Sunday, March 28, 2010

နစက တပ်သားများ နေရာကောင်းမှ မပြောင်ကြေး ကျပ်ငွေ ၅ သိန်းထိရှိ

Narinjara News

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော နစက တပ်ဖွဲ့ဝင်များ အကြား ၀င်ငွေကောင်းသော စခန်းများမှ မပြောင်းရွှေ့ရရေး ကြေးမှာ တနှစ်အတွက် ကျပ်ငွေ ၅ သိန်း ထိရှိကြောင်း နစက တပ်သား တဦးက ပြောသည်။

“ကျွန်တော်တို့ နစက တပ်ဖွဲ့ဝင်တွေကို များမကြာမှီ အပြောင်းအရွှေ့ လုပ်တော့မှာ ဖြစ်ပါတယ်။ အဲသလို အပြောင်းအရွှေ့ လုပ်တဲ့အခါ နယ်မြေကောင်းတဲ့ စခန်းတွေ ကနေ မပြောင်းရရေး အတွက် နစက ဌာနချုပ်က တပ်ရေး ဗိုလ်ကြီးနဲ့ အိုင်အို ဗိုလ်ကြီးတို့ ကျပ်ငွေ ၃သိန်းကနေ ၅သိန်းထိ ပေးရပါတယ်။ မပေးနိုင်တဲ့ သူတွေကို အပြောင်းအရွှေ့ လုပ်ပါတယ်။ ပေးနိုင်တဲ့သူတွေက နယ်မြေကောင်းတွေမှာ ဆက်လက် နေထိုင်ခွင့်ရပါတယ်။”

မောင်တောမြို့နယ်တွင် နစက နယ်မြေများကို အပေါ်နယ်မြေ ၁၊ ၂၊ ၃ နှင့် အောက်နယ်မြေ ၄၊ ၅၊ ၆၊ ၇၊ ၈ ဟု ခွဲခြားထားသည်ဟု သိရသည်။ အပေါ် နယ်မြေမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဖြစ်ပြီး အောက်နယ်မြေမှာ မောင်းတောမြို့နယ် တောင်ပိုင်း ဖြစ်သည်။

“ နစက တပ်ဖွဲ့ဝင်တိုင်းလိုလိုက မောင်တော တောင်ပိုင်း အောက်နယ်မြေမှာ တာဝန် ထမ်းဆောင် ချင်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ပိုင်း နယ်မြေတွေ ဖြစ်တဲ့ နစက နယ်မြေ ၄ ကနေ ၈ထိ ဒေသတွေမှာ ပုဇွန်ကန်တွေ ရှိပြီး ပင်လယ်နဲ့ နီးတဲ့ အတွက် အထူးဝင်ငွေ ကောင်းပါတယ်။ အောက်ဆိုဒ်ရပါတယ်။ အဲဒီ တောင်ပိုင်း နယ်မြေတွေမှာ တာဝန်ထမ်းဆောင်လိုရင် ကျီးကန်းပြင် နစက ဌာနချုပ်က တပ်ရေးဗိုလ်ကြီးနှင့် အိုင်အို ဗိုလ်ကြီးတို့ ကို ငွေပေးရပါတယ်။ ဒီနှစ် ခေါ်ကြေးကတော့ ၃ သိန်းနဲ့ ၅ သိန်း အကြားမှာ ရှိနေပါတယ်” ဟု သူက ပြောသည်။

များမကြာမှီ ပုဇွန်ရာသီ ရောက်တော့မည် ဖြစ်သဖြင့် နစက တပ်ဖွဲ့ဝင်တိုင်း ၀င်ငွေကောင်းသော တောင်ပိုင်းနယ်မြေများသို့ ပြောင်းရွှေ့လိုသည်ဟု သိရသည်။

မောင်တော တောင်ပိုင်းတွင် တည်ရှိသော အင်းဒင်ကျေးရွာမှ ကျောင်းဆရာ တဦးက “ ကျွန်တော်တို့ တောင်ပိုင်းမှာ တာဝန် ကျနေတဲ့ သူတွေဟာ ယခင် ထောက်လှမ်းရေးတွေ ခေတ်ကောင်းတုန်းက ငွေတွေ အများကြီး ရလိုက်တဲ့ အဖွဲ့ (၁) စစ်တပ်က လူတွေ ဖြစ်ပါတယ်။ သူတို့မှာ ပုဇွန်ကန်တွေမှာ အစုစပ်ပါသလို ကိုယ်ပိုင် ပုဇွန်ကန်တွေလည်း ရှိကြပါတယ်။ ပြည်သူတွေကို ငွေချေးဌားတဲ့ အလုပ်တွေကိုလည်း လုပ်ကိုင်ကြပါတယ်။ တချို့ဆိုရင် မောင်တောတောင်ပိုင်း နယ်မြေတွေမှာ တာဝန်ကျနေတာ ၁၀ နှစ် နီးပါး ရှိနေပါပြီ။ တခါမှ မပြောင်းရွှေ့ရပါဘူး။ ခုလို မပြောင်းရွှေ့ဖို့ အတွက် နစက ဌာနချုပ်မှာ ငွေပေးရတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဆင်းရဲသော နစက တပ်ဖွဲ့ဝင်များမှာ ကင်းစောင့်ခြင်း၊ လုပ်အားပေး လုပ်ရခြင်း၊ ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ရခြင်း တို့ဖြင့် အချိန်ကုန်နေရပြီး အဆင်မပြေ ဖြစ်ကာ မ၀ရေစာ စားသောက် နေသည်ဟု သိရှိရသည်။

ငွေကြေး မတတ်နိုင်သဖြင့် ၀င်ငွေကောင်းသော နယ်မြေများသို့လည်း ပြောင်းရွှေ့ ခွင့်မရဘဲ ရှိနေကြသဖြင့် အောက်ခြေ နစက တပ်ဖွဲ့ဝင်များ အကြား မကျေနပ်မူ များလည်း တိုးပွားနေသည်ဟု သိရသည်။

No comments: