ဆိုင်နေရကြောင်း ထင်ရှားပါသည်။ ဆန်ဈေးမှာ ၁၉၇၂ ခုနှစ် ကတည်းကပင် အတက်အကျများ ရှိသော်လည်း အတက်များပြီး အကျနည်းသောကြောင့် တရိပ်ရိပ် မြင့်တက်လာခဲ့ပါသည်။

ဗဟိုစာရင်းအင်းအဖွဲ့ထုတ်ပြန်ချက်အရ ၁၉၇၃ ခုနှစ် မေလအတွင်းက ကုန်သွယ်ရေးမှ ဖြန့်သော ငစိန်ဆန်ဈေးသည် တပြည် (၁) ကျပ်ဖြစ်၍ အပြင်ပေါက်ဈေးသည် (၁) ကျပ် (၅၀) ပြားသာ ရှိပါသည်။ ၁၉၇၄ ခုနှစ် မေလတွင် ကုန်သွယ်ရေးမှ ဖြန့်သော ဈေးမှာ (၁) ကျပ် (၄၅) ပြားဖြစ်လာပြီး အပြင်ပေါက်ဈေးမှာ (၃) ကျပ် (၅၀) ပြား ဖြစ်လာပါသည်။ ကုန်သွယ်ရေးမှ ဖြန့်ဖြူးရာ၌လည်း ၁၉၇၃ ခုနှစ်ကတည်းက မူလဖြန့်ဖြူးပေးခဲ့သော နှုန်းထက် တ၀က်ခန့်လျော့ခဲ့ပြီး ၁၉၇၄ ခုနှစ် ဧပြီလတွင် ထပ်မံလျှော့ချ ခဲ့ပါသည်။ ဤသို့ ဆန်ကို လျော့နည်းဖြန့်ဖြူးခြင်းကြောင့် အလုပ်သမားများမှာ များစွာနစ်နာပါသည်။” (အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ၁၉၇၄)

တကယ်တော့ မြန်မာနိုင်ငံအတွင်း လူ (၅) သန်းခန့် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ထုတ်ပြန်ဖူးပါတယ်။ FAO ရဲ့ အဆိုအရ မြန်မာဆန်စပါးထုတ်လုပ်မှုဟာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပေမယ့် ၂၀၀၉-၂၀၁၀ ရာသီမှာ ပြန်နာလန်ထူလာပြီလို့ ဆိုပါတယ်။ ဒီနှစ် မြန်မာနိုင်ငံက စပါးတန်ချိန် (၃၁.၅) သန်း၊ ဆန်အနေနဲ့ တန်ချိန် (၁၉.၈) သန်း ထွက်ဖို့ရှိတယ်လို့ FAO က ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီနှစ် မြန်မာက ပြည်ပဆန်တင်ပို့မှု ပိုများလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဘန်ကောက်က ဆန်ကုန်သည်တဦးရဲ့အဆိုအရ ဆန်ကွဲ (၅) ရာခိုင်နှုန်းပါတဲ့ ဆန်ဖြူအမျိုးအစား တတန်ကို ထိုင်းက (၅၄၀) ဒေါ်လာ ရောင်းတယ်။ ဗီယက်နမ်က (၄၃၀) ဒေါ်လာ ရောင်းတယ်။ မြန်မာကတော့ (၃၅၀) ဒေါ်လာနဲ့ ရောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာဆန်ကို ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေက ၀ယ်ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ဆန်ကုန်သည်တွေရဲ့ မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ မှတ်ချက်တချို့ရှိပါတယ်။ ဆန်အရည်အသွး ထိန်းသိမ်းမှုညံ့ဖျင်းခြင်း၊ သိုလှောင်ထားရှိမှုစနစ်များ မကောင်းခြင်း၊ သင်္ဘောတင်ပို့ချိန် နောက်ကျလေ့ရှိခြင်းတွေကြောင့် မြန်မာဆန် ဈေးကောင်းမရတာလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာဆန် အထွက်နှုန်း နိမ့်တာဟာ ဓာတ်မြေသြဇာ သုံးတဲ့နှုန်း နည်းခြင်းကြောင့်လို့ ပြောပါတယ်။ FAO ရဲ့အဆိုအရ ထိုင်းနိုင်ငံက တဧက ဓာတ်မြေသြဇာသုံးတဲ့နှုန်း မြန်မာထက် (၆.၈) ဆ မြင့်တယ်လို့ ဆိုတယ်။ ဗီယက်နမ်က (၆.၃) ဆ၊ ဘင်္ဂလားဒက်ရှ်က (၅.၈) ဆ မြန်မာထက်မြင့်ပါသတဲ့။

ထိုင်းကုန်သည်ရဲ့အဆိုအရ မြန်မာဟာ အဓိက ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်လာဖို့ အလားအလာတွေရှိပေမယ့် အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်အတော်ကြာကြာယူရဦးမယ်လို့ ပြောပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ တဧက အထွက်နှုန်းက တင်း (၂၀၀) ထွက်ပါတယ်။ (သူတို့ တတင်းက ၄၆ ပေါင် သို့မဟုတ် ၂၁ ကီလိုရှိပါတယ်)။ မြန်မာက တင်း (၆၀) ပဲ ထွက်တယ်လို့ ဦးချစ်ခိုင် (ဥက္ဏဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း) က ပြောကြောင်း ဖေဖော်ဝါရီလ (၂) ရက်၊ ၂၀၁၀ ရိုက်တာသတင်းမှာ တွေ့ရပါတယ်။

အခုအချိန်အထိ ဆန်တန်ချိန် တသန်းကျော် ပြည်ပသို့ တင်ပို့ထားပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ပို့မှုပမာဏ ဘယ်လောက် ထပ်မံမြင့်တက်လာမယ်ဆိုတာ လာမယ့် နွေစပါးအထွက်ပေါ်မှာ မူတည်တယ်လို့ ဆန်တင်ပို့သူလုပ်ငန်းရှင်များက ယူဆကြောင်း Eleven Media Group သတင်းမှာ ဖော်ပြတာတွေ့ရတယ်။ လောလောဆယ် ပြည်ပနိုင်ငံအချို့မှ မြန်မာလုပ်ငန်းရှင်တွေထံ ဆန်ဝယ်ယူဖို့ ကမ်းလှမ်းထားမှုတွေရှိပေမယ့် မြန်မာလုပ်ငန်းရှင်တွေက လက်မခံသေးဘဲ နွေစပါးထွက်နှုန်းကို စောင့်ကြည့်ပြီးမှသာ လက်ခံတင်ပို့သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းဌာနရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အပီချတ် ကျုံစကူးလ် (Apichart Jongskul) ရဲ့ သုံးသပ်ချက်အရ ဒေသတွင်း နိုင်ငံအစိုးရတွေအနေနဲ့ ဆန်စပါးပိုမိုထွက်ရှိအောင် အားထုတ်လာတာ တွေ့ရကြောင်း ထောက်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် တကမ္ဘာလုံးရဲ့ ဆန်တင်ပို့မှု ပမာဏက တန်ချိန် (၂၉.၃) သန်း ရှိရာမှာ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံများရဲ့ စုစုပေါင်းတင်ပို့မှုဟာ တန်ချိန် (၂၁.၃၂) သန်း ဖြစ်ပါတယ်။ ဒီနှစ် တကမ္ဘာလုံးရဲ့ ဆန်တင်ပို့မှု ပမာဏက တန်ချိန် (၃၀.၈၄) သန်းရှိမယ် ခန့်မှန်းပြီး အထက်ပါ (၆) နိုင်ငံရဲ့ဝေစုက တန်ချိန် (၂၃.၄) သန်း ရှိမယ်လို့ အပီချတ်က ဆိုပါတယ်။ အဲဒီအနက် ထိုင်းတနိုင်ငံတည်းက တန်ချိန် (၁၀) သန်း ပို့မှာဖြစ်ပါသတဲ့။

အစိုးရတွေအနေနဲ့ ဆန်စပါးအထွက်တိုးအောင် စီမံဆောင်ရွက်နိုင်ရင် လယ်သမားတွေကို ၀င်ငွေတိုးစေပြီး ဆင်းရဲမွဲတေမှု ပြဿနာ ဖြေရှင်းရေး၊ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားပြဿနာ ဖြေရှင်းရေးနဲ့ တခြားပြည်တွင်းရေးကိစ္စတွေ ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေတယ်လို့ အပီချတ်က ဆိုပါတယ်။

တချိန်က ကမ္ဘာ့နံပါတ် (၁) ဆန်ထွက်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါးပိုမိုထွက်ရှိအောင် အားထုတ်လာတာတွေ့ရပေမယ့် ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဒေသတွင်းမှာ တခြားနိုင်ငံတွေထက် အများကြီး နောက်ကျကျန်ရစ်တယ်လို့ ထိုင်းနိုင်ငံ နိုင်ငံခြားဆန်တင်ပို့ရေးအဖွဲ့ ဥက္ကဋ္ဌ ချူးကီယက် အိုဖာဆဝေါင်ဆီ (Chookiat Ophaswongse) က သုံးသပ်ပါတယ်။ တကယ့်လက်တွေ့မှာလည်း ဆန်ဟာ “နိုင်ငံရေးသီးနှံ” လို့ ပြောရမှာပါပဲ။ အာဏာသိမ်း မဆလစစ်အစိုးရဟာ အဓိက “ဆန်ပြဿနာ” ကို မဖြေရှင်းနိုင်ခဲ့လို့ နောက်ဆုံးဇာတ်သိမ်းမလှဖြစ်ခဲ့ရတာပဲ။ “ဆန်ပြဿနာ” နဲ့ “နိုင်ငံရေးတည်ငြိမ်မှု” ဟာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ ပန်းပါပဲ။

အခုလက်ရှိ နအဖစစ်ကောင်စီခေတ်မှာတော့ စစ်အစိုးရနဲ့ နီးစပ်သူ ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့သား ပိုင်ဆိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီ၊ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်
(UMEHL ) ဒါရိုက်တာ ဗိုလ်ချုပ်ကြီး တင်အေးရဲ့သား ဦးဇော်မင်းအေး၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးရဲ့သား ပိုင် ဧရာဟင်္သာကုမ္ပဏီတို့ လက်ရှိ ဆန်တင်ပို့ခွင့် ပါမစ်ရရှိပြီး ဆန်တင်ပို့နေတယ်လို့ ဆိုပါတယ်။ သူတို့အုပ်စုကို စစ်အာဏာရှင် အသိုင်းအ၀ိုင်းရဲ့“ဘူလင်ဂျာပူးလ်” အဖွဲ့လို့ ဆိုရမယ်ထင်ပါတယ်။ ဒီနှစ်အတွင်း ဆန်တန်ချိန် (၃) သန်းကျော် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချဖို့ ရည်ရွယ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ကိုလိုနီခေတ် “ဘူလင်ဂျာပူးလ်” ရဲ့ဆန်ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ဆရာစံ လယ်သမားသူပုန်ထခဲ့ကြတယ်။ အခု စစ်အုပ်စု “ဘူလင်ဂျာပူးလ်” ကရော လယ်သမားတွေကို ၀င်ငွေတိုးစေပြီး ဆင်းရဲမွဲတေမှုလျော့ပါးအောင် လုပ်ပေးမှာလား။ ဒါမှမဟုတ် စစ်ဗိုလ်ချုပ်ကြီးတစုနဲ့ ဆွေမျိုးသားချင်းတွေ အလိုတော်ရိတွေကို ချမ်းသာသထက် ချမ်းသာအောင် စီးပွားရေး အရင်းအမြစ်အားလုံးကို လက်ဝါးကြီးအုပ်ဖို့လား။

အဖြေက မြင်နေရပါပြီ။ ဆန်ကွဲတပြည် ကျပ် (၉၀၀)၊ ငစိန်တပြည် ကျပ် (၁၂၀၀)။ ဆန်ဈေးတက်မှုရဲ့ အကျိုးဆက်အဖြစ် လတ်တလော ရန်ကုန်က စက်ရုံပေါင်း (၂၀) လောက်မှာ လုပ်အားခ တိုးတောင်းတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေပြီး တခြားစက်ရုံတွေကိုလည်း နေ့စဉ်ဆိုသလို ကူးစက်နေလာနေပါတယ်။ စစ်အာဏာပိုင်တွေ ဒီပြဿနာကတဆင့် သူတို့အာဏာကို စိန်ခေါ်လာမှာ စိုးရိမ်နေကြပါပြီ။ လုံခြုံရေးကို အထပ်ထပ်အတန်တန် စီမံနေကြပါပြီ။ ဒါပေမယ့် ခေတ်သစ် “ဘူလင်ဂျာပူးလ်” က နိုင်ငံခြားဈေးကွက်ဝင်အောင် စံချိန်မီ ဆန်ထုတ်လုပ်နေရတဲ့အတွက် စရိတ်စကကြီးလာတာနဲ့အမျှ ဆန်ဈေးကလည်း မြင့်သထက် မြင့်လာနေပါပြီ။ ပြည်တွင်း အလုပ်သမား၊ လယ်သမားတွေ အတွက် “မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း” က စနစ်တကျ တွက်ချက်ထုတ်လုပ်ရောင်းချပေးဖို့ အစီအစဉ် ရှိထားပါရဲ့လား။ “ဆန်ပြဿနာ” နဲ့ “နိုင်ငံရေးတည်ငြိမ်မှု” ဟာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလို ဒွန်တွဲနေတယ်ဆိုတဲ့ သင်ခန်းစာကို မေ့လျော့ထားရင်တော့ နအဖရဲ့“၂၀၁၀ ရွေးကောက်ပွဲ” ဟာ ခေတ်သစ်ဘူလင်ဂျာပူးလ်အဖွဲ့ရဲ့ လောဘကြောင့် ပျက်ဖို့ကိန်းမြင်နေရကြောင်းပါ။



No comments: