Thursday, March 25, 2010

ရဲတပ်ကြပ် တစ်ဦး မိမိ ကိုယ်ကို အဆုံး စီရင်

Narinjara News

ခိုင်သိန်း (နိရဉ္စရာ) ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရှင်တောင် ပိုက်ဆိပ် ရဲစခန်းတွင် ရဲတပ်ကြပ်ကြီး တဦး မတ်လ ၁၃ ရက်နေ့က မိမိကိုယ်ကို အဆုံး စီရင်သွားကြောင်း သတင်းရရှိသည်။

အဆုံးစီရင်သွားသူ ရဲတပ်ကြပ်မှာ သောင်းထွန်းဖြစ်ပြီး အထက်အရာရှိနှင့် စကားများရာမှ နောက်ပိုင်းတွင် မိမိသေနတ်ဖြင့် မိမိ ကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြစ်ပျက်ပုံကို ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

“ကိုယ့်ကိုယ်ကို သတ်သေသွားတာက တပ်ကြပ် သောင်းထွန်းပါ။ အဓိက ငွေဝေစု ခွဲဝေတဲ့ အခါ မညီမျှတဲ့ ပြဿနာပါဘဲ။ ဒုရဲအုပ် မောင်ကြည်က လူတွေရှေ့မှာ တပ်ကြပ် သောင်းထွန်းကို ကြိမ်းမောင်း ဆဲဆိုပါတယ်။ အဲဒါကို အရှက်ရပြီး သူ့ကိုယ်သူ သတ်သေသွားတာဖြစ်ပါတယ်။”

ရှင်တောင် ပိုက်ဆိပ်တွင် ရဲရံပုံငွေ အတွက် ပိုက်ဆိပ်က ထွက်သော ငါး၊ ငပိနှင့် ပုဇွန်များကို တံငါသည်များထံမှ ၀ယ်ယူရန် ငါး အ၀ယ်ဒိုင်တခု ဖွင့်ထားသည်။ ထိုသို့ ငါးများ ပုဇွန်များကို ၀ယ်ယူရာတွင် ရဲတပ်ဖွဲ့ ဈေးနှိမ် ၀ယ်ယူပြီး အပြင်တွင် ရောင်းချကြသည်ဟု သိရသည်။

၎င်းပြင် ကျေးရွာသားက “ ရဲတပ်ကြပ် သောင်းထွန်းရော စခန်းမှူး ဒုရဲအုပ် မောင်ကြည်ပါ ခုလို ရေလုပ်သားတွေဆီက ခေါင်းပုံဖြတ် အမြတ်ကြီးစားနေတဲ့အတွက် တော်တော်ကို ချမ်းသာနေကြပါပြီ။ နောက်တော့ သူက အများရတယ်။ ငါက အနည်းစားရတယ်ဆိုပီး လူတွေရှေ့မှာ အချင်းချင်း စကားများကြရာကနေ ခုလို အခြေ အနေထိ ရောက်သွားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြေပုံမြို့နယ် ရဲစခန်းမှူး ကျော်သက်က အဆိုပါ ဖြစ်စဉ်အား စစ်တွေမြို့ ပြည်နယ် ရဲမှူးကြီးထံ အစီရင်ခံပြီးနောက် ဒုရဲအုပ် မောင်ကြည်ကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။ အခင်းဖြစ်ပွားသော ရှင်တောင် ပိုက်ဆိပ်မှာ မြေပုံမြို့မှ ၁၀ မိုင်ခန့်ကွာဝေးတွင်တည်ရှိပြီး ၎င်းဒေသမှ ထွက်သော ငါး၊ ငပိ၊ ငါးခြောက်နှင့်ရွှေပုဇွန်များကို ရှင်တောင် ရဲစခန်းမှ ရဲရံပုံငွေ အတွက်ဟု အကြောင်းပြပြီး ရေလုပ်သားများထံမှ ဈေးနှိမ်ဝယ် ယူကာ ရန်ကုန်၊ မန္တလေး၊ ကျောက်ဖြူ၊ စစ်တွေနှင့် တခြား မြို့ကြီးများသို့ တင်ပို့ရောင်းချနေသည်။

ယခုအခါ ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် တပ်စွဲထားသော စစ်တပ်၊ ရေတပ်နှင့် ရဲစခန်းများမှ အထက် အရာရှိများသည် ဒေသအတွင်းက စီးပွားရေး လုပ်ငန်းများတွင် နည်းမျိုးစုံဖြင့် ပါဝင် ပတ်သက်ပြီး ရရှိလာသော အကျိုးအမြတ်များကို မိမိကိုယ်ကျိုး အတွက် အသုံး ပြုနေကြသောကြောင့် လက်အောက် ငယ်သားများကြားထဲတွင် မကျေနပ်မှုများ အထူး တိုးပွားနေသည်ဟု ဌာနဆိုင်ရာ သတင်း ရပ်ကွက်များအရ သိရှိရသည်။


No comments: