Tuesday, March 30, 2010

မန္တလေး-မြစ်ကြီးနားလမ်းပေါ် ထူးဆန်းသည့် ကုန်ရထား ပြေးဆွဲနေ

ခိုင်လင်း/ ၃၀ မတ် ၂ဝ၁ဝ

ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် ကုန်ရထားတစီး ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေသဖြင့် ပြည်သူများက စိတ်ဝင်စားနေကြကြောင်း သိရသည်။

အလုံပိတ် ကုန်တင်တွဲ (၁ဝ) တွဲခန့်ပါဝင်သည့် အဆိုပါရထားသည် ကချင်ပြည်နယ်အတွင်းရှိ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း စသည့်မြို့များတွင် ရပ်နားခြင်း မရှိသလောက်ဖြစ်သည့်အတွက် မီးရထားဝန်ထမ်းများပင် နားမလည်နိုင်ဘဲ ဖြစ်နေကြကြောင်း ရထားဝန်ထမ်းများနှင့် နီးစပ်သူ မိုးညှင်းမြို့ခံတဦးက ပြောသည်။

၎င်းက “မီးရထားဝန်ထမ်းတွေကတော့ ဒေါ်ကြိုင်ကြိုင် ရထားဆိုပြီး နာမည်ပေးထားတယ်။ ဘယ်ဘူတာမှ မရပ်ဘူး၊ ဘာပစ္စည်းတွေ တင်ခဲ့မှန်းလည်း မသိဘူး။ ပုံမှန်ကုန်တင်တွဲလို မဟုတ်ဘူး။ တွဲက နီညိုရောင်။ အဲလို ကုန်တွဲမျိုးကော၊ စက်ခေါင်းမျိုးကော ကျနော့်တသက် တခါမှ မမြင်ဖူးဘူး။ အထူးအမြန်တို့၊ တရုတ်ရထားတို့တောင် သူ့အလာကို စောင့်ပေးနေရတယ်။ မြစ်ကြီးနားဘက်ကနေ ပြန်ခေါက်လာ၊ ပြီးတော့ ပြန်တက်၊ လွန်းပြန်သွားနေတာ။ မန္တလေးဘက်က လာတယ်သာပြောတာ၊ ဘယ်ဘူတာက ထွက်လာမှန်းလည်း မသိဘူး။ ကချင်ပြည်နယ်ထဲမှာတော့ ဘယ်မှမရပ်တာ သေချာတယ်။ မြစ်ကြီးနားကိုရောက်ပြီး ပြန်ခေါက်လာတာ” ဟု ပြောသည်။

မြစ်ကြီးနား-မန္တလေး လမ်းပေါ်တွင် မြစ်ကြီးနားသို့ လူစီးရထားနှင့် ကုန်ရထားများ တနေ့ (၅) စီးခန့် နေ့စဉ် ဆန်တက်နေရာ လူသုံးကုန်ပစ္စည်း အထူးသီးသန့်ပို့စရာ မလိုသည့်အတွက် သာမန်လူသုံးကုန်ပစ္စည်းများထက် အရေးကြီးပစ္စည်းများသာ ဖြစ်နိုင်ကြောင်း မီးရထားဝန်ထမ်းများကလည်း ခန့်မှန်းပြောဆိုနေကြသည်ဟု အဆိုပါ မိုးညှင်းဒေသခံက ပြောသည်။

၎င်းက “အခုကုန်ရထားက မြစ်ကြီးနားအတွက် သီးသန့်ကုန်ရထားဖြစ်နေတာ။ မြစ်ကြီးနားက နေ့ချင်း၊ ညချင်း လူတိုးပွားလာတာ မဟုတ်တဲ့အတွက် ကုန်ပစ္စည်းတွေတော့ သယ်တာမဟုတ်ဘူးပေါ့။ အနည်းဆုံး တပတ် (၂) ခေါက်လောက် သွားနေတော့ အဲလောက် ဖြုန်းအားမရှိတာရယ်၊ ဘူတာတွေမှာ မရပ်တာရယ်ကိုကြည့်ရင် အရေးကြီးတဲ့ဟာ သယ်နေတာတော့ သေချာတယ်ပေါ့။ ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဇနီးနာမည် ဒေါ်ကြိုင်ကြိုင်ဆိုပြီး နာမည်ပေးထားကြတာ” ဟု ပြောသည်။

အဆိုပါကုန်ရထားတွင် စစ်သားအစောင့်အရှောက်များ လိုက်လာခြင်းမရှိသည့်အတွက် အရေးကြီး စစ်လက်နက်ပစ္စည်းများ တင်ဆောင်နိုင်ခြင်းမရှိသော်လည်း ခရိုင်၊ မြို့နယ်အဆင့် ရုံးစိုက်ရာ မြို့များတွင် မရပ်နားသည့်အတွက် ဒေသခံများအကြား ထူးဆန်းအံ့သြနေကြသည်။

No comments: