Tuesday, March 23, 2010

ရန်ကုန်သင်္ကြန် နေပြည်တော်လောက်မစည်ရန် အမိန့်ထုတ်

မျိုးချစ်သူ

ရန်ကုန်သင်္ကြန်ကို နေပြည်တော်ကဲ့သို့ စည်ကားစေရန် မလုပ်ဆောင်ရဟူ၍ နေပြည်တော်က အမိန့်ထုတ်ပြန်ထားပြီး ယခုနှစ် ရန်ကုန်သင်္ကြန်တွင် စည်းကမ်းအလွန်တင်းကျပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း တယကမှ တာဝန်ရှိသူက ပြောသည်။


“မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့်တင်ကြတဲ့အခါ မဏ္ဍပ်တည်ဆောက်မယ့်သူတွေကို စည်းကမ်းတွေသတ်မှတ်မယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ မဏ္ဍပ်မျိုးကို မဆောက်ရဘူး။ မဏ္ဍပ်တွေမှာ ရေပက်သူတွေက မြန်မာ့ရိုးရာနဲ့မညီဘူးဆိုရင် စစ်ဆေးရေးအဖွဲ့တွေက လှည့်နေရင်းတွေ့ရင် ချက်ချင်းအဲဒီမဏ္ဍပ်ကို ပိတ်ခိုင်းမယ်” ဟု ယင်း တယက အရာရှိကြီးက ပြောသည်။

သင်္ကြန်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များအား စည်းကမ်းများ ပိုမိုတိုးမြှင့်တင်းကျပ်မည်ဖြစ်ကြောင်း၊ သင်္ကြန်ရက်အတွင်းတွင် လုံခြုံရေးများ ချထားမည်ဖြစ်ကာ ၎င်းတို့က မြို့အနှံ့ကို လှည့်နေမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရခြင်းကြောင့် ရန်ကုန်တွင် မဏ္ဍပ်တည်ဆောက်မည့်သူများ လျော့ပါးသွားကာ စည်ကားခြင်းမရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါ တယက အရာရှိက ပြောသည်။

“စည်းကမ်းတင်းလိုက်ရင် ဘယ်သူက ငွေကုန်ကြေးကျခံပြီးတော့ ဆောက်တော့မလဲ။ နေပြည်တော်သင်္ကြန်ကို ဒီနှစ်မှာ အရမ်းစည်ကားအောင် လုပ်နေတယ်လေ။ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ မြို့တော်မဟုတ်တော့ဘူး။ အဲဒီအတွက် အခုလို လုပ်နေတာပဲ။ ဒီနှစ်မှာတော့ နေပြည်တော်မှာ နာမည်ကြီး မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေကို မလာမနေရ ခေါ်ထားတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဧပြီလအတွင်းကျရောက်မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလတွင် ရန်ကုန်၌ စည်းကမ်းများ တင်းကျပ်မည်ဖြစ်သောကြောင့် ယခင်နှစ်များနှင့်မတူ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း တယက က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်သင်္ကြန်အတွက် ပိုမိုတင်းကျပ်သောစည်းကမ်းများ မည်သို့သတ်မှတ်မည်ကို အသေးစိတ် မကြေညာသေးကြောင်း၊ မဏ္ဍပ်ဆောက်မည့်သူများသည် ယခု မတ်လကုန်တွင် တယကကို ဆက်သွယ်နိုင်ကြောင်း ရန်ကုန်တိုင်း တယက က တရားဝင် သတင်းထုတ်ပြန်သည်။

“ရန်ကုန်ကတော့ ခြောက်ကပ်ကပ်ဖြစ်နေမလား မပြောတတ်တော့ဘူး။ နေပြည်တော်မှာ မဏ္ဍပ်တွေအများကြီးနဲ့ သင်္ကြန်ကို စည်ကားအောင် လုပ်မယ် ပြောနေတာပဲ။ ဒါပေမယ့် ရန်ကုန်ဆိုတာ မြန်မာတနိုင်ငံလုံးရဲ့ အကြီးဆုံးမြို့ပဲ။ ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် ကျနော်တို့လို လူငယ်တွေကတော့ သင်္ကြန်ကို ရန်ကုန်မှာပဲ ကျင်းပမယ်” ဟု အင်းလျားလမ်းတွင် နှစ်စဉ် မဏ္ဍပ်ထိုင် ရေကစားခဲ့သူ အသက် (၂၀) ကျော် လူငယ်တဦးက ပြောသည်။

ယခုနှစ် ရန်ကုန်တွင်ဆောက်လုပ်မည့် မဏ္ဍပ်များတွင် ဘီယာ၊ အရက်၊ စီးကရက်ကြော်ငြာများလည်း မကြော်ငြာရဟု ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အရာထမ်းတဦးက ပြောသည်။

No comments: