Monday, March 29, 2010

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ

NEJ/ ၂၉ မတ် ၂ဝ၁ဝ

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

“ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းလို့ သူမလာနိုင်ဘူးတဲ့။ သူ့သဘောထားကို စာပေးလိုက်ပါတယ်။ ဦးတင်ဦးက ဖတ်ကြားပါတယ်။ သူ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီမှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တယ်တဲ့၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထားအတိုင်းပဲ သူလည်းရပ်တည်တယ်တဲ့” ဟု ဦးအောင်ရွှေ၏ စာပါအကြောင်းအရာများကို ဦးအုန်းကြိုင်က ပြန်လည်ပြောကြားသည်။

အစည်းအဝေးကို နေ့လယ် (၁၂) နာရီနှင့် မွန်းလွဲ (၂) နာရီတွင် နှစ်ပိုင်းခွဲလုပ်ပြီး ပထမပိုင်းအစည်းအဝေးတွင်ပင် အစည်းအဝေးတက်ရောက်သူများက ပါတီမှတ်ပုံမတင်ရေးအတွက် တသံတည်း သဘောထားဆန္ဒပေးကြသည့်အတွက်
မဲခွဲဆုံးဖြတ်စရာမလိုဘဲ အားလုံးတညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီး ညနေပိုင်းတွင် အစည်းအဝေးဆုံးဖြတ်ချက်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်ကြသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်လ်ဒီအနေဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပါတီကြီး ပျက်စီးသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဖွဲ့ချုပ်ဆိုတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားပြီး ကိုယ်ကျိုးစွန့် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက် ဥပဒေနဲ့ဖျက်လို့တော့ အဖွဲ့ချုပ်ကြီးက ပျက်သွားမယ်လို့ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့်မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ်အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ပါတီမှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူများသည်လည်း ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

No comments: