Thursday, March 25, 2010

ဝ'နယ်မှ ဝန်ထမ်းနှင့် NGO များ နေရပ်ပြန်ရန် နေပြည်တော် အမိန့်ထုတ်

ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရန် ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA ဌာနချုပ် ပန်ဆန်းမြို့ရှိ အစိုးရဝန်ထမ်းများနှင့် NGO များအား နေရပ်သို့ ယနေ့နောက်ဆုံးထား ပြန်ကြရန် နေပြည်တော်မှ အမိန့်ကျလာကြောင်း တရုတ်နယ်စပ် သတင်းများအရ သိရသည်။

ပန်ဆန်းမြို့မှ စစ်အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများကို ယခုလ ၂၂ ရက်နေ့မှ စတင်၍ ၂ ရက်အတွင်း လစာပြည့်နှင့် ခွင့်ရက်ရှည်ယူပြီး ပြန်ကြရန် အမိန့်ချခဲ့ကြောင်း ရှမ်းပြည်နယ် သတင်းများကို စောင့်ကြည့်ထုတ်ပြန်နေသော ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းက ပြောဆိုသည်။

“ပန်ဆန်းမှာရှိနေတဲ့ နအဖ ဌာနပေါင်းစုံဝန်ထမ်းတွေ၊ NGO (အစိုးရမဟုတ်သော အဖွဲ့အစည်း) တွေ အပါအဝင်ပေါ့နော်။ လားရှိုး နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (နတလ)ရုံးကလည်း ပြောတယ်။ နေပြည်တော်က ဆိုင်ရာဝန်ကြီးတွေကလည်း ပြောလာတယ်လို့ သိရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ပန်ဆန်းမြို့ရှိ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့် ကြေးနန်းဌာနတို့မှ ဝန်ထမ်းအများစု ယမန်နေ့ကတည်းက “အထက်လူကြီး” က ပြန်ခိုင်းသဖြင့် ပြန်သွားကြပြီဖြစ်ကြောင်း ပန်ဆန်းမြို့ခံ တဦးကလည်း မဇ္ဈိမကို ပြောသည်။

ဝန်ထမ်းများအနေဖြင့် ခွင့်ရက်ရှည် မည်မျှကြာမည်ကိုမူ အတိအကျ မသိကြရသော်လည်း နှစ်ပေါင်း ၂ဝ အတွင်း ယခုကဲ့သို့ ခွင့်ရက်ရှည်ပေးခြင်းမျိုး မရှိခဲ့သဖြင့် ထူးခြားမှုတခုဖြစ်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

သို့သော် ပန်ဆန်းမြို့ရှိ စစ်အစိုးရတပ်ဖွဲ့အင်အား ၃ဝ-၄ဝ ခန့်ကိုမူ ရုပ်သိမ်း၊ မရုပ်သိမ်းကို မသိရသေးကြောင်းနှင့် ဒေသခံများနှင့် ကုန်သည်များ စိုးရိမ်နေသကဲ့သို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားမည်ဟု မထင်ကြောင်း သူက ဆက်ပြောသည်။

ယခုလအတွင်း ဝ' အဖွဲ့နှင့် စစ်အစိုးရကြားတွင် တင်းမာမှုများ ရှိနေပြီး နှစ်ဖက် စစ်ရေးပြင်ဆင်မှုများ ပိုမိုပြုလုပ်လာကြသည်ဟုလည်း သိရသည်။

ယခုလလည်မှစ၍ ဝ' တပ်ဖွဲ့၏ နယ်မြေဖြစ်သည့် သံလွင်မြစ် အရှေ့ဘက် ပန်လုံ (Pang Long)၊ ဝုန်ပန် (Hopang) ကားလမ်း၏ တဖက် အနောက်ဘက်ကမ်းတလျှောက်တွင် စစ်အစိုးရ တပ်မ ၅၅၊ ၇၇၊ ၉၉ တပ်များ တိုးချထားကြောင်း ဦးခွန်စိုင်းက ပြောသည်။

ထို့ပြင် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ လားဟူဌာနေ ပြည်သူ့စစ်များကို စစ်အစိုးရက ကင်းစောင့်ခိုင်းခြင်း၊ တပ်စခန်းအသစ်များ တိုးချဲ့ဆောက်လုပ်ခိုင်းခြင်းများလည်း ရှိလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ဝ' တပ်မှ တောင်းဆိုထားသည့် အချက် ၉ ချက်မှ အလျော့အတင်းပြုလုပ်ရန် တရုတ်အစိုးရက ကြားဝင်တိုက်တွန်းချက်ကို ဝ' တပ်ဖွဲ့က လက်မခံနိုင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်ဟု တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ဦးအောင်ကျော်ဇောက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ဘက် ကျိုင်းတုံမြို့ အရှေ့ပိုင်းရှိ မိုင်းပေါက်နှင့် မိုင်းဖျဲန်နယ်မြေရှိ ဝ' တပ်ကို ရုပ်သိမ်းပေးရန် တောင်းဆိုမှုကိုလည်း ဝ' တပ်ဖွဲ့မှ ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ လက်မခံဘဲ ငြင်းဆိုထားသည်ဟုလည်း ဆိုသည်။

UWSA ကို တရုတ်အစိုးရအနေဖြင့် ကြားဝင်ရောက်ပြောဆိုပေးရန် စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ယူနန်ပြည်နယ်အစိုးရထံ ယခုလ ၃ ရက်နေ့က စာတစောင်ပေးပို့ခဲ့ရာ၊ စာထဲတွင် ယခုလ ၁ဝ ရက်မတိုင်မီ ဝ' ခေါင်းဆောင်များက နယ်ခြားစောင့်တပ်အဖြစ် လက်မခံလျှင် (၁) မတရားအသင်း ကြော်ငြာမည် (၂) လက်နက်ချခိုင်းမည် (၃) တိုက်မည် ဆိုသည့် အချက်များ ပါဝင်သည်ဟုလည်း ဦးအောင်ကျော်ဇောက ပြောသည်။

၂ဝဝ၂ ခုနှစ်က လားဟူ အမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ (Lahu National Development Organisation) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဝ' ပြည်သူ ၁၂ဝ,ဝဝဝ တောင်ဘက်ပိုင်း (သံလွင်အရှေ့ခြမ်း မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်) သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ဝ' အာဏာပိုင်များကမူ လူဦးရေ ၈ သောင်းခန့်သာ ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။

ယခုလ ၁၃-၁၈ ရက်နေ့များတွင် ကျိုင်းတုံနှင့် လားရှိုးမြို့များတွင် ရုရှနိုင်ငံမှ ဝယ်ယူခဲ့သည့် MIG 29 တိုက်လေယာဉ်များ ဆင်းတက်ပြနေခြင်းသည် အပစ်ရပ်အဖွဲ့များအား ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောဆိုလိုက်သည်။

No comments: