Tuesday, March 23, 2010

ကေအိုင်အေ စစ်သားများ အဖမ်းခံရခြင်းပေါ် အဖွဲ့ခေါင်းဆောင်များ တုံ့ပြန်ခြင်းမရှိ

KNG

ပြီးခဲ့တဲ့ တပတ်ကျော်က ကေအိုင်အေ စစ်သားများ အနည်းဆုံး ၈ ဦး အဖမ်းခံရတဲ့ကိစ္စပေါ် ကေအိုင်အို/ ကေအိုင်အေ ခေါင်းဆောင်ပိုင်းများ ယခုချိန်ထိ တစုံတရာတုံ့ပြန်လုပ်ဆောင်ခြင်းမရှိ ဆိတ်ငြိမ်နေမှုကို ကချင်ပြည်သူတချို့ မကျေမနပ်ဖြစ်နေကြောင်းသိရတယ်။

ယခင်ကလည်း ကေအိုင်အေ စစ်သားများကို မြန်မာစစ်တပ်များက မတရား ဖမ်းဆီးသတ်ဖြတ်တဲ့အထိ ပြုလုပ်တာတွေရှိခဲ့ပေမယ့် အဲဒီ့ကိစ္စပေါ် ကေအိုင်အို/ကေအိုင်အေ ခေါင်းဆောင်များက တစ်စုံတရာ ထိရောက်စွာတုံ့ပြန်မှုများမရှိတဲ့အတွက် အခုလို ပြည်တွင်း ပြည်ပရှိကချင်များ ဒေါထွက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုအဖမ်းခံရတဲ့ ကေအိုင်အေ စစ်သားများကို မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန် အနီးမှ မြန်မာစစ်တပ်များ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၎င်းတို့ကိုအား ဘယ်နေရာတွင် ဖမ်းဆီးထားတာကို ယခုချိန်ထိ မသိရကြောင်း ကေအိုင်အေ အရာရှိများမှ သိရပါတယ်။

မြန်မာစစ်အစိုးရက ကေအိုင်အို ပေါ် ၎င်းလက်အောက်ရှိ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ ဆက်တိုက် ဖိအားပေးနေခြင်းကြောင့် နှစ်ဖက်ကြား ပြည်တွင်းစစ်ဖြစ်လာမည့်အလား စစ်ရေးအရ တင်းမာမှုများ ဖြစ်နေတာ ဖြစ်ပါတယ်။

No comments: