Thursday, March 25, 2010

မြို့ခံပြည်သူများကို အာဏာပိုင်များက ခြိမ်းခြောက်မှုများရှိလာ

ဖြိုးကြီး Thursday, 25 March 2010

ဒေသအာဏာပိုင်များက အတိုက်အခံပါတီဝင်များနှင့် ဆက်ဆံနေသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်ရှိ အတိုက်အခံအဖွဲ့ဝင်များ၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ၏ မိတ်ဆွေ အပေါင်းအသင်းများအား ပြောဆိုခြင်းဖြစ်သည်။

“ဒီလူတွေကို (၅/ည) နဲ့ အချိန်မရွေးဖမ်းဖို့ အော်ဒါထုတ်ထားပြီးသား ခင်ဗျားတို့ပါ ပါသွားချင်လို့လား ဆိုပြီး ကြံ့ခိုင်ရေးအဖွဲ့က လူတွေနဲ့ ရယကအဖွဲ့ဝင်တွေက ပြောဆိုတာတွေလုပ်တယ်” ဟု မြို့ခံတဦးက ပြောသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူများ ဝင်ထွက်သွားလာသည့် အိမ်များကို စောင့်ကြည့်ခြင်းများလည်းရှိကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“သူတို့ ဝင်ထွက်သွားလာတဲ့ အိမ်တွေ၊ အပေါင်းအသင်းတွေကို ခြိမ်းခြောက်ပြောတာတွေလုပ်တယ် တချို့လူတွေကိုဆိုရင် စောင့်ကြည့်တာတွေပါလုပ်တယ်” ဟု ပြောသည်။

ထို့အပြင် အင်္ဂပူတမြို့နယ်လုံးရှိ အိမ်ထောင်စု စာရင်းများအား အသစ်လဲရန် တအိမ်လျှင် (၇၀၀) ကျပ်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် (၁) လပိုင်းမှ စတင်ကြေညာထားပြီး အချို့နေရာများတွင် ကောက်ခံနေလျှက် ရှိသည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲကာလ နီးလာသည်နှင့်အမျှ ဒေသတွင်းအာဏာပိုင်များက ယခင်ကထက် ပိတ်ပင်တားဆီးမှုများ နည်းမျိုးစုံဖြင့်လုပ်ဆောင်လာကြောင်း မြို့ခံက ပြောသည်။

No comments: