Wednesday, June 29, 2011

လုံခြုံရေးဂိတ်စောင့် အရာရှိတစ်ဦးအား သျှမ်းတပ်သား ခုတ်သတ်

မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့မှ မိုင်းရှုးမြို့ အထွက် လုံခြုံရေးဂိတ်စောင့် မြန်မာစစ်တပ် အရာရှိတစ်ဦး အားသျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည်တပ်မတော်(SSPP/SSA)မှ အရပ်ဝတ် တပ်သားတစ်ဦးက ခုတ်သတ်လိုက်ကြောင်းသိရှိရ ပါသည်။

“အရပ်ဝတ်နဲ့ဆိုတော့ သျှမ်းသူပုန်မှန်း အစက မသိဘူးလေ။ ဂိတ်စောင့်အရာရှိကို ခုတ်သတ်ရဲတယ်ဆို တော့ သျှမ်းသူပုန်ဘဲပေါ့။ သာမန်ရွာသားတွေဆို ဘယ်လုပ်ရဲမလဲ” ဟု လဲချားရောက် မိုင်းနောင် ကုန်သည် တစ်ဦး က ပြောပါသည်။

ဂျွန် ၂၅ ရက် ညနေ ၅:ဝဝ နာရီ သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂ တပ်ရင်း ၈၀၁ တပ်ခွဲ ၂ မှ တပ်သား စိုင်းအိုက်လ သည် ဓားမထဲ့ပလိုင်းပတ်၍ မိုင်းနောင်မြို့တွင်း ၀င်ရောက်လာကြောင်း၊ မိုင်းရှုးမြို့အထွက် မင်္ဂလာရန်အောင်ကျောင်းတိုက် အနီးရှိ လုံခြုံရေးဂိတ်သို့ရောက်သော် ကင်းစောင့် ခလရ ၂၈၆ မှ အရာရှိ တစ်ဦးနှင့် တပ်သားနှစ်ဦးက ၎င်းအား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာမှအခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကုန်သည်က ဆက်ပြောပြသည်။

“သူ့ကိုခေါ်စစ်တော့ အဲဒီအရာရှိက ပစ္စတိုနဲ့ချိန်တယ်တဲ့။ သူက ပလိုင်းထဲက ပါလာတဲ့ ဓားမနဲ့ခုတ်တာ သေနတ်လွင့်သွားတော့ အဲ့သေနတ်ကောက်ယူပြီး အဲဒီအရာရှိကို နှစ်ချက်ပစ်တယ်။ အရာရှိလဲ အဲဒီနေရာမှာ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ သေနတ်မဲ့ ဗမာစစ်သားနှစ်ယောက်လဲ ထွက်ပြေးသွားတယ်”

မိုင်းရှုးမြို့အထွက် လုံခြုံရေးဂိတ်စောင့် အရာရှိအား သေနတ်ဖြင့် ပစ်သတ်သည့် စိုင်းအိုက်လ သည် သျှမ်းတပ်သား ဖြစ်ကြောင်း၊ သေဆုံးသူ မြန်မာစစ်သား၏ ကျည် ၁၄ တောင့်ဝင် ဂျာမဏီလုပ် 9 mm ပစ္စတိုကိုလည်း သိမ်းဆည်းယူဆောင်ခဲ့ကြောင်း SSPP/SSA မှလည်း အတည်ပြုပြောဆိုသည်။

No comments: