Monday, March 22, 2010

ကင်းသမား


(က)

‘ကျွန်းပင်ကွင်း’ ရွာက… ဘီးလင်းချောင်း၏ အနောက်ဘက်ကမ်းတွင် ရှိ၏။၊ ဘီလင်း၊ နတ်ကြီး၊ ဖာပွန်ကားလမ်းက ကျွန်းပင်ကွင်းရွာ၏ အနောက်ဘက်တွင် ရှိသည်။ ချောင်းနှင့် ကားလမ်းက ရွာအား ညှပ်ထား၏။ ရွာမှ ဘီးလင်းချောင်းဖျားအတိုင်း ဆန်၍တက်လျှင်မူ … ‘မဲဝိုင်’ သို့ ရောက်၏။ ‘မဲဝိုင်’ က ရွာကြီးဖြစ်သည်။

ရွှေထွက်သဖြင့် ရွှေကျင်သူတို့ဖြင့် စည်ကား၏။ အရက်ဆိုင်ရှိ၏။ ထမင်းဆိုင်ရှိ၏။ ကုန်စုံဆိုင်ရှိ၏။ ဗီဒီယိုရုံရှိ၏။ မြန်မာပြည်မှ နွားများ ထိုင်းနယ်စပ်သို့ မောင်းနှင်ရာ မှောင်ခိုလမ်းကြောင်းဖြစ်၍ မဲဝိုင်သည် ထိုဒေသတွင်မူ …မှောင်ခိုမြို့လေး တမြို့အလား….။

ကျွန်းပင်ကွင်းရွာမှ မော်တော်ကားလမ်းအတိုင်း ဘီးလင်းဘက်သို့ ဆင်းလျှင်မူ …‘ နတ်ကြီး’ သို့ ရောက်၏။ နတ်ကြီးက စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည့် ရွာကြီးဖြစ်သည်။ စာသင်ကျောင်း ရှိ၏။ ဆေးပေးခန်း ရှိ၏။ စစ်တပ် ရှိ၏။ အမှတ် ၉၆ ခြေလျင်တပ်ရင်းမှ စစ်ကြောင်းတကြောင်းက အမြဲတမ်းထိုင်သည့် ရွာဖြစ်သည်။

ကျွန်းပင်ကွင်းမှ မော်တော်ကားလမ်းအတိုင်း ဖာပွန်ဘက်သို့ တက်လျှင်က…. ‘လဂွန်းပြို’ သို့ ရောက်၏။ လဂွန်းပြိုရွာသည်လည်း နတ်ကြီးကဲ့သို့ပင် တပ်စခန်းထိုင်သည့် ရွာဖြစ်သည်။ လဂွန်းပြိုရှိတပ်က … အမှတ် ၁၉ ခြေလျင်တပ်ရင်း ဖြစ်သည်။ ခလရ ၁၉ က ဖာပွန်တွင် တပ်ရင်းထိုင်သည့် တပ်ဖြစ်သည်။ လဂွန်းပြိုက …ဖာပွန်မြို့နယ်အတွင်း ရှိပြီး၊ နတ်ကြီးကမူ ဘီလင်းမြို့နယ်အတွင်းမှ ဖြစ်သည်။ ‘ကျွန်းပင်ကွင်း’ က ဖာပွန်နှင့် ဘီးလင်းအကြားရှိသည့် မြို့နယ် ၂ ခု၏ နယ်စပ်ရွာ….။

ဘီးလင်း၊ နတ်ကြီး၊ လဂွန်းပြို၊ ဖာပွန်လမ်းပိုင်းမှ ဖာပွန်သို့ တနှစ်စာ ဝန်ထမ်းရိက္ခာ တင်ပို့သည့် နှစ်များတွင်မူ …. ကျွန်းပင်ကွင်းသည် နအဖ၏ စစ်ကြောင်းများနှင့် မည်းမည်းလှုပ်၍ နေသည်။

ကျွန်းပင်ကွင်းရွာတွင်ပင် သူနှင့် ကျနော်တို့ စ၍တွေ့၏။ သူ၏ အိမ်က ကျွန်းပင်ကွင်းရွာအတွင်း၌ မဟုတ်…. ရွာအစွန်ရိုးချောင်းငယ်၏ တဖက်တွင် ဖြစ်သည်။ ရိုင်းချောင်းငယ်က ရွာအား အနောက်ဘက်မှ ဝိုက်၍ ပတ်ထား၏။ ရိုးချောင်း၏ တဖက်တွင်မူ …တောင်ထန်တော…။ တောင်ထန်တော စိမ်းစိမ်းညိုညိုအတွင်း၌ သူ၏ အိမ်ငယ်လေးသည် ပျောက်၍နေသည်။

သူကား…. ရွာနှင့်နီးသဖြင့် သူ၏ အိမ်တွင် ကျနော်တို့အား ညမအိပ်စေချင်။ လုံခြုံသည့် တနေရာသို့ သူလိုက်ပို့ပေးမည်ဟု ဆိုသည်။ ကျနော်တို့ကား…. လိုက်ပို့ပေးမည့်သူ့ကို အားနာ၍ နေသည်။ သူ၏ ဝဲဘက်ခြေထောက်က ဒူးဆစ်အောက်မှစ၍ ဖြတ်ထားရသည်။ လမ်းသွားလျှင် …. ဂျိုင်းထောက်နှင့် သွားရ၏။ သူ၏ ဂျိုင်းထောက်က …ဂျိုင်းထောက်ဟု ဆိုသော်လည်း… ဝါးလုံးအား ဂျိုင်းထောက်အဖြစ် ထောက်၍ သုံးခြင်းပင်…။

သူက… ပုလိုင်းငယ်တလုံးအား လွယ်၏။ ပုလိုင်းအတွင်း၌… ဘန့်ဘွေးရွက်နှင့် ဆေးရွက်ကြီး ဓားလှီးဆေးထုပ် ပါ၏။ မီးခြစ် ပါ၏။ ဓားမတိုတချောင်း ပါ၏။
အင်္ကျီဗလာနှင့် ပခုံးပေါ်သို့ လုံချည်နံငယ်ကွင်းအား တင်လိုက်ပြီး ဂျိုင်းထောက်ကိုဆွဲ၍ တဲအိမ်ငယ်လေးအတွင်းမှ ထွက်ခွာ၏။ ကျနော်တို့က သူ၏ အနောက်မှ…။ သူ၏ ခြေလှမ်းက အစိတ်အကျဲမှန်သည်။ ပျော့သော မြေသားတွင် သူ၏ ဂျိုင်းထောက်ရာက နစ်၍ထင်ကျန်ရစ်၏။


(ခ)
သူ၏ နာမည်က …‘ အတီးဖားကလိုး’ ဖြစ်သည်။ ဗုဒ္ဓဘာသာကိုးကွယ်သည့် ကရင်လူမျိုးဖြစ်၏။ ဗုဒ္ဓဘာသာကိုးကွယ်သော်လည်း ရိုးရာအရ ‘နတ်စား’ ၏။ ကျွန်းပင်ကွင်းရွာက သူ၏ ဇာတိ။ သူ၏ မိဘများကမူ ပိန္နဲတော၊ လေးကေဘက်ကဟု ဆိုသည်။ သူကား…. ကျွန်းပင်ကွင်းတွင်ပင် မွေး၊ ကျွန်းပင်ကွင်းတွင်ပင် ကြီးပြီး ကျွန်းပင်ကွင်းတွင်ပင် အိမ်ထောင်ရက်သား ကျခဲ့၏။ ယခု…. သားအကြီး ၂ ယောက်ပင် သူ့အိမ်ထောင်နှင့်သူ ဖြစ်၍နေပြီ။ တတိယမြောက်သားက တော်လှန်ရေးသမား…။ KNDO တပ်ရင်း ၁ တွင် တပ်ကြပ်ကြီး တဦးဟု ဆို၏။ အငယ်ဆုံးသားကမူ …. မြိင်ကြီးငူရှိ ‘နန်းဦးဘေးမဲ့တောရ’ ကျောင်း၌ သာမဏေဝတ်၍ နေသည်။ ထိုစဉ်က… မြိုင်ကြီးငူ ‘နန်းဦးဘေးမဲ့တောရ’ ကျောင်းဆရာတော် ဦးသုဇနက ‘မယ်ညော’ တောင်တန်းတလျှောက်တွင် ဘုရားတည်၍ သာသနာ့ပြုနေဆဲ….။

ကျနော်တို့ ‘အတီးဖားကလိုး’ နှင့် တွေ့ဆုံမိကြသည်က …၁၉၉၄ ခုနှစ်။ နွေဦး…။ ပွင့်လင်းရာသီဖြစ်သော်လည်း နဝတ စစ်ကြောင်းများ၏ လှုပ်ရှားမှုက မရှိ…။ လေးကေ… ကျသောင်းဆိပ်၊ ဖာပွန်လမ်းပိုင်းတွင်သာ …ဖာပွန်သို့ ရိက္ခာပို့နေသည့်အတွက် ယာဉ်တန်းလုံခြုံရေးအဖြစ်၊ ထိုလမ်းကြောတွင်သာ တပ်ချထား၏။

၁၉၉၁ ခုနှစ် …မာနယ်ပလော ထိုးစစ်တွင် တပ်လှန့်၍ ဦးကျိုးပြီးခဲ့သည့်နောက် …စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်မောင်လှမှ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ဦးတည်၍ အပစ်အခတ်ရပ်စဲပါသည်ဟူ၍ အရှုံးနှင့် စစ်ရပ်စဲခဲ့သည်မှစ၍ ရန်သူ့စစ်ကြောင်းများ၏ စစ်ဆင်မှုသည် KNLA တပ်မဟာ ၁ နယ်မြေအတွင်း ငြိမ်၍နေသည်။

ရွာမှ နာရီဝတ်ခန့် လျှောက်ခဲ့ကြပြီးသည့်နောက်၊ ကွမ်းသီးပင်ခြံကြီးတခုအတွင်းတွင် ကျနော်တို့ ညအိပ်ရန် နေရာချကြ၏။ ကွမ်းသီးပင်ညို့ညို့များကြောင့် နေရောင်မကွယ်ပျောက်သေးသော်လည်း အလင်းရောင်က ဖျော့၍ နေပြီ…။

‘အတီးဖားကလိုး’ က သူ၏ မိသားစုအကြောင်းအား ပြောပြ၏။ ကျနော်တို့ကား…. ‘အတီးဖားကလို’ အား စိတ်ဝင်စား၏။ အထူးသဖြင့် သူ၏ ခြေထောက်တချောင်း ဖြတ်လိုက်ရသည့်အကြောင်းအား သိချင်နေ၏။ ဖျော့သောလရောင်သည် ကွမ်းသီးပင်၏ အရွက်အလက်များအကြားမှ တိုး၍ဖျာဆင်းနေသည်။ လေရူးက …အိပဲ့ပဲ့…။ နှော့သောလေကြောင့် ကွမ်းသီးပင်၏ အလက်အရွက်တို့ကား… ယိမ်းနွဲ့၍ နေသည်။ ယိမ်းနွဲ့သော အလက်၊ အရွက်တို့နှင့်အတူ လရိပ်သည်လည်း ဆော့ကစား၍ နေ၏။ လရောင်၏ အလင်းအမှောင်သည် ကျနော်တို့ အပေါ်၌ ရွေ့လျား၍ ပြောင်းလဲနေ၏။

၁၉၇ဝ ပြည့်လွန်ကာလများတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မ.ဆ.လ က KNU တို့အား ‘ဖြတ်လေးဖြတ်’ လုပ်၍ စစ်ဆင်ရေးအား ဆင်သည်။ ကရင်လူထုနှင့် KNU အား ဖြတ်၏။ ကရင်ကျေးရွာလေးများအား မ.ဆ.လ စစ်တပ်အခြေစိုက်ရာ ရွာများတွင် စု၍၊ စစ်တပ်နှင့် ဝိုင်းထား၏။ အပြင်ထွက်မရ… မိမိတို့ရွာသို့ ပြန်မရ….။ တောင်ယာမစိုက်ရ…။ လယ်မလုပ်ရ။ ဥယျာဉ်ခြံသို့ မသွားရ…။

ထိုစဉ်က… ‘အတီးဖားကလို’ တို့ ကျွန်းပင်ကွင်းရွာသားများအား ‘လဂွန်းပြို’ တွင် စု၍ထား၏။ ဖြတ်လေးဖြတ် ကာလတလျှောက်လုံး ‘အတီးဖားကလိုး’ တို့ ကျွန်းပင်ကွင်းသို့ ပြန်မရ…။ အစားအသောက်၊ အနေအထိုင် ဒုက္ခရောက်ကြရ၏။ မည်သို့ပင် ဖြတ်ဖြတ်… KNU နှင့် ကရင်လူထုအကြား… စည်းမခြားခဲ့။ မပျက်…။ ဖြတ်သော်လည်း မပျက်…။ ပိုမို၍ပင် KNU အား ကရင်လူထုက ထောက်ခံလာခဲ့လေ၏။

ဖြတ်လေးဖြတ်နောက်ပိုင်းတွင် ကရင်လူထုသည် မ.ဆ.လ စစ်တပ်အပေါ် ဘဝအသိ၊ လက်တွေ့ခံစားမှုအရ ပိုမို၍ပင် ရွံ့မုန်းလာခဲ့ကြ၏။ ရွာသားများက မ.ဆ.လ စစ်တပ်အား အတွေ့မခံတော့…။

‘ပရော်ဟဲလီး’ ….။ ဗမာလာပြီ…ဟူသည်နှင့် ရွာသားများက အိမ်ကိုပစ်၍ ပြေးကြ၏။ ရွာတွင်း၌ မည်သူမျှ မရှိတော့…။ ကရင်လူထုနှင့် KNU အား အဆက်ပြတ်ရန် ဖြတ်သော မ.ဆ.လ သည် ကရင်လူထုက သူတို့အပေါ်၌ ပြန်၍ အဆက်ဖြတ်ခြင်းကိုသာ ရစေခဲ့၏။ သက်ရောက်မှုက ပြောင်းပြန်အချိုး…။

ဤတွင် …. မ.ဆ.လ စစ်သားများက… ရွာသားမရှိသော ရွာကြီးအတွင်း၌ ထင်တိုင်းကြဲတော့၏။ ဆန်အိုးထဲမှ ဆန်များအား စစ်ကြောင်းရိက္ခာအဖြစ် ယူ၏။ သယ်ပိုး၍ မနိုင်သည့်အဆုံး၌ ဆန်အိုးအတွင်း ကျန်နေသည့် ဆန်များအား ရေနှင့် လောင်း၍ စားမရရန် ဖျက်ဆီးပစ်ကြ၏။ ငပိအိုးအတွင်း မစင်များ စွန့်ပစ်ခဲ့ကြ၏။ တွေ့ရာမြင်ရာ ကြက်၊ ဝက်၊ တို့က… စစ်ကြောင်းအတွက် ရိက္ခာစို…။

ခေတ်များ တခေတ်ပြီး တခေတ်ပြောင်းသွားခဲ့၏။ မ.ဆ.လ မှ န.ဝ.တ …။ သို့သော် ‘အတီးဖားကလိုး’ တို့ ကြုံတွေ့နေကြရသည့် စစ်သားများကမူ မပြောင်းလဲ…။ တိုး၍ပင် ဆိုးလာသည်ဟု ဆိုရမည်။

ဤတွင်…. ရွာသားများက ရွာတွင်း၌ မည်သူတဦးတယောက်မျှ မရှိ၍ စစ်သားများက ထင်ရာလုပ်ခြင်း ဖြစ်မည်။ ဤအတွက်…. ရွာလူကြီးနှင့် စစ်ကြောင်းများလာလျှင်…. သူတို့သွားလိုရာသို့လိုက်၍ လမ်းပြပို့ဆောင်ပေးနိုင်ရန် ‘ကင်းသမား’ တဦးကို ရွာတွင် ချန်နေရစ်ပြီး၊ စစ်ကြောင်းနှင့်တွေ့၍ စစ်ကြောင်းမှ ခိုင်းစေသည်အား လုပ်ဆောင်ပေးလျှင် …ရွာအနေနှင့် သက်သာမည်ဟု သဘောရကြ၏။

ထိုစဉ်က… ကျွန်းပင်ကွင်းရွာတွင် ရွာလူကြီးအား ရွာက ရွေးချယ်၍ ခန့်အပ်ကြ၏။ ရွာ၏ ကင်းသမားကိုမူ … တအိမ်တရက် အလှည့်ကျနှင့် ကင်းသမားတာဝန် ထမ်းဆောင်ရ၏။ ခက်သည်က … စစ်ကြောင်းများနှင့် အတွေ့ခံကြသည့် ရွာလူကြီးနှင့် ကင်းသမားတို့က မသက်သာ…။ မထင်လျှင် မထင်သလို စစ်သားများ၏ အရိုက်အနှက်အား ခံကြရ၏။ အဖြေမတတ်လျှင်…. သူပုန်အားပေးသူအဖြစ်နှင့် အသက်ခံရဖွယ်ရှိ၏။ အဆုံး၌… ကျွန်းပင်ကွင်းရွာ၌ သူကြီးလုပ်မည့် သူမရှိတော့….။ ရွာလူကြီးဟောင်းတို့ကလည်း နှုတ်ထွက်ကြ၏။ ရွာလူကြီးသစ် ရွေးချယ်ရန်မှာလည်း ရွေးချယ်ခံကြမည့်သူကား မရှိ…။ အလှည့်ကျ ကင်းတာဝန် ထမ်းဆောင်ရန်၊ အလှည့်ကျသော်လည်း မထမ်းဆောင်ကြတော့….။ ‘ပရောဟဲလီး’ …၊ ဗမာလာပြီ… ဆိုသည်နှင့် ကင်းသမားသည်လည်း ပြေး၏။ အတွေ့မခံတော့…။

နောက်ဆုံးတွင်… ကျွန်းပင်ကွင်းရွာ၌ သူကြီးများအား အသက်အရွယ်ကြီးပြီး ပြောရဲ…ဆိုရဲ ရှိသည့် အမျိုးသမီးများအား သူကြီးမအဖြစ်နှင့် ရွာမှ ခန့်ရ၏။ ရွာ၏ ကင်းသမားကိုလည်း တအိမ်တရက် အလှည့်ကျစနစ် အစားကင်းသမားတဦးအား ပုံသေခန့်အပ်သွားရန် စီစဉ်ကြ၏။ ဆုံးဖြတ်ကြရ၏။ သို့နှင့်… ‘အတီးဖားကလိုး’ က ကျွန်းပင်ကွင်းရွာခန့် ကင်းသမားကြီး ဖြစ်လာ၏။ ခံစားခွင့်က နှစ်တပတ်လည်အတွက်…. ရွာသူကြီးမက စပါးအတင်း ၂ဝဝ အားပေးပြီး၊ ကင်းသမားအတွက်မူ …. စပါးတင်း ၁၅ဝ ရ၏။

‘အတီးဖားကလိုး’ က ဘန့်ဘွေးရွက်ခြောက်အား ကတော့ထိုး၍ ‘ညာသို’ အား သိပ်ထည့်ပြီး ဆေးတံဖွာသကဲ့သို့ သောက်၏။

‘ညာသို’ ဟူသည်ကား …ကရင်ဘာသာနှင့် ဆေးရွက်ကြီးအား ပါးပါးလှီးထားသည့် ဆေးသေးအား ခေါ်ခြင်းဖြစ်သည်။ ဘန့်ဘွေးရွက်ခြောက်နှင့် ဆေးရွက်ကြီး၏ မီးလောင်နံ့က စူးစူးရှရှ… စိမ်းစိမ်းရွှေရွှေနှင့်….။


(ဂ)
ရွာကင်းသမားတယောက်၏ တာဝန်က မိုးရာသီတွင်မူ အလုပ်မရှိ…။ စစ်ကြောင်းလှုပ်ရှားမှု မရှိသဖြင့်… အလုပ်ပါး၏။ ပွင့်လင်းရာသီသို့ ဝင်ရောက်လာသည်နှင့် စစ်ရေးလှုပ်ရှားမှုများက စပြီ။ ဤတွင် … ‘အတီးဖားကလိုး’ တို့ မနားရတော့…။ ကျွန်းပင်ကွင်း-မဲဝိုင်၊ ကျွန်းပင်ကွင်း-နတ်ကြီး၊ ကျွန်းပင်ကွင်း- ကျသောင်းဆိပ်၊ ကျွန်းပင်ကွင်း-လဂွန်းပြို… စသည်ဖြင့် လမ်းပြအဖြစ်နှင့် ပို့ဆောင်ပေးရတော့၏။

ကင်းသမားတို့၏ တာဝန်က …. အနီးဆုံးရွာဆက်သို့ ပို့ဆောင်ပေးရခြင်းသာ ဖြစ်၏။ ထိုရွာဆက်ရောက်လျှင် …. ထိုရွာမှ ကင်းသမားက စစ်ကြောင်းဆက်၍ သွားလိုသည့် ရွာဘက်ဆီသို့ ဆက်၍ …ဆက်၍ … လက်ဆင့်ကမ်း ပို့ပေးရန်သာ ဖြစ်၏။ သို့သော်…. အချို့စစ်ကြောင်းများက ဤသို့မဟုတ်…. သူတို့ဦးတည်ချက်၊ ရည်မှန်းချက်အား မသိလို၍ …ရွာစဉ်အတိုင်း ဆက်၍မသွား….။ ရွာများအား ကွင်း၍သွားစေ၏။ ဤအခါမျိုးတွင် ကင်းသမားသည် စစ်ကြောင်း၏ ရည်မှန်းချက်ရောက်သည်အထိ တောက်လျှောက်လိုက်၍ ပို့ဆောင်ပေးရ၏။ ထိုသို့ ကြုံပါက တပတ်၊ ၁ဝ ရက်ကြာအောင် စစ်ကြောင်းနှင့်လိုက်ပြီး လမ်းပြလုပ်ရလေပြီ။ မလွယ်…။

KNU နှင့် ကျောင်းသားအဖွဲ့များဆိုလျှင် …. ရွာချင်းဆက်ကင်းဆက်ဆီသို့ ပို့ပေးရုံသာ…။ ရက်ရှည်လိုက်ရသည်ဟူ၍ မရှိ…။

၁၉၉ဝ ခုနှစ် နွေဦး၏ တနေ့တွင်မူ …. KNLA ၊ ABSDF အဖွဲ့တွေနှင့် သူ… ခရီးရှည် လိုက်ခဲ့ရဖူး၏။ ခရီးရှည်ဟူသည်ကား… ကျွန်းပင်ကွင်းမှ ဘီးလင်းမြို့အထိ လိုက်ခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်ဝေါလ်ထဲ၊ ဗိုလ်မြင့်သိန်းတို့ ဦးဆောင်သည့် KNLA နှင့် ကျောင်းသားတပ်မတော် စစ်ကြောင်းများက…. ဘီးလင်းမြို့အား ညတွင် ဝင်၍စီးနင်း၏။ မြို့သိမ်းတိုက်ပွဲဆင်ခြင်း ဖြစ်သည်။ ‘အတီးဖားကလိုး’ က ကျောင်းသားတပ်ရင်းမှ တပ်ခွဲတခွဲနှင့်အတူ ဘီးလင်းမြို့အစွန်ရှိ ‘အဟုန်းဝ’ ရွာအနီးတွင် မြို့သိမ်းစစ်ကြောင်းများ၏ အဝင်၊ အထွက် လမ်းကြောင်း လုံခြုံရေးကင်းအဖြစ် စောင့်ကြရ၏။ သူက… ထိုတပ်ခွဲ၏ လမ်းပြကင်းသမား….။ စောင့်နေကြသည်က … နှမ်းခင်းကြီးအတွင်း ကန်သင်ရိုးအား မှေးတင်၍ စောင့်နေကြခြင်း ဖြစ်သည်။

မကြာ… မြို့သိမ်းစစ်ကြောင်းများ၏ အဆုတ်လမ်းအား ပိတ်ရန်… အမှတ် ၃ ခြေမြန်တပ်ရင်းမှ တပ်ခွဲတခွဲ ‘အဟုန်းဝ’ လမ်းကြောသို့ ဆင်းလာ၏။ စောင့်နေသည့် ကျောင်းသားတပ်ခွဲနှင့် နှမ်းခင်းကြီးအတွင်း တိုက်ပွဲဖြစ်ကြ၏။ အရေးတော်ပုံမှ လက်နက်ကိုင် တော်လှန်ရေးအား ဆင်နွှဲခဲ့သည့် မောင်ကျောင်းသားတို့က စစ်ရေးအတွေ့အကြုံ မရင့်ကျက်သေး…။

AK-47 အား အတွဲလိုက်ပစ်ကြ၏။ ပြောင်းဝမှ မီးတန်းကြီးက လင်း၍ …ထိန်၍…။ ခြောက်တောင့်ထိုး ဓာတ်မီးကြီးများ ထွန်းထားသကဲ့သို့…။ ‘အတီးဖားကလိုး’ ကပင် ထိုအမောင်ကျောင်းသား စစ်သည်တော်များအား ထိန်းရ၏။ ကြပ်မတ်ရ၏။ ညွှန်ကြားရ၏။ စီမံခန့်ခွဲရ၏။ ထိုညတိုက်ပွဲတွင် ခ.မ.ရ ၃ မှ အကြပ်တဦးနှင့် ရဲဘော်တဦး ကျဆုံးခဲ့၏။ ထားတော့….။

၁၉၉၁…။
ပွင့်လင်းရာသီ တရာသီလုံးတွင် KNLA တပ်မဟာ ၁ နယ်မြေအား ဖြတ်၍ မာနယ်ပလောသို့ ချီ၏။ ‘အတီးဖားကလိုး’ က တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့်အတူ လမ်းပြကင်းသမားအဖြစ် လိုက်ရ၏။ ကျွန်းပင်ကွင်းမှ ခွေးအိပ်တောင်ခြေရှိ ‘သာလွန်’ အထိ လိုက်ရ၏။ သာလွန်တွင် တပ်မ ၆၆ ၏ ရှေ့တန်းကွပ်ကဲရေးဌာန ထိုင်၏။ သာလွန်ရောက်သော်လည်း အတီးဖားကလိုးအား ပြန်၍ မလွှတ်သေး…။ ကင်းသမားတဦး၏ တာဝန်က ပြီးဆုံးပြီ။ သို့သော်…. အတီးဖားကလိုးတို့အား တပ်မမှ ခေါ်ထား၏။ ရေခပ်ခိုင်း၏။ တဲထိုးခိုင်း၏။ တပ်မ၏ ဘုံကျွန်အဖြစ်နှင့် ခိုင်းနေ၏။ လနှင့် ချီလာပြီ။ သောက်သုံးရေအတွက် သုံးသည့် ရေဆိပ်က အန္တရာယ်ကွင်း….။ KNLA မှ ပြောက်ကျားစောင့်၍ ပစ်သည်။ ပြောက်ကျားစောင့်ပစ်ရန် အခွင့်မသာလျှင် …. မိုင်းခင်း၏။ ဤတွင် …. သောက်သုံးရေခပ်ရေး တာဝန်အား နဝတ စစ်သားတို့ မထမ်းဆောင်ကြတော့…။ အတီးဖားကလိုးတို့ကိုသာ ခိုင်းတော့၏။ နဝတ စစ်သည်တော်များက … သူတို့ မစွမ်းဆောင်ရဲသည့် အလုပ်အား ရွာသားတို့အား ခိုင်း၏။ မတတ်နိုင်….။

တနေ့…။
နံနက်စောစောပင်… အရပ်ရပ်မှ ခေါ်လာခဲ့သည့် ကရင်အမျိုးသား ကင်းသမားများ ရေခပ်ဆင်းကြ၏။ အတီးဖားကလိုးလည်း ပါ၏။ ရေခပ်ဆင်းရင်း… အတီးဖားကလိုး နင်းမိုင်း …နင်းမိ၏။ ဘယ်ဘက်ခြေတချောင်း ဖြတ်ပစ်ခဲ့ရ၏။

ရွာအနီး ချောင်းရိုးငယ်ဆီမှ တစ်တီးတူးငှက်၏ အော်မြည်သံအား ကြားရ၏။ တစ်တီးတူးအော်မြည်သံက … အဆက်မပြတ်…။ အတီးဖားကလိုးသည် စကားအား ရပ်ပြီး… နားစွင့်နေ၏။ ဤသို့သော ညခင်း၌ တစ်တီးတူးအော်သံသည် တခုခု …ထူးခြားတတ်၏။ တစ်တီးတူးတို့ မည်သည်က …. တခုခုအား တွေ့လျှင် …. ယခုကဲ့သို့ စဉ်ဆက်မပြတ် အော်မြည်၍ နေတတ်၏။

လူလား…။ ကျွဲ၊ နွားလား….။ ကွမ်းသီးခြံအတွင်း၌မူ တိတ်ဆိတ်၍နေ၏။
‘အတီးဖားကလိုး’ တို့ကဲ့သို့ ကင်းသမားတဦးက …နယ်မြေလမ်းကြောင်း ကျွမ်းကျင်ရုံ… ကျန်းမာရေးကောင်းရုံ၊ သန်မာဖြတ်လက်ရုံ၊ သတ္တိ၊ သတိရှိရုံနှင့် မပြီး… မပြည့်စုံ….။

မိမိလိုက်ပို့ရမည့် နဝတ စစ်ကြောင်း၏ အင်အား…။ သူတို့သွားမည့် ဦးတည်ချက်ခရီးတွင် … ကော်သူ့လေတပ်များနှင့် ကျောင်းသားတပ်တို့ မည်မျှရှိသည်…။ သူတို့က… ပြောက်ကျားပစ်မည်လား….။ ချေမှုန်းရေး စစ်ဆင်မည်လား…။ ဤအခြေအနေအား သိရန်လို၏။ တွက်ဆနိုင်ရန် လို၏။ အခြေအနေအား သိမီခြုံငုံမိထားမှသာလျှင်…. လမ်းပြခေါ်ဆောင်သွားရမည့် နဝတ စစ်ကြောင်းအား မည်သည့်လမ်းမှခေါ်သွားလျှင် ပြောက်ကျားပစ်မည့် ကော်သူလေးတပ်များအတွက် ပစ်ကွင်းကောင်းမည်။ ချေမှုန်းရေးဆင်မည့် အခြေအနေ ရှိလျှင်လည်း…. မည်သည့်လမ်းမှ ခေါ်သွားလျှင် …သတ်ကွင်းအတွင်း ရောက်မည်…. စသည်တို့အား ကင်းသမားကောင်းတို့ မည်သည်က တွက်ဆနိုင်ရမည်ပင်….။

စင်စစ် ….‘အတီးဖားကလိုး’ တို့ကား…. လက်နက်မကိုင်သည့် တော်လှန်ရေးသမားကြီးများပင်….။

(ကွယ်လွန်သွားပြီးဖြစ်သည့် ကျွန်းပင်ကွင်းရွာမှ ကင်းသမားကြီး ‘အတီးဖားကလိုး’ အား အမှတ်တရ ရေးဖွဲ့ပါသည်။)


No comments: