Friday, June 24, 2011

စစ်တွေ လေဆင်နှာမောင်း အိမ်ခြေ ၂၀ ကို ဖြိုဖျက်

စံလင်း

စစ်တွေမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် အိမ်ခြေပေါင်း ၂၀ ခန့် ပျက်စီး သွားကြောင်း သတင်း ရရှိသည်။

“ တိုက်သွားတာက အမြင့်ကျွန်းနဲ့ ချီလည်ဖင်းကျေးရွာမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့က ရုတ်ရက် လေဆင်နှာမောင်း ကျရောက်တဲ့ အတွက် အိမ်ခြေ ၂၀ ခန့် ပျက်စီးသွားခဲ့ပါတယ်” ဟု အမြင့်ကျွန်းကျေးရွာမှ အမျိုးသမီး တစ်ဦးပြောသည်။

လေဆင်နှာမောင်း ကျရောက်မူကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း အိမ်အများအပြား ပျက်စီးသွားကြောင်းကို အမြင့်ကျွန်း ကျေးရွာမှ ဦးကြည်စိုး ဇနီးကလည်း ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“လေဆင်နှာမောင်း တိုက်လို့ ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိပါဘူး။ အမြင့်ကျွန်းမှာ အိမ်ခြေ ၁၀ ကျော်လောက် ပျက်စီး သွားပါတယ်။ ချီလည်ဖင်းမှာက အိမ်တွေငယ်တဲ့ အတွက် လုံးဝ ပျက်စီးသွားတဲ့အိမ် တွေရှိပါတယ်။ အခုတော့ ချီလည်ဖင်းရွာက ပျက်စီးသွားတဲ့ အိမ်တချို့ကို အမြင့်ကျွန်းကျေးရွားသားတွေနဲ့ ချီလည်ဖင်းရွာသားတွေ ဝိုင်းကူညီပြီးတော့ ဓနိ ဝါးတွေနဲ့ ယာယီ နေထိုင်နိုင်တဲ့ တဲအိမ်လေးတွေ ဆောက်လုပ်ပေးထားပါတယ်” ဟု ပြောသည်။

ချီလည်ဖင်းကျေးရွာတွင် လေဆင်နှာမောင်း ဒဏ်ခံရသူများမှာ ဆင်းရဲသူ လက်လုပ် လက်စားများ ဖြစ်ကြပြီး လူဦးရေ ၅၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွာကြောင်း သိရသည်။

“ အစိုးရဘက်က အိုး ၃ လုံး၊ စောင် ၂ ထည်၊ ပုဂံ ၄ ချပ်၊ ဇွန်း ၅ ချောင်း ၊ ပုဆိုး ၂ ထည်၊ ထမီ ၂ ထည်၊ ဆပ်ပြာ နှစ်တောင့်၊ ခြင်ထောင် ၁ လုံး အပါအ၀င် တာလပတ် ၁ ချပ်စီ ကူညီပေးပါတယ်။ ဆန်လည်း အနည်းငယ် ပေးပါတယ်။ အိမ်ဆောက်ပေး တာတော့ မရှိပါ။ အဖွဲ့ ၂ ဖွဲ့က လာရောက်ကူညီတာပါ” ဟု သူမက ပြောသည်။

ကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုရေး အသင်းအဖွဲ့ တခုမှ လာရောက်ကူညီ ပေးခြင်းဖြစ်ကြောင်း သိရသည်။

အမြင့်ကျွန်းကျေးရွာတွင် ဦးကြည်စိုး၊ အိမ်မှာ လုံးဝပျက်စီးသွားပြီး ဦးကျော်စောလှိုင်၊ ဦးသန်းဖေ၊ မောင်ကျော်သိန်းတို့၏ အိမ်များမှာ ခေါင်းမိုများလန်ကျကာ ပျက်စီးသွားခဲ့ပြီး အခြားအိမ်များမှာ အိမ်ခေါင်မိုး အနည်းငယ်စီ လန်ကျသွားကြောင်း သူမက ပြောသည်။

ယခု လ ၂၀ ရက်နေ့အထိ လေဆင်နှာမောင်းဒဏ်ခံ ကျေးရွာသားများမှာ အိမ်များကို ပြန်မပြင်နိုင်သေး သဖြင့် ဘုန်တော်ကြီးကျောင်းနှင့် အခြား ဆွေမျိုးများအိမ်တွင် နေထိုင်ခဲ့ကြကြောင်းသိရသည်။

မိုးရာသီဖြစ်သဖြင့် အိမ်များ အမြန်ဆောက်လုပ်ရန် လိုအပ်နေပြီး အကူညီများလည်း လိုအပ်နေကြောင်း သိရသည်။ ခေါင်မိုးလန် ပျက်စီးသွားသော အိမ်တစ်ဆောင် အတွက် ပြန်ပြင်စရိတ်မှာ ကျပ် ရှစ်သောင်းခန့်ရှိ သဖြင့် အများစု ရွာသားများမှာ အိမ်များကို ပြန်ဆောက်ရန် အခက်ကြုံနေကြရသည်ဟု သိရသည်။

No comments: