Thursday, June 23, 2011

အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ချဲ့မည့်အစီစဉ်ကြောင့် လူနေအိမ်များရွှေ့ခိုင်း

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး ချဲ့မည့်အစီစဉ်ကြောင့် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ လူနေ အိမ်များအား အာဏာပိုင်များကရွှေ့ပြောင်း ခိုင်းနေသည်ဟုသတင်းရရှိသည်။

တီးတိန်မြို့နယ် လိုင်သွေးကျေးရွာအတွင်း ကားလမ်းမကြီးဘေး (လမ်းအပေါ်ဘက်) တွင် နေထိုင်ကြသော ဒေသခံချင်း ပြည်သူများ၏ နေအိမ် များကို လွန်ခဲ့သည့် ၂ လလောက်ကတည်းက ရွှေ့ပေးကြရန် ချင်းပြည်နယ်ဝန်ကြီးချူပ်ဦးဟုန်းငိုင်း ကအကြောင်းကြား ပြောဆိုခဲ့သည်ဟုလိုင်သွေးရွားသား တဦးကပြောသည်။

‘’ ပြီးခဲ့တဲ့ ၂ လလောက်က ၀န်ကြီးချူပ် ဦးဟုန်းငိုင်းလာပြီးတော့ လမ်းချဲ့မယ် ဒါကြောင့် အိမ်တွေ ရွှေ့ပေးကြပါလို့ လာပြောတယ်၊ ဒါပေမဲ့ ဘယ်သူမှ မရွှေ့ချင်ကြတော့ နောက်တခေါက်ပြန်လာပြီး အိမ်မရွှေ့ကြဘူးဆိုရင် ခင်များတို့ အတွက် ကောင်းမှာ မဟုတ်ဘူး ဆိုပြီးပြောတယ်၊ အခုတော့ နေအိမ် တချို့တော့ ရွှေ့နေကြပြီ’ ဟုသူကပြောသည်။

ချင်းပြည်နယ်အစိုးရက အိမ်ပြောင်းရွှေ့သူများကို နှစ်နာကြေးအနည်းငယ်သာပေးဖို့စီစဉ်နေကြောင်းရွာသားကပြောသည်။

‘’လုံးလုံးရွှေ့ရမယ့်သူတွေကို ကျပ်ငွေ ၅၀၀၀၀၊ လုံးလုံးရွှေ့စရာမလိုဘဲ အိမ်ဆောက်ဖို့ မြေကွက်ကျန်သေးတဲ့သူတွေကို တော့ ကျပ်ငွေ ၁၀၀၀၀/၂၀၀၀၀ လောက်ဘဲပေးမယ်လို့ ရွာလူကြီး တစ်ယောက်ကပြောတယ်’’ဟု လိုင်သွေး ရွာမှ စားသောက်ဆိုင်ပိုင်ရှင်တဦးကပြောသည်။

ယခုလမ်းချဲ့မည့်အစီစဉ်ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးတလျှောက်ရှိ ကျဉ်းမြောင်းသော နေရာများကို ချဲ့ထွင် မည်ဖြစ်သဖြင့် တခြားဒေသမှ လူနေအိမ်များကိုလည်း ပြောင်းရွှေ့ခိုင်းဖွယ်ရှိသည်ဟု လိုင်သွေးရွာသားတဦးကပြောသည်။

No comments: