Friday, June 24, 2011

ကချင်ပြည်နယ် မန်ဂျေတိုက်ပွဲမှာ မြန်မာစစ်သား ၃ ဦးကျ

KNG

မြန်မာ-KIA တိုက်ပွဲများဖြစ်ပွားနေဆဲ၊ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မန်မော်ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကြာသပတေးနေ့ နေ့ခင်းတိုက်ပွဲတွင် မြန်မာစစ်သား ၃ ဦး ကျဆုံးခဲ့သည်ဟု ရှေ့တန်းသတင်းမှသိရသည်။

မိနစ် ၂၀ ကြာတိုက်ပွဲမှာ စင်းခန်းအနီး မွန်းလွဲ ၂ နာရီခွဲခန့်တွင်ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ မှ အရာရှိတစ်ဦးပြောသည်။ KIA ဘက်ထိခိုက်ဒဏ်ရာရမှု မရှိဟု ဆိုသည်။

တိုက်ပွဲအပြီး မြန်မာစစ်သားရုပ်အလောင်း ၃ လောင်းအား မြန်မာစစ်သားများ ဂေါင်ရွန်ကျေးရွာသို့ သယ်ယူသွားသည်ဟု မျက်မြင်များပြောသည်။

မိုးကောင်းအခြေစိုက် ခလရ ၇၄ နှင့် KIA တပ်ရင်း ၁၂ တို့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

ခလရ ၇၄ သည် မိုးကောင်း စစ်ဆင်ကွပ်ကဲရေးဌာနချုပ် (စကခ)-၃ လက်အောက်မှဖြစ်ပြီး ၎င်းတပ်က ဖားကန့်မြို့နယ်တွင် တာဝန်ကျစဉ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေး အရာရှိ ဆလန်ကဘာ မရောဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့အား မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဇွန် ၉ ရက် တွင် စစ်တပ်ကျောထောက်နောက်ခံ ဦးသိန်းစိန်အစိုးရမှ မန်မော် (ဗန်းမော်)ခရိုင် ဆန်ဂန်၌ KIA အားထိုးစစ်ဆင်လာပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း KIA ထိန်းချုပ်နေမြေနေရာအနှံ့ တိုက်ပွဲများဖြစ်လာသည်။

မြန်မာစစ်တပ်အား KIA က “ကျယ်ပြန့်သောခုခံစစ်” ပေါ်လစီဖြင့် ဆက်ဆံနေရကြောင်း KIA ခေါင်းဆောင်များ ဆိုပါသည်။

No comments: