Wednesday, June 22, 2011

သမ္မတက လယ်ယာသုတေသန လုပ်သည်ဟုဆို

ဆလိုင်း ဟံသာစန်း

သမ္မတ ဦးသိန်းစိန်သည် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို သုတေသန ပြုလုပ်လျှက်ရှိကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်က ရေးသားထားသည်။

နေပြည်တော်ရှိ စံပြလယ်ယာစိုက်ကွင်းများ၌ လယ်စိုက်ပျိုးကာ သုတေသန လုပ်နေသည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် ကျင်းပသည့် လယ်ယာသုံး ပစ္စည်း ပေးအပ်ပွဲတွင်
ပြောဆိုကြောင်း The Voice ဂျာနယ်၏ အင်တာနက်ဝက်ဆိုက်တွင် ဖော်ပြထားသည်။

“ သူဟာ နိုင်ငံတော်သမ္မတ ဆိုသော်ငြားလည်း လယ်သမားတဦးကဲ့သို့ လယ်ယာကို သုတေသန လုပ်ပြီးတော့
တွေ့ရှိချက်ကို မူတည်ပြီး လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုပြီး လမ်းညွှန်မှာကြားတယ်” ဟု The Voice က ဦးသိန်းအောင်ကို ကိုးကား၍ ရေးသားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လယ်ကွင်းထဲတွင် စပါး၊ ချဉ်ပေါင်၊ ကန်စွန်းစသည့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားသည့် အပြင် ဝက်နှင့် နွားများကိုလည်း မွေးမြူထားပြီး ၎င်းတိရိစ္ဆာန်များ၏ မစင်များကို ဓာတ်မြေသြဇာနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ပြန်လည် သုံးစွဲနေကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က
ပြောသွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နေပြည်တော်သို့ သွားရောက်သည့် ဦးသိန်းအောင်၏ ခရီးစဉ်များတွင် နိုင်ငံတော် သမ္မတက ၎င်းစိုက်ထားသည့် လယ်ကွင်းများကို လိုက်လံ ပြသလေ့ ရှိသည်ဟုလည်း ဦးသိန်းအောင်က ပြောကြောင်း ပါရှိသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လယ်ယာစိုက်ပျိုးရေး သုတေသန လုပ်သည်ဆိုခြင်းအပေါ် လေ့လာသူ အများအပြားက သံသယ ဖြစ်ကြသည်။

သမ္မတအနေဖြင့် လယ်ယာ စိုက်ပျိုးရေးကို ကိုယ်တိုင် သုတေသန လုပ်နေခြင်းကို မနှစ်သက်ကြောင်း
ပြောကြားလာသူကတော့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ယာယီဥက္ကဋ္ဌ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဇာတိသား ဦးနေမျိုးဝေ ဖြစ်သည်။

“သူက ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်နေတော့ လယ်ကွင်းထဲမှာ အချိန်သွားကုန်နေတာ မကြိုက်ဘူး။ သုတေသနက သူလုပ်ရမှာ မဟုတ်ဘူး။ သူက ညွှန်ကြားတာပဲ လုပ်ရမှာ။ သူကိုယ်တိုင် လုပ်တယ်ဆိုရင်တော့ မှားတယ်။ သုတေသန အဖွဲ့အစည်းတွေကို လုပ်ခိုင်းရင်တော့ မှန်ပါတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

ဦးနေမျိုးဝေသည် လယ်ယာမြေနှင့် လယ်သမားအရေး ကိစ္စ ဆော်သြနေသူတဦး ဖြစ်ပြီး ၎င်းတို့၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည် ခေတ်နှင့် မကိုက်ညီတော့သည့် မြေယာဥပဒေများကို ပြင်ဆင်ထားသည့် မြေယာဥပဒေကြမ်း တရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနိုင်ရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံ၏ ၅ ယောက်မြောက် သမ္မတ ဦးသိန်းစိန်သည် သမ္မတအဖြစ် တာဝန်ယူသည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် မိမိတို့ အစိုးရသစ်အနေဖြင့် တောင်သူလယ်သမား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေများကို အစဉ် ခေတ်မီပြည်စုံနေအောင် ပြဋ္ဌာန်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေး၊ လယ်ယာထွက်ကုန်များ သင့်တင့်သော ဈေးနှုန်းရရှိရေး၊ လယ်ယာ ထွက်ကုန်များ အရည်အသွေး မြင့်မားရေး တို့ကိုလည်း မြှင့်တင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပေးပြောဆိုထားသည်။

No comments: