Wednesday, March 24, 2010

တရုတ် ဗဟိုလုံခြုံရေးအဖွဲ့ နေပြည်တော် ရောက်ရှိခဲ့

သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံတော် ဗဟိုလုံခြုံရေးဋ္ဌာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နအဖမြို့တော်သစ် နေပြည်တော်နှင့်ရန်ကုန်မြို့ များသို့ ယခုတစ်ပတ်အတွင်းသွားရောက်ခဲ့ကြောင်း စုံစမ်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း တရုတ် - ဗမာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စများအတွက်နအဖဘက်မှ ပြည်ထဲရေးဝန်ကြီး မှုခင်းစုံစမ်းရေးဋ္ဌာနမှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း နအဖအာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မတ်ခ်ျ ၂၂ ရက်နေ့တွင် တရုတ်လုံခြုံရေးအဖွဲ့သည် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာပြီး နအဖ အာဏာပိုင် များ၏ ဖိတ်ကြားချက်အရ သျှမ်းပြည် (မြောက်ပိုင်း) ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ ဆက်လက် ထွက်ခွာကြောင်း သိရသည်။

“မနေ့ကတော့ မန္တလေးကနေထွက်လာတာ လားရိုးရောက်ပြီ ဗမာအာဏာပိုင်တွေဖိတ်ကြားချက်အရ လားရှိုးကနေ လောက်ကိုင်ကို ဆက်သွားမယ်၊ လောက်ကိုင်မြို့အခြေအနေ လိုက်ပြမှာပေါ့ ” ဟု နီးစပ်သူက ပြောသည်။

၂ဝဝ၉ သြဂုတ်လကုန်ပိုင်းက ဦးဖုန်ကျားရှင်းခေါင်းဆောင်သည့် ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့အား နအဖ စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး မတည်မငြိမ် ဖြစ်ခဲ့ဖူးသည့် ကိုးကန့်ဒေသကို လိုက်လံပြသခြင်းဖြစ်ဖွယ်ရှိ ကြောင်း တရုတ်နယ်စပ်မှ အကဲခတ်တစ်ဦးကဆိုသည်။

၂ဝ၁ဝ ဇန်နဝါရီလပိုင်းအတွင်း ယခင်ကိုးကန့်တပ်ဖွဲ့ဝင်ဟောင်းများက တာရွှေထန်ရှိ နအဖစစ်စခန်းတစ်ခုကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ နအဖဘက်မှ စစ်သည် ၂ ဦးသေဆုံး၍ ၁ ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့်နှစ်နှင့် ယခု၂ဝ၁ဝ အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ပေါ်တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသားများ အပါအဝင် လူ ၁ဝ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

နောက်ထပ် ဖြစ်ရပ်တစ်ခုမှာ မတ်ခ်ျ ၁ဝ ရက်က လားရှိုးမြို့ အမှတ် ၇ ရပ်ကွက်တွင် နယ်ခြားစောင့်တပ် လက်ခံသည့် ကိုးကန့် အဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ဦးလီစန်းလုပ်ကြံခံခဲ့ရသည်။

ထိုအခြေအနေများကြောင့် ကိုးကန့်ခေါင်းဆောင်သစ် ဦးပိုင်ဆုံချိန် မိသားစုမှာလည်း တရုတ်နိုင်ငံအတွင်း နေထိုင် လျှက်ရှိကြောင်း သိရသည်။

No comments: