Sunday, June 26, 2011

မိုးကြီး ရေလွှမ်း ဘူးသီးတောင်-မောင်တော ကားလမ်း ကျိုးပျက်ပြန်ပြီ

မင်းဆက်ခိုင်

မိုး ကြီးပြီး မြေများပြိုကျသဖြင့် ရခိုင်ပြည်နယ် အနောက်ဖက် နယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်းတွင်း လမ်းဖြစ်သော ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယနေ့တွင် ကျိုးပျက်သွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုးပျက်သွားသော နေရာမှာ မောင်တောမှ ၉မိုင်အကွာတွင်ရှိသော တောင်ခေါင်းကြီး (လှိုဏ်ခေါင်းကြီး)နှင့် တောင်ခေါင်းငယ် (လှိုဏ်ခေါင်းငယ်) ကြားရှိ လမ်းတွင် ဖြစ်ကြောင်း ဒေသခံကုန်သည်တဦးက ပြောသည်။

"မနေ့နဲ့ ဒီနေ့က ဒီမှာ မိုးတအားရွာတာ မနေ့ကတည်းက လမ်းက ပျက်မလိုလိုဖြစ်နေပြီ၊ ဒီနေ့တော့ လမ်း ၂ပိုင်း ဖြစ်ပြီး ကျိုးပျက်သွားပါတယ်။ ခရီးသွားရတာ တော်တော့ကို ဒုက္ခရောက်ရပြန်ပါပြီ။"

လမ်းကျိုးပျက်သွားသည့်အတွက် ကျိုးပျက်သွားသည့်နေရာတွင် ကားပြောင်းစီးရကြောင်း အဆိုပါ ကုန်သည်မှ ပြောသည်။

"လမ်းကျိုးပျက်သွားပေမယ့် လူတွေက ဝမ်းရေးအတွက် ဖြစ်သလို ခရီးသွားကြရတာပါပဲ။ မောင်တောက နေပြီးတော့ အဲဒီ ကျိုးပျက်သွားတဲ့နေရာအထိ ကားတခေါက်စီးရတယ်။ ပြီးတော့ ဟိုဖက်ခြမ်းကနေပြီးတော့ နောက်ကားတစီးနန့် ဘူးသီးတောင်ဆီ ဆက်သွားကြပါတယ်။ ကားခတော့ နှစ်ဆ ပိုကုန်တာပေါ့။ သွားလာရတာ ဒုက္ခများရင်လည်း စားဝတ်နေရေးက အရေးကြီးတော့ ဒီလိုပါပဲလေ။ မောင်တောကိုလာမယ့် ကုန်ပစ္စည်းကျတော့ ဘူးသီးတောင် မှာပဲ သောင်တင် သွားတယ်။"

၎င်းအပြင်ယနေ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မောင်တောမြို့နယ် တချို့နေရာများနှင့် မြို့ပေါ်ရပ်ကွက်တချို့တွင်လည်း မိုးရေများ လွှမ်းမိုးနေခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

"မိုးက တအားရွာတော့ ရပ်ကွက်ထဲမှာ မနေ့ညနေက ရေတွေတောင် ပြည့်နေခဲ့တယ်။ ကျနော်တို့ ရွာသစ်ရပ်ကွက်မှာဆိုရင် ၂ပေ လောက်ရေပြည့်နေခဲ့ပါတယ်။ တခြားနေရာတွေမှာလည်း အဲသလိုကြားပါတယ်။ မောင်တောမြို့ပြင်ဖြစ်တဲ့ မြို့သူကြီးရပ်ကွက်၊ ၃မိုင်နဲ့ ၄မိုင်မှာလည်း ရေပြည့်ခဲ့တယ်လို့ ပြောပါတယ်။"

ယခုကဲ့သို့ တဖန် ဘူးသီးတောင်-မောင်တောလမ်းကျိုးပျက်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်သွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ယခုလ ၉ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ကျိုးပျက်သွားခဲ့သေးသည်။ သို့အတွက် ဒေသခံပြည်သူများ၊ ခရီးသည်များ အထူးဒုက္ခရောက် ခဲ့ကြသည်။

အဆိုပါ ကားလမ်းမမှာ ၁၆ မိုင်ရှည်လျားပြီး နယ်စပ်မြို့များ ဖြစ်ကြသည့် ဘူးသီးတောင် နှင့် မောင်တောကို ဆက်သွယ်ဖေါက်လုပ်ထားသည့် တစ်ခုတည်းသောကားလမ်းမဖြစ်သည်။ ဘူးသီးတောင်-မောင်တော ကားလမ်းမှာ တောင်ကြောများအတိုင်း ဖေါက်လုပ်ထားသော လမ်းဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း မိုးရာသီ ရောက်လျှင် ပိတ်ဆို့ ပိုင်းပြတ်လေ့ရှိပြီး လမ်းပျက်လျှင် ဒေသခံများမှာ အဆက်အသွယ် ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းများ မြင့်တက်လာမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိကြသည်။

လွန်ခဲ့သောနှစ် ဇွန်လ ကလည်း မိုးကြီး၊ တောင်ပြို ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘူးသီးတောင်နှင့် မောင်တော နယ်စပ်မြို့နယ်တို့တွင် လူပေါင်းရာချီ သေဆုံးခဲ့ကြကာ ထောင်နှင့်ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ အဆိုပါ အချိန်ကလည်း ကားလမ်းမမှာ အပိုင်းပိုင်း ပိုင်းပြတ် သွားခဲ့ပြီး လပေါင်းများစွာ ကြာအောင် ကားလမ်းကို ပြုပြင်ခဲ့ရသည်။

No comments: