Thursday, March 25, 2010

သန့်ရှင်း - တည်မြဲ ကွဲဖို့မလိုပါ

ရန်ငြိမ်းအောင် (လူငယ်)

ကျနော်တို့ မမွေးခင် ၁၉၅၈-ခုနှစ် ဖ-ဆ-ပ-လကြီး ကွဲတုန်းက၊ အဖွဲ့ချုပ်ကြီး သန့်ရှင်းဖို့ လိုသည်ဟု ခံယူသော-နုတင်နှင့်၊ ဘာဘဲဖြစ်ဖြစ် အဖွဲ့ချုပ်ကြီး တည်မြဲရေးသည် အရေးကြီးဆုံးဟု ခံယူသော ဆွေငြိမ်းအုပ်စုများ အာဏာပြိုင်ကြတာ ဖြစ်သည်ဟု လေ့လာ မှတ်သားခဲ့ရပါသည်။

အခုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးတွင်၊ အဖွဲ့ချုပ်၏ လိပ်ပြာ၊ သိက္ခာ၊ သန့်ရှင်းဖို့က အဓိကဟူသော အယူအဆနှင့် အဖွဲ့ချုပ် တည်မြဲဖို့အရေးကြီးသည် ဟူသော အယူအဆ၊ နှစ်မျိုး ကွဲနေတာကို မြင်နေကြားနေရပါသည်။ ထူးဆန်းစွာ တိုက်ဆိုင်နေသည်က တည်မြဲဘို့လို သည်ဟု ယူဆသူများကို ခေါင်းဆောင်သူများကလည်း ဆွေငြိမ်း ဖြစ်နေခြင်း ဖြစ်ပါသည်။

စစ်အစိုးရက၊ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ထုတ်လိုက်သောအခါ၊ မထင်ခဲ့တာတွေ ဖြစ်လာပါသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းတုန်းက၊ ဥပဒေတွေ ထွက်လာရင်၊ ရွေးကောက်ပွဲ ဝင်မဝင် စဉ်းစားမည်ဟု ဆိုခဲ့သည်။

အခု မှတ်ပုံတင်ခြင်း ဥပဒေ တကယ်ထွက်လာတော့ ပါတီ ဆက်ရှိမည်၊ မရှိမည်ကိုပင် မစဉ်းစားဘဲမရ စဉ်းစားရပါပြီ။ ဥပဒေတွေ နည်းဥပဒေတွေအရ ပါတီဆက်ပြီး ရပ်တည်လိုလျှင် ထောင်ဒဏ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမည်၊ ပြီးတော့ မှတ်ပုံတင်ခွင့် လျှောက်ထားသူ (၁၅) ဦးလုံးက၊ တဦးချင်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရဦးမည်။ ထို့ပြင် ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃) နေရာ မဝင်မဖြစ် ဝင်ရဦးမည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကလည်း ရှင်းပါသည်။ ဤဥပဒေသည် ဥပဒေ အင်္ဂါရပ်နှင့် မညီပါ။ မတရားပါ။ ထို့ကြောင့် ကန့်ကွက်ပါမည်။ ထိုကိစ္စများပြီးမှ ပါတီ မှတ်ပုံတင်ဖို့ စဉ်းစားတာပေါ့ဟူ၍ ဖြစ်ပါသည်။ ဆိုလိုသည်ကတော့ ဆက်လက် တိုက်သွားမည်။ ထိုကာလအတွင်း မှတ်ပုံ မတင်လိုက်ရလို့အဖွဲ့ချုပ် အလိုအလျောက် ပျက်ချင်လဲ ပျက်ပါစေဟု ဆိုလိုပါသည်။ အဖွဲ့ဝင်ထု၏ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု ဆိုခြင်းမှာလဲ ဒီမိုကရေစီ ခေါင်းဆောင်၏ အင်္ဂါရပ်ကို ဖော်ပြခြင်း ဖြစ်သည်။

အဖွဲ့ဝင်ထုက သူ့ကို ဘေးခနဖယ်ထားပြီး ရွေးကောက်ပွဲ ဝင်မည်ဟု ဆုံးဖြတ်မှတော့၊ ထိုအဖွဲ့အစည်း အတွင်းတည်းမှာ တွယ်ကပ်နေပါရ စေဆိုလျှင် ခေါင်းဆောင် ပီသပါ့မလား။

တည်မြဲအုပ်စုကတော့ ဒီလို မစဉ်းစားပါ။ ကောက်ကွေးသော ယုတ္တိကို သုံးထားပါသည်။ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေအတိုင်း ဆက်လက် တိုက်ပွဲဝင်ဘို့၊ တရားဝင် အဖွဲ့အစည်း လိုသည်။ အဖွဲ့အစည်းကို တရားဝင် မှတ်ပုံတင်ဘို့ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ထဲက ထုတ်သင့်လျှင် ထုတ်ရမည်တဲ့။

မှတ်ပုံတင်ဘို ၊့ ၁၉၉၃ ခုနှစ်ကတည်းက လက်မခံနိုင်ပါဟု ဆိုခဲ့သော၊ အခုလည်း လက်မခံဟု ကန့်ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေကို ‘ထိန်းသိမ်းစောင့်ရှောက်’ ပါမည်ဟု ဝန်ခံလက်မှတ်ထိုးမည်၊ ထိန်းသိမ်းစောင့် ရှောက်ခြင်းသည် လက်ခံခြင်း၊ လိုက်နာခြင်း မဟုတ်ပါတဲ့။ ဘယ်လို စဉ်း စားကြသလဲ မသိပါ။ နောက်ပြီး ဆိုပါသေးသည်၊ နှစ်နှစ်ဆယ်ကျော်လုံးလုံး စွန့်လွှတ် အနစ်နာခံပြီး အ ဖွဲ့ချုပ်အတွက် လုပ်ကိုင်ခဲ့ကြသူများအတွက် အဖွဲ့ဆက်ရှိရမည်တဲ့။ ထိုအဖွဲ့ဝင်များထဲက ဘယ်သူတွေကများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပါလို့တောင်းဆိုဘူးခဲ့ပါလဲ။

ခေါင်းဆောင်တယောက်က ဆိုပြန်ပါသည်။ ၁၉၉၁ ခုနှစ်တုန်းကလဲ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ် တည်မြဲရေးအတွက် ထုတ်ပစ်ခဲ့ဘူးပါသည်။ ၁၉၉၅ ခုနှစ် ပြန်လွတ်တော့လည်း ခေါင်းဆောင်မှု ပြန်ရတာပါပဲတဲ့။ ဟုတ်ပါသည်၊ ထိုစဉ်က ထုတ်ပစ်တုန်းက အခြေအနေက တမျိုးပါ။ ရွေးကောက်ပွဲပြီးလို့တနှစ်သာ ရှိသေးသည်။ ရလာဒ်က ပူပူနွေးနွေး၊ ဘာဖြစ်မည်လဲ မသိသေး၊ အဖွဲ့ချုပ်ကို အဖျက်ခံရခြင်းသည်၊ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သည်နှင့် အတူတူ ဖြစ်နေသည်။ ပြီးတော့ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် နောက်ထပ် အဖွဲ့စည်းတခုကို ဖွဲ့ဖို့ နေနေသာသာ ရှိသည့် ပါတီတွေကို အတင်းဖျက်ပစ်နေသည့်အချိန် ဖြစ်သည်။ ထိုအချက်များ အားလုံးကို ချိန်ဆပြီး ဦးတင်ဦး၊ ဦးဝင်းတင်စသည့် ခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထုတ်လိုက်ရသည်။

ခုအခြေအနေက လုံးဝ ခြားနားနေသည်။ ရွေးကောက်ပွဲပြီးတာ အနှစ်နှစ်ဆယ် ရှိတော့မည်။ ရွေးကောက်ပွဲ ရလာဒ်ကို ပူပူနွေးနွေး ဖျက်ပစ်လိုက်ပြီးပြီ။ ပြီးတော့၊ ထို‘ပြီးတော့’ နောက်တခုသည် အရေးကြီးပါသည်။ ပြီးတော့ အခုအချိန်တွင် အဖွဲ့ချုပ်ကို အစိုးရက ဖျက်သိမ်းလိုက်ပါကလည်း အဖွဲ့ဝင်များသည် မိမိကြိုက်ရာ ပါတီဖွဲ့ရန် အချိန်ရှိသေးသည်။

ထို့ကြောင့် တရားဝင် ရပ်တည်မှုကို လိုချင်ပါသည်ဟု ဆိုသူများ အဖွဲ့ချုပ်တွင်းက၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဆန္ဒနှင့် နုတ်ထွက်လိုက်ပြီး၊ တူရာတူရာ၊ သန်ရာသန်ရာ ပူးပေါင်းပြီး ကိုယ့်ပါတီကိုယ် ထောင်ကြပါ။ ပြီးတော့ ပါတီနာမည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လက်သစ် တို့ဘာတို့ ခပ်ဆင်ဆင်တပ်ပြီး ရွေးကောက်ပွဲ ဝင်ရင်လဲဝင်ပါ။ မြန်မာပြည်မှာ ရှိနေတဲ့ သံရုံး ဝန်ထမ်းတွေကလည်း ထောက်ခံကြပါလိမ့်မယ်။ စစ်အစိုးရကလည်း ခွင့်ပြုမှာပါ။ ကူတောင် ကူညီလိမ့်ဦးမည်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ် အစစ်ကို မဝေဖန်ဘဲ နေမယ်ဆိုရင် ကွဲတယ်ပြဲတယ်ဆိုတဲ့ ပြဿနာကို တစိတ်တစ်ပိုင်း ကာကွယ်နိုင်ပါလိမ့်မည်။ ပြည်သူကိုတော့ လှည့်ဖြားလို့ ရမှာ မဟုတ်ပါ ။သို့သော် သမိုင်းမှာတော့ ဂိုဏ်းခွဲသူ၊ သင်းခွဲသူများလို့တွင်မှာ မဟုတ်ဘူးလို့ထင်ပါသည်။

ဖ-ဆ-ပ-လကြီး ကွဲခဲ့၍ ဦးနေဝင်းနှင့် စစ်ဗိုလ်ချုပ်များက အာဏာအရသာ တွေ့ခဲ့ကြရသည်။ နောက်တော့ ရာစုနှစ်တဝက်ကျော် နိုင်ငံဒုက္ခရောက်ရသည်။ အခု NLD ကွဲလျှင်တော့ ဘယ်တော့ မှ စစ်ကျွန်ဘဝက လွတ်မည်ကို မသိနိုင်တော့ပါ။ အဖွဲ့ချုပ်၏သမိုင်း သန့်ရှင်းစွာ ကျန်ရစ်ပါစေ ...။


No comments: