Wednesday, June 29, 2011

တောင်ငူ၊ သံဖြူဇရပ်မှာလည်း ဗုံးများကွဲ

ရန်ပိုင် Wednesday, 29 June 2011

ပဲခူးတိုင်း တောင်ငူမြို့ မိတ္တဗလလမ်းပေါ်ရှိ ခပေါင်းခန်းမနှင့် မိုးလုံလေလုံခန်းမရှေ့ လမ်းထောင့်တွင် ယနေ့ နေ့လည် ၂ နာရီခန့်က ဗုံးတလုံးပေါက် ကွဲသည်။

အပျက်အစီး၊ ထိခိုက်ဒဏ်ရာရမှုနှင့် အသေအပျောက်ရှိသည်ဟု မကြားကြောင်း၊ လုံခြုံရေးများ၊ ရဲများ၊ မီးသတ်များ ချက်ခြင်းရောက်ရှိလာပြီး လမ်းများပိတ်ထားကြောင်း မြို့ခံတဦးက ပြောသည်။

“အသံကျယ်တယ်၊ အိမ်နားမှာဆိုတော့ အိမ်တောင်တုန်သွားတယ်၊ ကျင်းကြီးဖြစ်သွားတယ်” ၎င်းက ဆိုသည်။

Master ကော်ဖီဆိုင်နှင့် မီတာ ၂၀၀ ခန့်အကွာတွင် ပေါက်ကွဲခြင်းဖြစ်သည်ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

တောင်ငူမြို့သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ မြို့ဖြစ်ပြီး မကြာသေးမီကလည်း တောင်ငူမြို့နှင့် ၁၄ မိုင်အကွာရှိ သောက်ရေခပ်ချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဇွန်လ ၁၈ ရက်နေ့ညတွင် အမည်မသိလက်နက်ကိုင်များက လက်နက်ကြီးများနှင် ပစ်ခတ်ခဲ့သေးသည်။

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ဗုံးတလုံးပေါက်ကွဲ ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းသိရသည်။

ယခုရက်ပိုင်းတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲနေရာ ဇွန်လ ၂၄ ရက်နေ့ကလည်း အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ မန္တလေး ဈေးချိုတော် ဟိုတယ်ရှေ့နှင့် ပြင်ဦးလွင်မြို့တွင် တချိန်တည်းဆိုသလို ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ယခုဗုံးဖောက်ခွဲမှုများကို မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကမှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်းမရှိသော် လည်း အစိုးရကမူ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တခြားလက်နက်ကိုင်အဖွဲ့များကို စွပ်စွဲလေ့ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြို့ကြီးသုံးမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကို ရှမ်းအမည်များ ပါသည့် အမျိုးသားသုံးဦးကို စွပ်စွဲထားသည်။

No comments: