Monday, March 29, 2010

NLD မွန်ပြည်နယ် NO ဘဲ

မွန်ကရက်၊ ကောင်းဝါ

NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ် မွန်ပြည်နယ်စည်းရုံးရေးအဖွဲ့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ၏ အထူးအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်၌ မွန်ပြည်နယ်ဥက္ကဌ ဦးလွန်းတင်၏နေအိမ်(ရန်ကုန်)တွင် ကျင်းပခဲ့ရာ ရွေးကောက်ပွဲမဝင်ရေး၊ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်သည်ဟုသိရသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးလွန်းတင်၊ ဦးဉာဏ်ဝင်း အပါအ၀င် မွန်ပြည်နယ်မှ ဗဟိုဦးစီးအဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပြီးနောက် ပါတီ၏မူလ ချမှတ်ထားသောမူဝါဒနှင့် ရွှေဂုံတိုင်ကျေညာချက်များအတိုင်း ရပ်တည်သွားကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲဆန္ဒနယ် (၂၀) ရှိသည့်အနက် NLD ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ် (၁၆) နေရာအနိုင်ရရှိခဲ့ပြီး မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ MNDF ကျန်မဲဆန္ဒနယ် (၄) နေရာရရှိခဲ့သည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင်လည်း ၂၀၁၀ ရွေးကောက်ပွဲမဝင်ဟုဆုံးဖြတ်ချက် ချခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အလားတူ NLD မကွေးတိုင်းအဖွဲ့ဝင်များလည်း ရွေးကောက်ပွဲမဝင်ရန် ပြီးခဲ့သည့်မတ်လ(၂၆) ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်ကို သတင်းဌာနများတွင် ဖေါ်ပြကြသည်။

ထို့အတူ NLD ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်လူငယ်ထုကလည်း ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

စစ်အစိုးရတရားဝင်ကျင်းပခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ၌ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၈၅) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ (၃၉၂)ဦး အပြတ်အသပ် အနိုင်ရရွေးချယ်ခံခဲ့ရသော်လည်း တိုင်းပြည်၏အာဏာလွှဲအပ်ပေးရန် အနှစ်နှစ်ဆယ်ခန့်စစ်အစိုးရငြင်းပယ်ထားဆဲဖြစ်ပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲအသစ်တစ်ခု ထပ်မံပြုလုပ်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်။

မနက်ဖြန်တွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးမဝင်ရေး၊ ပါတီမှတ်ပုံတင်မတင်ရေးနှင့် ပတ်သက်ပြီး NLD ဗဟိုထိပ်တန်းခေါင်းဆောင်များ နောက်ဆုံးဆွေးနွေးအတည်ပြုကြမည်ဟု သတင်းများတွင် ရေးသားဖေါ်ပြကြသည်။


No comments: