Tuesday, June 28, 2011

စိုက်ပျိုးစရိတ် ထုတ်ချေးသည့် အရာရှိများ၏ ခရီးစရိတ် မာန်အောင် လယ်သမားထံမှ ဖြတ်ယူ

မောင်ရမ္မာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး စရိတ် ထုတ်ချေးပေးနေသည့် အရာရှိများသည် အစိုးရထံမှ နေ့တွက်နှင့် စားစရိတ် ရရှိပြီး ဖြစ်သော်လည်း လယ်သမားများထံမှ တဖန် နေ့တွက်နှင့် စားစရိတ်များကို စိုက်ပျိုးစရိတ် ချေးငွေထဲမှ ဖြတ်ယူနေကြောင်း သိရသည်။

ထိုသို့ ဖြတ်ယူရာတွင် စိုက်ပျိုးရေးဘဏ်မှ ငွေထုတ်ချေးပေးနေသည့် အရာရှိများသာမက စောင့်ရှောက်ရေး လိုက်ပါလာသော ရဲအဖွဲ့ကလည်း ဖြတ်ယူနေကြောင်း လယ်သမားများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့ ဖြတ်ယူနေသည်ကို လယ်သမားများမှ မပေးလိုသော်လည်း ငွေထုတ်ယူရာတွင် ပြေပြေလည်လည် ဖြစ်ရေး အတွက် သူတို့ ဖြတ်ယူသော ငွေကို ပေးဆောင်နေကြရကြောင်း ကန်တိုင်းအုပ်စုမှ လယ်သမားတဦးက ပြောသည်။

" ကျွန်တော်တို့ ကန်တိုင်းအုပ်စုမှာ လယ်သမား ၁၁၉ ဦးရှိတယ်။ ဘယ်လယ်သမားကမှ မပေးချင်ဘူး။ သူတို့က ခုလို ငွေထုတ်ချေးဖို့ ရွာတွေကို လာရတဲ့အတွက် ခရီးစရိတ် ကုန်တယ်။ စာရွက် စာတန်းခ ကုန်တယ်။ လယ်သမား တစ်ဦးဆီက ငွေတစ်သိန်းအောက်ဆိုရင် ၁၅၀၀ ပေးရမယ်။ တစ်သိန်း အထက်ဆိုရင် ကျပ် ၂၀၀၀ ပေးရမယ်။ ဒါမျိုးပြောပြီး စိုက်ပျိုးရေးဘဏ်က အရာရှိတွေ ကောက်ယူနေတာ ဖြစ်ပါတယ်။"

၎င်းပြင် အစောင့် အရှောက် လိုက်ပါလာသော ရဲအဖွဲ့ကလည်း အစောင့်အရှောက်လိုက်ပါရသဖြင့် ညောင်းညာကြေးဟု ဆိုကာ လယ်သမားများထံမှ ငွေကောက်ယူနေသည်ဟု သူက ပြောသည်။

" ရဲအဖွဲ့ကလည်း သူတို့လည်း အစောင့်အရှောက် လိုက်ပါလာရတဲ့ အတွက် ကုန်ကျစရိတ်တွေ ရှိတယ်။ စားရေးသောက်ရေးနဲ့ ညောင်းညာကြေးဆိုပီး လယ်သမား တစ်ဦးစီက ကျပ် တစ်ထောင် ကျစီ ကောက်ယူပါတယ်" ဟု သူက ပြောသည်။

ရဲအဖွဲ့၏ ညောင်းညာကြေးဆိုသည်မှာ အရက်သေစာ သောက်စားစရိတ် ဖြစ်ကြောင်း သူက ပြောသည်။

ယခုကဲ့သို့ ငွေများ ဖြတ်တောက် ကောက်ယူနေသည်ကို ဆားချက် ကျေးရွာမှ လယ်သမား တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

" ဒီလို ကောက်ခံနေတာကို စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်ယဉ်က မာန်အောင် တကျွန်းလုံး မှာ လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆားချက် အုပ်စုကို သူတို့ ဒီလ ၁၁ ရက်နေ့မှာ ရောက်ပါတယ်။ ဆားချက်ကျေးရွာက အုပ်ချုပ်ရေးမှူးအိမ်ကနေပြီး ချေးငွေ ထုတ်ချေး ပါတယ်။ ချေးတဲ့အခါလည်း လယ်သမားတယောက် တသိန်းအောက်ကို ချေးလို့ရှိရင် တစ်ခါတည်း ၁၅၀၀ ကျပ် ဖြတ်ယူထား လိုက်ပါတယ်။ တစ်သိန်းနဲ့ တစ်သိန်းအထက် ချေးလို့ရှိရင် ၂၀၀၀ ကျပ် ဖြတ်ယူပါတယ်။ သူတို့ စိုက်ပျိုးရေး မန်နေဂျာရုံးက ၀ါဆိုသင်္ကန်းကပ်ဖို့ဆိုပြီးတော့ ကျပ် ၅၀၀ စီ တခါ ထပ် ဖြတ်ယူပါတယ်။ မပေးချင်လည်း ပေး၊ မလှူချင်လည်း လှူ၊ အဲသလို ဖြစ်နေပါတယ်။"

မာန်အောင်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးရေးဘဏ်မှ တဧကကို ကျပ်ငွေ ၂၀၀၀၀ နုန်ဖြင့် ထုတ်ချေးနေပြီး စိုက်ပျိုးရေးဘဏ်အဖွဲ့နှင့် အစောင့်အကြပ် လိုက်ပါလာသော ရဲအဖွဲ့မှ လယ်သမား များထံမှ ငွေများကို ဖြတ်ယူနေသဖြင့် မာန်အောင်တမြို့နယ်လုံးမှ သိန်းရာချီပြီး ၀င်ငွေ ရရှိနေကြောင်း သိရသည်။

" သူတို့ကို တီအေ၊ ဒီအေတွေ ပေးထားပြီးပါပြီ။ ဒီလိုကောက်တာက သူတို့ကိုယ်ကျိုးအတွက် ဖြစ်ဖို့များပါတယ်။ ဒီလို ပုံစံမျိုး ပေါ်ပေါက်နေတာကတော့ အရင် အစိုးရလက်ထက်တွေက ဖြစ်နေတဲ့ ကိစ္စပါ။ ဦးသိန်းစိန် အစိုးရက "Clean Government, Good governance" ဟု ကြွေးကြော်နေပေမယ့် င်္ဒီလို လာဒ်ပေး လာဒ်ယူမူတွေနဲ့ အကျင့်ပျက် ခြစားမူတွေကို တိုက်ဖျက်ဖို့ဆိုတာ မြန်မာနိုင်ငံမှာ သိပ်လွယ်မယ့် ကိစ္စ မဟုတ်ပါ"ဟု မာန်အောင် အစိုးရ ပညာရေး ၀န်ထမ်း တစ်ဦးက ပြောသည်။

ယခု လက်ရှိ အဓမ္မ ငွေများဖြတ်ယူခံခဲ့ရသော ကျေးရွာအုပ်စုများမှာ ကန်တိုင်းအုပ်စု၊ ကလွင်အုပ်စု၊ ကရူး အုပ်စုနှင့် သာယာကုန်းအုပ်စု ဖြစ်ပြီး မာန်အောင်တမြို့နယ်လုံးရှိ အုပ်စုပေါင်း ၃၆ အုပ်စုမှ ကျေးရွာပေါင်း ၁၀၈ ရွာရှိ လယ်သမားများမှ ဖြတ်ယူခံရဖွယ် ရှိကြောင်း စုံစမ်း သိရှိရသည်။

No comments: