Monday, June 27, 2011

ဘာအရေးကြီးဆုံးလဲ

ဗမာကြီး

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သံဃနာယက ဆရာတော်ကြီးများအား လိုက်လံ လျှောက်ထားနေပုံများကို မြင်တွေ့နေရသဖြင့် ရှမ်းလူမျိုးတို့၏ ဘာသာတရား ကိုင်းရှိုင်းမှုကို ခံစားကြည်နူးမှု ဖြစ်ရပါသည်။ မတော်တာတွေကို မဖြစ်ရအောင် သူ့အနေဖြင့် တတ်စွမ်းသမျှ ပြည်သူတွေကို ကူညီနေကြောင်း ကြားနေရပါသည်။

ဆရာတော်ကြီးများမှ မည်သို့ မိန့်မှာသည်ကို အတိအကျ မသိရသော်လည်း စစ်အစိုးရတဖြစ်လဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရ (ကြံ့ဖွံ့အစိုးရ) သည် ဆရာတော်ကြီးများ၏ မိန့်မှာညွှန်ကြားချက်များကို မဆိုထားဘိ၊ မြတ်စွာဘုရားရှင်၏ ငါးပါးသီလကိုပင် လိုက်နာနိုင်ကြပါမည်လောဟူ၍လည်း သံသယ ၀င်မိရပါသည်။

ရာစုနှစ်ထက်ဝက်ခန့် ခိုးဝှက်ခဲ့ကြသူများ၊ အရက်သေစာ သောက်စားကြသူများ၊ လိမ်ညာခဲ့ကြသူများ (ထိန်ချန်မှုသည်လည်း လိမ်ညာမှုပင်ဖြစ်ပါသည်)၊ လူသတ်ခဲ့ကြသူများ၊ ခိုးသားငါးထောင်ပါဝင်သော အစိုးရ၏ အဖွဲ့ဝင်များသည် ဦးသိန်းစိန်၏ “သန့်ရှင်းသော အစိုးရဖြစ်ရေး” ဟူသော လမ်းညွှန် စကားတလုံးကြားရုံဖြင့် တကယ်ပြောင်းလဲနိုင်ကြပါမည်လားဟု သံသယဖြစ်ကြသူများကို အဆိုးမဆိုနိုင်ပါ။ တက်လာကတည်းက မဲခိုး၍ တက်ခဲ့ကြသောကြောင့်ပင်။

တချို့က စောင့်ကြည့်မည်ဟု ပြောကြသည်။ တချို့ကတော့ မိမိ၏ကံကြမ္မာကို သကောင့်သားများလက်တွင် ၀ကွက်အပ်၍ စောင့်ကြည့်မနေဘဲ ကန့်ကွက်မည်၊ ရှုတ်ချမည်၊ ပိတ်ဆို့မှုများကိုလည်း ဆက်လုပ်သွားချင်ကြသည်။ ရွေးကောက်ပွဲမှ ရက် ၁၀၀ ကျော်လာသည့်တိုင် မြင်သာသော ပြောင်းလဲမှုများ မတွေ့ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလာပါသည်။

ဤနေရာတွင် ဖြစ်နိုင်ခြေ နှစ်ခုကို စဉ်းစားကြည့်စေလိုပါသည်။

ပထမ ဖြစ်နိုင်ခြေမှာ ဦးသိန်းစိန်သည် တိုင်းပြည်နှင့်ပြည်သူတို့ အမှန်တကယ် ဆင်းရဲနေခြင်းကို သိမြင်သူဖြစ်သဖြင့် ထိုဆင်းရဲမှု ပပျောက်ရန် နည်းလမ်းမှန်သမျှကို ကြိုးစားလုပ်ဆောင်သွားပါလိမ့်မည်။

ဒုတိယ ဖြစ်နိုင်ခြေမှာ ဦးသိန်းစိန်သည် ပြည်သူများအရေးထက် စစ်အစိုးရသြဇာ ဆက်လက် တည်တံ့ရေးကို ဦးစားပေးသူဖြစ်ပြီး နိုင်ငံတကာ ကြားကောင်းရုံ အလုပ်ပြနေခြင်းသာဖြစ်သည်။

လက်ရှိမြင်တွေ့နေရသမျှ အခြေအနေများအရ ဒုတိယလမ်းကြောင်းမှာ ဦးသန်းရွှေ၏ စစ်အာဏာရှင်ကာလတွင် ဖြစ်နိုင်ခြေများပြီး ယနေ့ကာလ အခြေအနေများအရ ပထမ လမ်းကြောင်းသာ ဖြစ်နိုင်ခြေများပါသည်။

ဒီမိုကရေစီနိုင်ငံများတွင် မြင်သာသော ပြောင်းလဲမှုများကို ရက် ၁၀၀ အတွင်း လုပ်ပြကောင်း လုပ်ပြနိုင်မည် ဖြစ်သော်လည်း ရာစုနှစ်တ၀က်ခန့် စစ်အာဏာရှင်ကြီးစိုးထားသော နိုင်ငံတခုတွင် သမ္မတသစ်တယောက်က ရုတ်တရက် အိပ်မက်မှလန့်နိုးလာသလို လားရာပြောင်းပြန် ပြန်လှည့်ရန်ကြိုးစားမှု၏ အကျိုးရလဒ်များကို လအနည်းငယ်ဖြင့် မြင်တွေ့နိုင်မည်ဟု ကျနော်မမျှော်လင့်ပါ။ ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုများကို ဟန့်တားမည့် အခက်အခဲများမှာ ထုနှင့်ထည်နှင့် အခိုင်အမာ ရှိနေဆဲဖြစ်သည်ဟု ခံစားမိပါသည်။

ပို၍အရေးကြီးသည်မှာ ယင်းအဟန့်အတားကြီးတွင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက မည်သည့်အစိတ်အပိုင်းမှ မည်မျှပါဝင်သနည်းဆိုသည့် အချက်ပင် ဖြစ်ပါသည်။

ရက်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်သော၊ ယင်း ပြောင်းလဲချင်ပါသည်ဆိုသော ကြံ့ဖွံ့အစိုးရကို အသိအမှတ်ပြုကြမည်လား၊ မပြုဘဲနေရမည်လား။ ခင်ဗျားတို့နှင့် တွေ့ဆုံဆွေးနွေးလိုပါသည်၊ သို့သော် အသိအမှတ်တော့ မပြုနိုင်ဘူးဟုပြောလျှင် ကောင်းမည်လား၊ မကောင်းဘူးလား။

မိမိ၏ တည်ရှိမှုကို နဂိုအတိုင်း အသိအမှတ်ပြုပေးလျှင် ကြံ့ဖွံ့အစိုးရ၏ တည်ရှိမှုကိုလည်း အသိအမှတ်ပြုပေးမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပေးအယူ လုပ်လျှင်ကောင်းမည်လား ဆိုသော ကိစ္စများကို ဆုံးဖြတ်ရန် အချိန်ကျရောက်နေပါပြီ။

NLD ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်၍ ကျန်အတိုက်အခံ အင်အားစုအားလုံးကလည်း ကျရာနေရာယူ၍ လှုပ်ရှားကြမှ လိပ်ခဲတည်းလည်း နိုင်ငံရေးအခြေအနေကို ရှေ့သို့ တလှမ်းတိုးနိုင်မည်ဟု ယူဆပါသည်၊

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ ချစ်ခင်ယုံကြည်မှုမှာ မည်သူကမျှ သံသယ ဖြစ်စရာမရှိပါ။ သူရဲကောင်း ကိုးကွယ်တတ်သော ကျနော်တို့ လူမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သူရဲကောင်းတယောက် ရှိနေခြင်းမှာ ထူးခြားသော ကံကောင်းထောက်မခြင်းပင် ဖြစ်ပါသည်။ နိုင်ငံတကာအဆင့်မီ ပညာတတ်တယောက်ကို နိုင်ငံ၏ခေါင်းဆောင် ဖြစ်စေလိုသည်မှာ ပြည်သူအများ၏ဆန္ဒပင် ဖြစ်ပါသည်။

တိုးတက်ထွန်းကားနေသော ကမ္ဘာ့ရွာကြီးတွင် နိုင်ငံကို ပညာတတ်များက ခေါင်းဆောင်ရန်မှာ အမှန်တကယ် လိုအပ်ချက်တခု ဖြစ်ပါသည်။ ပြဿနာပေါင်းစုံဖြင့် ရှုပ်ထွေးလှသော မြန်မာနိုင်ငံရေးကို ဦးဆောင်ရန် ပညာရှိ ခေါင်းဆောင်ကောင်းများလည်း လိုအပ်ပါသည်။

တွေးတောမြင်သိ ပညာရှိသော ခေါင်းဆောင်ကောင်းများသည် ကြံ့ဖွံ့အစိုးရ၏လားရာကို သူတို့လုပ်ပြီးသည်အထိ စောင့်ကြည့်မနေဘဲ ကြိုတင်တွေးတော၍ လုပ်သင့်သည်ကို ကြိုတင် လုပ်ဆောင်သင့်ပါသည်။ အတိုက်အခံ အင်အားစုများအနေဖြင့်လည်း ကြံ့ဖွံ့အစိုးရ လုပ်ချင်တာလုပ်ပြီးမှ နောက်ကလိုက်၍ အမှားထောက်ပြနေမည့်အစား မလုပ်မီကပင် မည်သည့်ကိစ္စကို မည်သို့လုပ်ရန် ရှေ့ဆောင်လမ်းညွှန်ပြီး မလုပ်သင့်သည်များကို မလုပ်ခင်က ကြိုတင်တားဆီးနိုင်ရန် ကြိုးစားကြရပါမည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှန်တရားဘက်မှ အစဉ်ရပ်တည်သောကြောင့် တကမ္ဘာလုံး၏ ထောက်ခံမှုကို ရရှိနေပါသည်။ အမှန်တရားကို လိုလားသူအားလုံးက နောက်တဆင့် ဘာလုပ်လျှင် တိုင်းပြည်အတွက် အကျိုးများမည်၊ မည်သို့ လုပ်ဆောင်မည်၊ ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်ချက်များကို မည်သို့ဖြည့်ဆည်းမည် ဆိုသည့်အချက်များကို သိရှိနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးပေါင်း အဖြေရှာသင့်ကြပါသည်။

ဆရာတော်ကြီးတပါးက ပုံပြင်တပုဒ်ပြော၍ ဆုံးမသည်ကို ကြားလိုက်ရဖူးပါသည်။ မိသားစုတစု၏ ထမင်းဝိုင်းတွင် ဖခင်ဖြစ်သူက သမီးလုပ်သူ အထိုင်မတော်သဖြင့် “ကိုင်း ဒို့အားလုံး ပြင်ထိုင်လိုက်ကြဦးစို့” ဟု ပြော၍ ပြင်ထိုင်ပါသည်။ အထိုင်မတော်သူ သမီးက “ပြင်ထိုင်ရမှာ သမီးရောပါသလား” ဟု မေးပါသည်။ ဖခင်ဖြစ်သူက “မင်းကအဓိကပဲ” ဟု ပြောယူရပါသည်။

တိုင်းပြည်တွင် တနည်းတလမ်းဖြင့် ပြောင်းလဲမှုကြီးတခုကို ဖော်ဆောင်လိုပါက ပြည်သူလူထု၏ အခန်းကဏ္ဍမှာ အရေးအကြီးဆုံးဖြစ်ပါသည်။ ဤနေရာတွင် ပြည်သူလူထု လေးစားယုံကြည်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်သော NLD ၏ အခန်းကဏ္ဍမှာ အရေးပါလှပါသည်။ ပြင်စရာ ရှိလျှင် အတွေးအခေါ်ကအစ အားလုံးပြင်ကြရပါမည်။

ကြံ့ဖွံ့ပါတီ ထူထောင်စဉ်က သူတို့တွင် ကျောရိုးအတွေးအခေါ် မရှိပါ။ ယခု နအဖ လက်ရွေးစင် ကြံ့ဖွံ့များက အစိုးရဖွဲ့ပြီး တိုင်းပြည်ကို ဦးဆောင်လာသောအခါ ပြည်သူလူထု အကျိုးစီးပွားကိုသာ ဦးစားပေး ရပ်တည်စဉ်းစားရမည်ဟု ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က လမ်းညွှန်ပြရန် လိုပါသည်။ ထိုလမ်းကြောင်းအတိုင်း ကြံ့ဖွံ့ပါတီ ယာယီ ဥက္ကဋ္ဌ ဦးရွှေမန်းက ခေါင်းဆောင်သွားရန် လိုပါသည်။

ပြည်သူများနေဖြင့် နိုင်ငံရေးအခြေအနေများကို သုံးသပ်သောအခါ အောက်ပါအတိုင်း ၃ ပိုင်းခွဲ၍ သုံးသပ်ကြည့်ရန်လိုပါသည်။

၁။ ရွေးကောက်တင်မြှောက်ခံ/ အာဏာသိမ်း/ ကိုလိုနီ အစိုးရ
၂။ အစိုးရပေါ်လစီကို အကောင်အထည်ဖော်မည့် ဖိနှိပ်ရေး/ ပြည်သူ့အစေခံ အုပ်ချုပ်ရေး ယန္တရား
၃။ အစိုးရကို ကာကွယ်သည့်/ ပြည်သူကို ကာကွယ်သည့် ဥပဒေများ

ကိုလိုနီခေတ်က အစိုးရအဖွဲ့ကို ကာကွယ်ပေးခဲ့သော အုပ်ချုပ်ရေးယန္တရားနှင့် ဥပဒေများကို ပြောင်းပြန် ပြန်ပြောင်းလဲရပါတော့မည်။ ပြည်သူကို နှိပ်စက်သော ယင်းယန္တရားနှင့် ဥပဒေများ မရှိရတော့ပါ။

ယင်းဥပဒေဟောင်းများကို ဆက်ခံပြီး စစ်အစိုးရ အဆက်ဆက်ကို ကာကွယ်ပေးနေခဲ့သော အုပ်ချုပ်ရေး ယန္တရားကြီးအစား ပြည်သူကို ကာကွယ်ပေးသော အုပ်ချုပ်ရေး ယန္တရားသစ် ဖွဲ့စည်းရေးကို ပြည်သူအားလုံး ၀ိုင်းဝန်းပါဝင်ကြိုးပမ်းကြဖို့ လိုပါသည်။

ပြည်သူ့အစိုးရ၊ ပြည်သူကို လုပ်ကျွေးပြုစုမည့် အုပ်ချုပ်ရေး ယန္တရားနှင့် ပြည်သူကို ကာကွယ်ပေးမည့် ဥပဒေများ ပေါ်ပေါက်လာရန်မှာ အချိန်ကာလတခုနှင့် ကြိုးပမ်းပါဝင်မှု အမြောက်အများ လိုအပ်ပါသည်။ ဦးသိန်းစိန်၏ ကြံ့ဖွံ့အစိုးရသည် ယင်းကဲ့သို့ အပြောင်းအလဲ၏ ပထမ အဆင့်သာ ဖြစ်နိုင်ပါသည်။

ဦးသိန်းစိန်က ၂၀၁၀ ဖွဲ့စည်းပုံနှင့် ကြံ့ဖွံ့အစိုးရတို့ကို စစ်အစိုးရ လက်အောက်တွင် ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကဲ့သို့သော အင်အားစုများကလည်း အပြောင်းအလဲများကို ရပ်တန့်သွားအောင် အကြီးအကျယ် ခြိမ်းခြောက်နေဆဲဖြစ်ပါသည်။

ခေါင်ကစ၍ မိုးမလုံသဖြင့် ပျက်စီးခဲ့ရသော အုပ်ချုပ်ရေးယန္တရားကြီးနှင့်တကွ ပြည်သူလူထုကြီး၏ အကျင့်စာရိတ္တများကို အင်အားစုအားလုံးက မည်သို့ပြုပြင်ပြောင်းလဲကြမည်ကို စဉ်းစားသင့်လှပါသည်။

ပြည်သူလူထု တဦးချင်းစီ၏ သိက္ခာနှင့် တန်ဖိုးများ တိုးမြင့်လာစေရေးအတွက် ပြည်သူလူထု ကြည်ညိုလေးစားသော “ပညာရှိ” ပုဂ္ဂိုလ်ကြီးများကလည်း ၀ိုင်းဝန်း နည်းလမ်းရှာ ပံ့ပိုးသင့်လှပါသည်။

ပညာတတ်ပုဂ္ဂိုလ် အပေါင်းကလည်း အလွှာအသီးသီးမှ ပညာမတတ်သော၊ စာရိတ္တ မခိုင်မာသော ပုဂ္ဂိုလ်များကို အစားထိုးဖယ်ရှားနိုင်အောင် ၀ိုင်းဝန်းအဖြေရှာ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ဤကဲ့သို့ အရေးကြီးသည့် အချိန်ကာလမျိုးတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း မိမိကို ချစ်ခင်ရင်းစွဲရှိသော ပြည်သူလူထုကြီးကို တခေါက်ထပ်မံ မျက်နှာပြရေးထက် ပဉ္စမ မြန်မာနိုင်ငံတော် ထူထောင်ရေးတွင် NLD က ရှေ့တန်းမှ ပါဝင်နိုင်ရန် ပြင်ဆင်ပြောင်းလဲမှုများ အမြန်ပြုလုပ်သင့်ပြီဖြစ်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။ ။

No comments: