Monday, April 4, 2011

လာပြန်ပြီ မြဝတီတခု

ရဲဘော်ဖိုးသံချောင်း

ဗမာပြည်မီဒီယာလောကမှာ မြဝတီတခုတိုးပြန်ပြီ။ ဒီတခါပေါ်လာတာက သတင်းစာအဖြစ်နဲ့ပါ။

သမိုင်းကိုပြန်ကြည့်လိုက်ရင် ဗမာပြည်မီဒီယာလောကမှာ မြဝတီဆိုတဲ့ အသုံးအနှုန်းကို စစ်အုပ်စုအဆက်ဆက်က မောင်ပိုင်စီးထားသလို ရှိခဲ့ပါတယ်။ စပေါ်လာတာကိုက ၁၉၅၂ခုနှစ်၊ နိုဝင်ဘာလ။ ပြည်တွင်းစစ် အရှိန်အဟုန်မြင့် နေချိန်မှာ စစ်တပ်နဲ့ဆိုရှယ်လစ်အစုရဲ့ အပြုတ်တိုက်ရေးလမ်းစဉ်ကို ဝါဒဖြန့်ဖို့အတွက် သီးသန့်အစီအစဉ်တခုအနေနဲ့ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ စီစဉ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ထုတ်တဲ့ရည်ရွယ်ချက်ဟာ စစ်တပ်က ရွာတွေကိုမီးရှို့၊ လုယက်၊ အမျိုးသမီးတွေကို ဗလက္ကာယပြုနေတာတွေကို ဖုံးကွယ်၊ ကာကွယ်ဖို့နဲ့ သူတို့ကိုလက်နက်ကိုင် ဆန့်ကျင် သူတွေကို အပုပ်ချတိုက်ခိုက်ရေးဖြစ်ပါတယ်။ အောင်မာဃလိုထိုးစစ်ကြီးတွေမှာ အဓိကဝါဒဖြန့်ချိသူအဖြစ်ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းဆိုရင်မမှားပါဘူး။

“စာဆိုစစ်သည်”မြဝတီဦးစရဲ့ နာမည်ကိုယူထားတဲ့ ဒီမဂ္ဂဇင်းကို တပ်မတော်ကထုတ်ဝေတယ်ဆိုပေမယ့် ဒီမဂ္ဂဇင်းကို ဦးစီးသူကသာ စစ်တပ်ကဖြစ်ပြီး လက်တွေ့လုပ်ဆောင်သူတွေက စာရေးစာသားကောင်းတဲ့ လက်နက်ချတွေ၊ ခြံကူးတွေက အဓိက ဖြစ်ပါတယ်(နာမည်တွေမရေးတော့ပါ)။ ဒါ့အပြင် မြေပေါ်-မြေအောက်လက်နက်ချသူတွေကို လက်နက်ချကြောင်း ကြေညာဖို့အတွက်လဲ ဒီမဂ္ဂဇင်းဟာစင်မြင့်တခုဖြစ်ခဲ့ပါတယ်။ ကိုယ်မူလယုံကြည်ခဲ့တာကို စွန့်လွှတ်ပြီဖြစ်ပါကြောင်း၊ အစိုးရကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ဖြင့် လမ်းခွဲလိုက်ပြီဖြစ်ပါကြောင်း မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကနေ သဏ္ဌာန် အမျိုးမျိုးနဲ့ကြေညာနိုင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေ၊ သူပုန်တွေကိုစစ်ကြောရေးမှာစစ်ပြီးနောက် လွတ်ချင်ရင် မြဝတီထဲမှာဆောင်းပါးရေးမလားဆိုတာမျိုး မေးတတ်ပါတယ်။ ဆိုလိုတာ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကနေ ခံဝန်ကတိပေးခိုင်းတာပါ။

ဒီမဂ္ဂဇင်း ထဲမှာစစ်တပ်နဲ့ပတ်သက်သူတွေ၊ စစ်တပ်ကိုမလွန်ဆန်နိုင်သူတွေ ဝင်ရေးကြတာလဲရှိပါတယ်။ ဒါပေမဲ့ ဖဆပလနဲ့စစ်အုပ်စုလုပ်နေတာတွေကို မကျေနပ်သူတွေကတော့ ဒီမဂ္ဂဇင်းထဲမှာ ဝင်မရေးကြပါဘူး။ ဒါကြောင့် အဲဒီအခါက မြဝတီမဂ္ဂဇင်းထဲမှာဝင်ရေးမရေးဆိုတာဟာ စံတခုလိုတောင်ဖြစ်နေခဲ့ပါတယ်။ မြဝတီမဂ္ဂဇင်း ပေါ်ထွက်လာတဲ့အချိန်ဟာ ဗမာပြည်အရှေ့ပိုင်းမှာ ကူမင်တန်ကျူးကျော်မှု အခြေအနေ ဆိုးဝါးနေချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ မြဝတီမဂ္ဂဇင်းဟာ ကူမင်တန် တိုက်ခိုက်ရေးကို ကျွဲကူးရေပါလောက်သာ သဘောထားလုပ်ခဲ့ပြီး အဓိကကတော့ ပြည်တွင်းစစ်အပြုတ်တိုက်ရေးအတွက် အတွေးအခေါ်ရေး၊ နိုင်ငံရေးခံကတုတ်ကြီးအဖြစ် ရပ်တည်ခဲ့ပါတယ်။ ကူမင်တန်နဲ့တိုက်ပွဲတွေမှာ သူတို့အနိုင်ရတာ လောက်ကိုသာအသားပေးဖော်ပြပြီး ကူမင်တန်နောက်ကွယ်က ဆီးတိုးအုပ်စုကိုတော့ ဘာမှမဖော်ပြခဲ့ပါဘူး။ သူတို့ဟာ အာဏာရအသိုင်းအဝိုင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာဖြစ်တဲ့အတွက် သူတို့ကစာမူခတွေ၊ တခြားအခွင့်အရေးတွေနဲ့ စာရေးသူတွေကို ဆွဲဆောင်တာတွေ လုပ်ခဲ့သလို တခြားပြိုင်ဘက်မီဒီယာတွေကို ကြော်ငြာမရအောင်လုပ်တာစတဲ့ နည်းတွေနဲ့ မတရားအနိုင်ကျင့်တာတွေလဲ လုပ်ခဲ့ပါတယ်။ တခြားမဂ္ဂဇင်းတွေထက် အများကြီးပိုထူ၊ ဘလောက်တွေပို သုံးပြီး ဈေးနှုန်းကျတော့ သူများနဲ့အတူတူ နှစ်ကျပ်ပဲသတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြဝတီမဂ္ဂဇင်းရဲ့အရေးကြီးတဲ့ တာ ဝန်တရပ်ကတော့ စာပေလောကသားတွေအကြား လူမွေးတာ၊ တပါထဲမှာ သပ်လျှိုဖြိုခွဲတာပဲဖြစ်ပါတယ်။

တကယ်ကျတော့ လွတ်လပ်ရေးခေတ်နောက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ မဂ္ဂဇင်းတွေဟာ စာပေမဂ္ဂဇင်းတွေသာဖြစ် ပါတယ်။ ဒါပေမဲ့ မြဝတီကတော့ ပြောင်ကြေညာထားတဲ့ နိုင်ငံရေးတပိုင်းမဂ္ဂဇင်းလို ဖြစ်နေခဲ့ပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်အတွက် စာပေကိုအကာအကွယ်ယူထားတာပါ။ တချိန်ထဲမှာ ပြောလို့ရတာက စစ်တပ်ကမြဝတီကို ထုတ်ဝေလိုက်တာဟာ စစ်တပ်ဟာ နိုင်ငံရေးလုပ်ငန်းလုပ်ပြီလို့ကြေညာလိုက်တဲ့သဘောဖြစ်ပါတယ်။

အဲဒီနောက်ပေါ်ထွက်လာတဲ့ စစ်တပ် မီဒီယာကတော့ တောင်ကြီးကနေအသံလွှင့်တဲ့ သဇင်ဆိုတဲ့ ရေဒီယိုအသံလွှင့် ဌာနပဲဖြစ်ပါတယ်။ စစ်တပ်က သူ့ဖာသာစီစဉ်ထုတ်လွှင့်တာပါပဲ။ အဲဒါက ၁၉၅၈ခုနှစ်အာဏာသိမ်းပွဲကနေ ဆက်ပေါ်လာတဲ့ အရာဖြစ်ပါတယ်။ ဒီအသံလွှင့်ဌာနကလဲ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေသူတွေကို ဦးတည်တာပါပဲ။ သူ့ခေတ်ကျတော့ ဦးတည်ရန်သူစာရင်းထဲမှာ တိုင်းရင်း သားလက်နက်ကိုင်တွေ ပိုတိုးလာပါတယ်။ အဲဒီအချိန်မှာရှမ်းပြည်နယ်ဟာ လက်နက်ကိုင်စစ်မြေပြင်ကြီးဖြစ်နေပါပြီ။

တခါ နဝတနဲ့နအဖအကူးခေတ်မှာတော့ မြဝတီအသံလွှင့်ဌာန၊ မြဝတီရုပ်မြင်သံကြား ဆိုတာတွေပေါ်လာခဲ့ပါတယ်။ ဒါတွေဟာလဲ စစ်တပ်အာဘော်၊ စစ်တပ်အသံသက်သက်သာဖြစ်ပါတယ်။

ဒီမြဝတီမဂ္ဂဇင်းနဲ့သဇင်အသံလွှင့်ဌာနတို့ရဲ့ အဓိကထူးခြားချက်ကတော့ တည်ရှိနေတဲ့အစိုးရရဲ့ အချုပ်အကိုင်မခံတဲ့၊ စစ်တပ်ကိုအုပ်စီးထားသူတွေကိုသာကိုယ်စားပြုတဲ့ အာဏာစင်ပြိုင်မီဒီယာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ၁၉၅ဝစုနှစ်များ အတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ပြည်သူလူထုကြီးရဲ့ဖိအားကြောင့် ဦးနုကပြည်တွင်းစစ်ရပ်စဲရေးကို စဉ်းစား နေချိန်မှာ မြဝတီမဂ္ဂဇင်းဟာ ဦးနုကိုဖိအားပေး (အကြပ်ကိုင်တာလို့ဆိုရမလား)တာတွေလုပ်ခဲ့ပါတယ်။ ဦးနုရဲ့ သဘော တူညီချက်မယူပဲ သူတို့ရဲ့အပြုတ်တိုက်ရေးလမ်းစဉ်ကို အကျယ်အပြန့်ဝါဒဖြန့်ပါတယ်။ ဒါ့အပြင် ဖဆပလအကွဲအပြဲမှာ မီးလောင်ရာလေပင့်အခန်းက ပါခဲ့ပါတယ်။ ဦးနုကိုပယ်ပယ်နယ်နယ်ချတဲ့ ရန်ကုန်ဘဆွေရဲ့“ကိုကြီးကောင်းပြဇာတ်” လိုဟာမျိုးတွေဟာ မြဝတီမဂ္ဂဇင်းရဲ့စံကျတဲ့ ပေါ်လစီစာမူတွေဖြစ်ပါတယ်။ ပြည်သူလူထုဟာအုပ်စိုးသူတွေဆီက တချိန် ထဲမှာ နှစ်သံကြားနေရတဲ့ ကာလများလို့ ဆိုနိုင်ပါတယ်။

အခုနောက်ဆုံး နအဖစစ်အုပ်စုကဖော်ထုတ်လိုက်တဲ့ မြဝတီသတင်းစာဆိုတာဟာ သူတို့ရဲ့ရွေးကောက်ပွဲ၊ လွှတ် တော်ဆိုတာတွေ ပေါ်ထွက်လာတာနဲ့ တဆက်ထဲဖြစ်နေပါတယ်။ နအဖစစ်အုပ်စုရဲ့အာဘော်သက်သက် ဖြစ်မယ်ဆိုတာ ဘယ်သူမှသံသယမရှိ၊ အငြင်းမပွားပါဘူး။ မေးစရာရှိတာက အခုလို သတင်းစာတစောင် ထပ်ထုတ်ရအောင် အခုထုတ်နေတဲ့ ကြေးမုံ၊ မြန်မာ့အလင်းစတာ တို့နဲ့တင် စစ်အုပ်စုဝါဒဖြန့်ချိရေးက မလုံလောက်တော့လို့လား။ ဒီသတင်းစာတွေက သူတို့စကားနားမထောင်လို့လား။ ဒါမှမဟုတ် သမ္မတရဲ့သတင်းစာနဲ့ စစ်တပ်ရဲ့ သတင်းစာရယ်လို့ ကွဲပြားကြတော့မှာမို့လား။ ဗမာပြည်နိုင်ငံရေးနဲ့ မီဒီယာမှာ ကြည့်တတ်သူများအဖို့ စိတ်ဝင်စားစရာတွေ အများကြီးတွေ့လာရစရာရှိတယ်လို့ပဲ ဆိုကြပါစို့။

No comments: