Saturday, June 25, 2011

KIO/KIA အား ထိုးစစ်ဆင်ခြင်းပေါ် မလေးရောက် ကချင်များ ဆန့်ကျင်ဆန္ဒပြ

KNG

မြန်မာအစိုးရသစ်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)အား တိုက်ခိုက်ခြင်းပေါ် ဆန့်ကျင်ဆန္ဒပြခြင်းကို ဇွန် ၂၄၊ သောကြာနေ့ မလေးရှားမြို့တော် ကွာလာလမ်ပူ မြန်မာသံရုံးရှေ့တွင် ကချင်အမျိုးသားများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရခြင်းအဓိက အကြောင်းရင်းမှာ မြန်မာစစ်တပ်မှ KIO/KIA အား ဇွန် ၉ရက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်ပေးရန်နှင့် ကချင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေမှုကို ရုတ်သိမ်းပေးရန် ဖြစ်ကြောင်း ဆန္ဒပြပွဲ ပါဝင်သူတစ်ဦးပြောသည်။

“ကျနော်တို့ရဲ့သွေးချင်းသားချင်းတွေကို ထိလာပြီဖြစ်တဲ့အတွက် ကျနော်တို့စိတ်ထဲမှာ စိတ်ပြင်းပြလာတဲ့အတွက်” ဟု ယင်းဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သူ လမာ ဇော်ဘောက် ပြောသည်။

မူလက လူဦးရေ ၅၀ ခန့်တက်ရောက်ရန်စီစဉ်ထားသော်လည်း ယနေ့နံနက် ဆန္ဒပြချိန်တွင် ကလေးရောလူကြီးပါ အယောက် ၄၀၀ ခန့်ရှိလာခြင်းကြောင့် မြန်မာသံရုံးရှေ့၌ ဆန္ဒပြရန် မလေးတာဝန်ရှိသူများက တားမြစ်လာကာ သံရုံးအနီးတွင်သာ ဆန္ဒပြခဲ့သည်ဟု ဆက်ဆိုသည်။

ကချင်လူဦးရေ ၅၀၀၀ ကျော်ရှိသည့် မလေးရှားနိုင်ငံတွင် ယခုအကြိမ်ဆန္ဒပြမှုသည် အကြီးဆုံးဖြစ်သည်ဟု သိရသည်။

No comments: