Friday, March 26, 2010

အပစ်ရပ်စီးပွားရေးလုပ်ငန်းများကို နအဖ ဟန့်တား

ပေါက်ပေါက်/ ၂၆ မတ် ၂ဝ၁ဝ

တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ကိုင်နေကြသည့် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့များ၏ စီးပွားရေးလုပ်ငန်းများကို ဟန့်တားသည့်အနေဖြင့် တရုတ်လုပ်ငန်းရှင်များကို တားမြစ်ပေးရန် နအဖက တရုတ်အစိုးရအား တင်ပြထားသည်။

ဝဒေသနှင့် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းဒေသမှတဆင့် တရုတ်ပြည်အတွင်းသို့ သစ်နှင့်သတ္တုများ တင်သွင်းနေသည့် တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၏ ၀ယ်ယူမှုကို တားမြစ်ပေးရန် ယခုလ (၁၈) ရက်နေ့က မူဆယ်မြို့၌ ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်များ၏ နယ်စပ်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) က ဆွေးနွေးခဲ့သည်ဟု ရမခစစ်ဌာနချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် အပစ်ရပ်ဒေသအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှု မပြုရန် တရုတ်နိုင်ငံသားများအား ဆော်သြအသိပေးရန်အတွက်လည်း ရမခက ဆွေးနွေးခဲ့သည်ဟု အဆိုပါ နီးစပ်သူက ပြောသည်။

၎င်းက “သစ်တွေ ခိုးထုတ်နေတာကိုလည်း တရုတ်ဘက်က တရားမဝင် ဝယ်နေတယ်။ ဒါကို တားပေးရမယ်ပေါ့။ ကိုးကန့်နဲ့ ဝဒေသထဲမှာလည်း ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ပေါ့။ ကိုးကန့်ဟာ နယ်ခြားစောင့်တပ်အသွင်ပြောင်းပြီးပြီ၊ ဝတပ်ဖွဲ့ဆိုရင်လည်း အပစ်ရပ်စဲရေးလုပ်ထားတုန်းပေါ့။ အစိုးရအဖွဲ့တွေ မဟုတ်တဲ့အတွက် အစိုးရနဲ့သာ ဆက်သွယ်ပြီးလုပ်မှ တရားဝင်မယ်ဆိုပြီး ပြောထားတယ်” ဟု ရှင်းပြသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ယခင် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ယခင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် ထိန်းချုပ်ရာဒေသတို့တွင် တရုတ်နိုင်ငံသားများပိုင် ကုမ္ပဏီများက စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။

နယ်ခြားစောင့်တပ်လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များအတွင်း တရုတ်နိုင်ငံသားများနှင့်ဆက်စပ်သည့် လုပ်ငန်းများအား တားဆီးကာ ယင်းအဖွဲ့များ ဝင်ငွေရရှိနေကြသည့်အပေါ် နအဖဘက်က ဟန့်တားနိုင်ခြင်းဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဖိအားပေးပုံရသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “အပစ်ရပ် လုပ်ကတည်းက အဲလိုစီးပွားရေးတွေ ရှိနေတာ။ အဲဒီတုန်းက ဘာမှမပြောဘူး။ ခွင့်ပြုထားတယ်။ အခုမှ ဖိအားပေးတာ။ အဓိကတော့ ကေအိုင်အို၊ ဝနဲ့ မိုင်းလားအဖွဲ့တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို တားဆီးချင်တာ။ သစ်ဆိုတာကလည်း ကေအိုင်အို နယ်မြေဖြတ်ပြီး သယ်နေရတာရှိတယ်။ ဝနဲ့ မိုင်းလားတို့ဘက်မှာလည်း တရုတ်ကုမ္ပဏီတွေ (၅ဝ) လောက်ရှိမယ်။ ရာဘာ၊ သစ်သီးခြံတွေ လုပ်နေတာ။ ဝဘက်က သစ်နဲ့ သတ္တုတွေ ထုတ်တာရှိတယ်” ဟု ပြောသည်။

No comments: