Saturday, June 25, 2011

ရပ်ကွက်အာဏာပိုင်များ၏ ငွေကြေးကောက်ခံမှုကြောင့် ဒေသခံများ မကျေမနပ်ဖြစ်နေ

ရိုးမ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်အတွင်း ရပ်ကွက်အာဏာပိုင်များ၏ အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံမှုကြောင့် ဒေသခံပြည်သူများ မကျေမနပ်ဖြစ်နေကြသည်။

မြောက်ဒဂုံမြို့နယ်၊ (၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်းမှ ယခုလ (၂၀) ရက်နေ့မှ စတင်ကာ ကင်းကြေးကောက်ခံနေလျှက်ရှိပြီး ရပ်ကွက်အတွင်း လမ်းဘေးဈေးဆိုင်များမှလည်း ငွေကြေးကောက်ခံမှုများ ပြုလုပ်လျှက်ရှိကြောင်း ရပ်ကွက်သားတဦးက ပြောသည်။

“ကင်းကြေးဆိုပြီး ဒီလ ၂၀ ရက်နေ့ကနေ စကောက်နေတာ၊ တအိမ်ကို (၂၀၀) နှုန်းနဲ့ ကောက်နေတာ၊ ပြီးတော့ သူကပြောတယ် ဒီကင်းကြေးကောက်တာက လစဉ်ကောက်သွားမှာ ဖြစ်တယ်ပေါ့” ဟု ပြောသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လမ်းဘေးဈေးဆိုင်များမှလည်း ငွေကြေးထောင်ချီ၍ ကောက်ယူမှုများလည်း ရှိနေသေးကြောင်း အဆိုပါရပ်ကွပ်နေသူက ဆက်ပြောသည်။

“ဈေးဆိုင် တဆိုင်ကို (၅,၀၀၀) ကျပ်ကောက်တယ်၊ အဲဒါကလည်း လစဉ်ကောက်ယူသွားမှာလို့ ပြောတယ်၊ ဒီရပ်ကွက်ထဲမှာက ဈေးဆိုင်ပေါင်း (၅၀) နီးပါး လောက်ရှိတယ်” ဟု ဆက်ပြောသည်။

မြောက်ဒဂုံမြို့နယ်၊ (၄၀) ရပ်ကွက်အတွင်း အိမ်ခြေပေါင်း ၂၉၀၀ ခန့်ရှိပြီး အဆိုပါရပ်ကွက်အတွင်း အိမ်တိုင်း လစဉ်ကင်းကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်းတွင်လည်း အလားတူ ငွေကြေးကောက်ခံမှုများကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေကြကြောင်း မြို့ခံတဦးက ပြောသည်။

“ကျနော်တို့ အင်္ဂပူမှာက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးနိုင်က စာသင်ကျောင်းတွေကို ဓါတ်ပုံရိုက်ပြီး ငွေတောင်းတာ၊ အဲဒီငွေတွေက အခုဘယ် ရောက်နေမှန်းလည်း မသိဘူး၊ သူက မြို့ပေါ်က ဌာနဆိုင်ရာ လူကြီးတွေကို မြို့တော်ခန်းမကို ဆင့်ခေါ်ပြီးတော့ မြို့နယ်ပညာရေးမှူးကို အပြစ်ပုံချပြီး တော်တော်ပြောသွားတယ်” ဟု ပြောသည်။

ထို့အပြင် အင်္ဂပူမြို့နယ်အတွင်း ရပ်ကွက်အာဏာပိုင်များကလည်း အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံမှုများရှိနေပြီး လိပ်ပေါင်ဆွဲ အုပ်စုတွင်လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ဇနီးက သားဖွားစရင်းအတွက်ငွေကြေး ထောင်ချီ ကောက်ခံ နေလျှက် ရှိသည်။

No comments: