Thursday, March 25, 2010

ဒဏ်ခတ်ပိတ်ဆို့ရေး တိုးမြှင့်ရန် တောင်းဆိုမည်ဟုလွှတ်တော်ကိုယ်စားလှယ် (၂) ဦး ပြောကြား

ရဲရင့်/ ၂၅ မတ် ၂ဝ၁ဝ

မြန်မာစစ်အုပ်စုကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု တိုးမြှင့်လုပ်ဆောင်သွားရန် ဥရောပသမဂ္ဂအပါအ၀င် မိမိတို့အစိုးရကို တင်ပြတောင်းဆိုသွားမည်ဟု ထိုင်းနယ်စပ်သို့ရောက်ရှိနေသည့် ဘယ်လ်ဂျီယံနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် (၂) ဦးက ပြောကြားသည်။

ဘားမားကမ်ပိန်း ဘယ်လ်ဂျီယံအဖွဲ့ဝင်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးဖြစ်သည့် ဆိုရှယ်လစ်ပါတီမှ Ms. Karin Lalieux နှင့် Green ပါတီမှ Ms. Juliette Boulet တို့သည် လက်ရှိမြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) အဖွဲ့နှင့် ယနေ့တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခြင်းဖြစ်သည်။


Ms. Juliette Boulet က “အန်စီယူဘီနဲ့တွေ့ပြီး ပြည်တွင်းနဲ့ ဒီဘက်ကအခြေအနေတွေကို ပိုပြီး တွေ့ရတယ်။ ဒီဘက်ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ဖိအားပေးဖို့ တောင်းဆိုတာတွေ ရှိတယ်။ ကျမတို့ ဒီကပြန်ပြီး ဘယ်လ်ဂျီယံအစိုးရကို တင်ပြမှာဖြစ်တယ်။ ဘယ်လ်ဂျီယံအစိုးရဟာ ဒီနှစ်ကုန်မှာ ဥရောပသမဂ္ဂဖြစ်မယ်ဆိုတော့ မြန်မာစစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဖိအားပေးသွားဖို့ ဒီရွေးကောက်ပွဲမတိုင်မီ ကြိုးစားသွားမယ်” ဟု ပြောသည်။

မြန်မာစစ်အုပ်စုကို ဒဏ်ခတ်အရေးယူမှုသည် တနိုင်ငံလုံးကို မထိခိုက်သည့်နည်းဖြင့် လုပ်ဆောင်၍ရသော်လည်း အချို့နိုင်ငံများက လိုက်နာဆောင်ရွက်မှုမရှိကြောင်း အမှန်တကယ်လိုက်နာပါက စစ်အုပ်စုနှင့်အပေါင်းပါများကို လုံးဝအထိနာစေမည်ဟု အန်စီယူဘီက ပြောသည်။

အန်စီယူဘီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က “နအဖကို စီးပွားရေးအရေးယူမှု အမေရိကန်ကလွဲပြီး ဒီနေ့အထိ ဘယ်သူမှမလုပ်ဘူး။ ဥရောပက အရေးယူမှုရှိတယ်ဆိုတာ ပြောနေပေမယ့် အခုထိ ကုန်တွေ သွားနေတယ်။ နိုင်ငံတနိုင်ငံကို တလ ဒေါ်လာ (၄) သန်းလောက် သွားနေသေးတယ်။ အထည်ချုပ်၊ စားသောက်ကုန်၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းမှာ ဒါတွေ ရှိနေတဲ့အတွက် ဖိအားပေးတာကို တောင်းဆိုတဲ့သူအနေနဲ့ နာမည်ပျက်ရုံသက်သက်ပဲ ရှိတယ်” ဟု ပြောသည်။

စစ်အုပ်စုကို အထိနာစေမည့်နည်းလမ်းကို ဥပမာပေးပြီး ပြောကြားရာတွင် အာမခံလုပ်ငန်းကို ပိတ်ပစ်လိုက်ပါက သင်္ဘောနှင့်လေယာဉ်များ လာရောက်တော့မည် မဟုတ်သည့်အပြင် ကုန်သည်များ၊ နိုင်ငံခြားခရီးသွားများ လာရောက်မှု ရပ်ဆိုင်းလျှင် စစ်အုပ်စုနှင့်တိုက်ရိုက်ပတ်သက်သည့် လုပ်ငန်းရှင်များအပေါ် သက်ရောက်မှုရှိပြီး အများပြည်သူအပေါ် သက်ရောက်မှုမရှိဟုလည်း ၎င်းက ပြောသည်။

ဆက်လက်၍ “နောက်တခုက ယူရိုငွေကို ပိတ်ကြည့်ပါလား ဘာဖြစ်သွားမလဲ။ မြန်မာပြည်က အလုပ်သမား လယ်သမားတွေ (၁) ယူရို၊ (၁) ဒေါ်လာတောင် မတွေ့ဖူးဘဲနဲ့ ဆုံးသွားတာတွေ အများကြီးပဲ။ ဒီငွေတွေကို ကိုင်စွဲတာက စစ်အုပ်စုနဲ့ အပေါင်းပါတွေပဲ ဖြစ်တယ်။ သူတို့ကို အမေရိကန်က ပိတ်သလို အီးယူဆုံးဖြတ်ချက်ထဲမှာပါတဲ့အတိုင်း ငွေကြေးနဲ့ပတ်သက်တဲ့ လုပ်ငန်းကို ပိတ်ပင်မှ တကယ့်ဖိအားတွေ ပေါ်လာမယ်လို့ သူတို့ကို ဆွေးနွေးလိုက်တာဖြစ်တယ်” ဟု ဦးမောင်မောင်က ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ့အရေးဆောင်ရွက်နေသည့် အဖွဲ့များအပြင် ပြည်တွင်းအိုးအိမ်မဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်များနှင့်လည်း သွားရောက်တွေ့ဆုံခဲ့သည်။

အဆိုပါအဖွဲ့ကို ဦဆောင်လာသည့် ဘားမားကမ်ပိန်းယူကေအဖွဲ့မှ နန့်ဇိုယာဖန်းက “ဘားမား ကမ်ပိန်းယူကေအဖွဲ့က မြန်မာပြည်အရေးအတွက် လှုပ်ရှားနေပြီး လန်ဒန်မှာအခြေချတယ်။ ဥရောပတခုလုံးမှာ လှုပ်ရှားနေတယ်။ လက်ရှိ မြန်မာပြည်အရေးက တိုးတက်မှုမရှိသေးဘူး။ ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ ပြန်ကြည့်တဲ့အခါ နိုင်ငံတကာရဲ့ ဖိအားပေးမှုဟာ လိုအပ်နေတဲ့အတွက် ဥရောပမှာရှိတဲ့ ပါလီမန်အမတ်တွေ၊ သတင်းသမားတွေ၊ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ နယ်စပ်ကိုလာပြီး မြန်မာ့အရေးကို သူတို့ စာနာနားလည်မှုပိုရအောင်၊ နောက်ပြီး ကုလသမဂ္ဂကတဆင့် စုံစမ်းစစ်ဆေးပြီး ကော်မရှင်တခုဖွဲ့ပြီး စစ်ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ဒီခရီးစဉ်ကို လာတာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘားမားကမ်ပိန်းယူကေ၊ ဘားမားကမ်ပိန်း ဘယ်လ်ဂျီယံနှင့် သတင်းဌာနများ၊ မြန်မာ့အရေး ဆောင်ရွက်နေသည့်အဖွဲ့ဝင်များ ပါဝင်သည်။

No comments: