Thursday, June 30, 2011

တရားဝင်ပါတီဖြစ်ကြောင်း အန်အယ်ဒီ တုံ့ပြန်

မျိုးသန့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီ တခုဖြစ်ပြီး လွှတ်တော် အဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရကို ဆန့်ကျင်လိုခြင်း မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပါတီလုပ်ငန်းများ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ သတိပေးချက်ကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်တုံ့ပြန်လိုက်သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုသို့ လိပ်မူ၍ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ပေးပို့သော စာမိတ္တူကို မဇ္ဈိမက လက်ခံရရှိထားရာ အန်အယ်ဒီသည် ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဟု ပြန်လည် ငြင်းချက်ထုတ်မှု ပါရှိသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ခြင်း မပြုသည့်အတွကနိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည် ဆိုသော အစိုးရ၏ စောဒကကို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ကိုပင် ကိုးကား၍ ပြန်လည် ချေပလိုက်သည်။

“ ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်” ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၄ဝ၉ တွင် ပါရှိသောကြောင့် အဖွဲ့ချုပ်သည် ပျက်ပြယ်ခြင်းမရှိပါ ” ဟု အန်အယ်ဒီ ထိပ်တန်းခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးထိုင်ကာ ပေးပို့သော စာတွင်ပါရှိသည်။

“ ဥပဒေတွေက ပြောရရင် အများကြီးဗျ အဲဒီတော့ ခြုံပြီးတော့ပြောရရင် NLD ဟာ ပျက်မသွားဘူးလို့ ကျနော်တို့ ဥပဒေအရ အဲဒီလိုမြင်တယ်။ ဒါကြောင့် ကျနော်တို့ ဆိုင်းဘုတ်တွေ ချိတ်တာ၊ လှုပ်ရှားမှုတွေကလည်း NLD အနေနဲ့ပဲ လှုပ်ရှားနေတာပါ” ဟု အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် တဦး ဖြစ်သော ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် နယ်လှည့် ခရီးစဉ် မတိုင်မီ ပြည်ထဲရေးဝန်ကြီးဌာနကနိုင်ငံရေး ပါတီအနေဖြင့် လှုပ်ရှားမှု မလုပ်ရန် အစိုးရအာဘော် သတင်းစာများမှ တဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ ဖွဲ့စည်းထားသော လွှတ်တော် အဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရကိုလည်း ဆန့်ကျင်လိုသည့် သဘောထား မဟုတ်ပါ။ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အလေးထား လိုက်နာခြင်းသာ ဖြစ်ပါသည်” ဟု အန်အယ်ဒီ၏ ပေးစာထဲတွင် ဖေါ်ပြထားပြီး ရွေးကောက်ပွဲ ကော်မရှင်က ပါတီအဖြစ်မှ ဖျက်သိမ်းခြင်းကို တရားမဝင်ကြောင်း တရားရုံးချုပ် (ရန်ကုန်)သို့ လျှောက်ထားခဲ့မှုကို ရည်ညွှန်းထားသည်။

တရားဥပဒေစိုးမိုးရေး ပိုမို လုပ်ဆောင်နိုင်ရန် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရေး စီစဉ်ပေးရန် ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကိုမေတ္တာ ရပ်ခံကြောင်းလည်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“တရားဥပဒေ စိုးမိုးရေး အတွက် သဘောထား ဖလှယ်လိုက်ရင် ဒါတွေက ပြေလည်နိုင်စရာတွေ ချည်းပဲလို့ ကျနော်တို့မြင်တယ် ဒါ့ကြောင့်ကျနော်တို့စာမှာ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးကိစ္စ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

No comments: