Thursday, June 30, 2011

ကြံ့ဖွံ့နှင့် လွှတ်တော်ဝင် ပါတီများမှ လူငယ် ၂၀ ဂျပန်သွားမည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၁

ဂျပန်နိုင်ငံသို့ ရက်သတ္တတပတ်ကြာ ချစ်ကြည်ရေးနှင့် လေ့လာရေး ခရီးစဉ်အဖြစ် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး အပါအဝင် ပါတီ ၆ ခုမှ လူငယ် ၂၀ ဦးမှာ ဇူလိုင် ၁၃ ရက်တွင် သွားရောက်မည်ဟု ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ကြံ့ဖွံ့ပါတီမှ ၁ဝ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ၂ ဦး၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ၂ ဦး၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ ၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည မှ ၂ ဦးနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၂ ဦး ဖြစ်သည်။ သတင်းစာ ရှင်းလင်းပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ် (ရန်ကုန်) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘‘ဂျပန်နိုင်ငံအစိုးရက ၃၅ နှစ်အောက် လူငယ်တွေကို ဖိတ်ချင်တယ်။ ဂျပန်နိုင်ငံကို လွှတ်မယ်ဆိုရင် လက်ခံလား၊ လက်ခံတယ်လို့ ပြောလိုက်တယ်။ တခြားပါတီက လူငယ်တွေပါရင်ကော လက်ခံမလားမေးတယ်၊ သူတို့က ပါတီတွေ နာမည်မတူလို့ တခြားသော ပါတီလို့ ပြောပေမယ့် ကျနော့်စိတ်ထဲမှာတော့ နာမည်မတူပေမယ့် ရည်မှန်းချက်တွေ တူတဲ့အတွက် တခြားပါတီလို့တောင် မမြင်ပါဘူး။ ဒါကြောင့် လက်ခံပါတယ်လို့ ပြောလိုက်တယ်။ တွဲသွားရမယ့် ကိစ္စကို လိုလိုလားလားနဲ့ လက်ခံခဲ့တာ’’ ဟု ဦးဋ္ဌေးဦးက ရှင်းပြသည်။

ယခုခရီးစဉ်တွင် ပါတီစွဲ မထားဘဲ မြန်မာဆိုသော စိတ်ဖြင့် သွားရောက်ကြရန် လူငယ်များကို သူက မှာကြားခဲ့သည်။

တစညပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးထွန်းရီနှင့် NDF မှ ဦးစိုးဝင်းတို့က ဂျပန်သို့ လူငယ်များ သွားရောက်ရန် စီစဉ်ခဲ့သော ဦးဋ္ဌေးဦးကို ကျေးဇူးတင်စကား ပြောခဲ့ကြသည်။

SNDP ဗဟိုအလုပ်အမှုဆောင် ဦးစောသန်းမြင့်က ‘‘ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စတာတွေလို့ စိတ်သဘော မထားဘဲ နေကြပါ။ မြန်မာ့ဂုဏ်ကို ထိန်းပါလို့ ပြောချင်တယ်’’ ဟု ဆိုသည်။

RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောကလည်း ‘‘ ဒီခရီးစဉ်ဟာ နိုင်ငံရေး အနှစ်သာရ ရှိသော ခရီးစဉ် ဖြစ်တယ်’’ ဟု ပြောကြားခဲ့သည်။

ဦးဋ္ဌေးဦးသည် ဂျပန်နိုင်ငံ ပါလီမန်နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko KIKUTA ကို အင်္ဂါနေ့တွင်
တွေ့ဆုံခဲ့သေးသည်။

‘‘ဂျပန်ကို သွားမယ့် လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ နောက် ၅ ပါတီနဲ့ စုစုပေါင်း ၆ ပါတီ တွေ့ဖို့ ရှိတယ် ပြောတော့ သူတို့က အံ့သြကြတယ်။ သူတို့ဂျပန်မှာဆိုရင် ရန်ဖြစ်နေကြတယ်လို့ ပြောတယ်’’ ဟု ရှင်းလင်းပွဲတွင် ဦးဋ္ဌေးဦးက ပြောသည်။

မြန်မာလွှတ်တော်ထဲကို ၂၃ ပါတီမှ လွှတ်တော်အမတ်များ ခင်မင်စွာ တွေ့ဆုံကြကြောင်းနှင့် ခင်မင်ကြကြောင်း Makiko KIKUTA ကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းနေပြီး ယခင်က ကွန်မြူနစ်များ စခန်းချရာ၊ စစ်ဖြစ်ပွားခဲ့ရာ
နေပြည်တော်အရပ်၌ ယခုအခါ ကြံ့ဖွံ့ပါတီရုံးချုပ် တည်ရှိနေပြီ ဖြစ်ကြောင်းနှင့် ဤသည်မှာ တိုးတက်ပြောင်းလဲမှု တခု ဖြစ်ကာ မရှိခဲ့သော လွှတ်တော်လည်း ပေါ်ပေါက်လာပြီး ပြည်သူများ ရွေးချယ်တင်မြှောက်သော အစိုးရ ရှိလာပြီ ဖြစ်ကြောင်း ဦးဌေးဦးက ပြောသည်။

မစ္စစ် Makiko KIKUTA မှာ ၂ဝ၁ဝ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီးနောက် မြန်မာပြည်သို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံ အဆင့်မြင့် အရာရှိ ဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်အချို့ကို ဗုဒ္ဓဟူး မွန်းလွဲပိုင်းတွင် ၄၅ မိနစ်ခန့်အကြာ တွေ့ဆုံခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးအတွက် ဂျပန်အနေဖြင့် ဆက်လက် ကူညီသွားမည်ဟု ပြောဆိုခဲ့သည်။

နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အစိုးရ တာဝန်ရှိသူများကို တွေ့ဆုံခဲ့သည်။ ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအချို့ကိုလည်း ရန်ကုန်ရှိ ဂျပန်သံရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော စားနပ်ရိက္ခာ ထောက်ပံ့ရေးတွင် ဂျပန်နိုင်ငံကလည်း အမေရိကန် ဒေါ်လာ ၅.၈၇ သန်း တန်ဖိုးရှိသော အဟာရ ဖြည့်စွက် အစားအစာ တန်ချိန် ၁၇ဝဝ နှင့် စားသုံးဆီ ၁၆၂၅ တန်တို့ကို လှူဒါန်းခဲ့သည်။

ဂျပန်သည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအား ဖိနှိပ်မှုကြောင့် လူသားချင်း စာနာမှုနှင့် အရေးပေါ် အကူအညီမှလွဲပြီး၊ အခြား စီးပွားရေး အကူအညီများကို ၂ဝဝ၃ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သည့် နိုင်ငံဖြစ်သည်။

No comments: