Sunday, June 26, 2011

မူစယ် ဗုံးကွဲအပြီး ကချင်ရပ်ကွက်များ စစ်ဆေးမှု ပိုလုပ်လာ

သျှမ်းသံတော်ဆင့်

ယခုလ ၁၈ ရက် ည ၉ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ အရာရှိတည်းခိုရိပ်သာတွင် ဗုံးပေါက်ကွဲအပြီး မူစယ် ခရိုင် အတွင်း ရှိကချင်ကျေးရွာ နှင့်ရပ်ကွက်များ ဧည့်စာရင်းစစ်ဆေးမှု ပိုလုပ်လာ ကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များက မူစယ်မြို့အပါအဝင် ကြူကုတ် (ပန်ဆိုင်း) မြို့ပေါ်ရှိ ကချင်ရပ်ကွက်များအား ပစ်မှတ်ထား၍ ယခုလ ၁၉ ရက်မှ စ၍ ဧည့်စာရင်းစစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ပန်ဆိုင်းမှာဆိုရင် ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ဧည့်စာရင်းလာစစ်သွားတယ် မြို့ပေါ် ၁၀ ရပ်ကွက်ရှိတယ် ရပ်ကွက် ၈ က ကချင်အများစု တခြားရပ်ကွက်တွေမစစ်ဘူး ရပ်ကွက် ၈ ကိုပဲရွေးပြီး ၂ ရက်ဆက်တိုက် စစ်သွားတယ် ” ဟု ပန်ဆိုင်းမြို့ခံက ဆိုသည်။

အလားတူ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်အတွင်းရှိ ကချင်ကျေးရွာဖြစ်သော တို့ရှဲန်ရွာတွင် ယခုလ ၂၀ ရက်နေ့က ဧည့် စာရင်းစစ်ဆေးမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

“ရွာတွေလည်း ကချင်ရွာကိုပဲရွေးပြီး ဧည့်စာရင်းဝင်စစ်တယ် အခုပန်ဆိုင်းမှာ ကချင်လူလတ်ပိုင်းယောက်ျား မှန်သမျှ ဘယ်သူမှအိမ်မှာ မအိပ်ရဲတော့ဘူး၊ လူမျိုးရေးခွဲခြားပြီးလုပ်နေတာ” ဟု ဆိုသည်။

ထိုသို့စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်နေသည့်တိုင်အောင် ဗုံးလက်သည် တရားခံကိုဖမ်းဆီးနိုင်ခြင်းမရှိ သေးကြောင်း အာဏာပိုင်သတင်းရပ်ကွက်က အတည်ပြု ပြောသည်။ “လောလောဆယ် တရားခံ တော့ မဖမ်းမိသေးဘူး ဖြစ်စဉ်သတင်းနဲ့ အပျက်အစီး ဓါတ်ပုံသတင်းတင်ထားတယ် ဒီလောက်ပဲ မထူးခြားသေးဘူး ” ဟု ဆိုသည်။

ကချင်ပြည်နယ်နှင့်သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ကချင်ပြည်လွတ်လပ်ရေးတပ်မတော်နှင့်မြန်မာစစ် တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနောက်ပိုင်း ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖေါက်ခံနေရခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ကချင်အမျိုးသမီး ၁၈ ဦးအား မြန်မာစစ်တပ်က အုပ်စုလိုက် မုဒိန်းကျင့်ခဲ့ရာ ၄ ဦးသေဆုံးကြောင်း KWAT ခေါ် ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) က ယခုလ ၂၁ ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန် ခဲ့သည်။

အလားတူ KIAအဖွဲ့မှလည်း လွယ်ဂျယ် - ဗန်းမော်လမ်း တစ်လျှောက် ဆိုင်ကယ်ကယ်ရီသမားများအား စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်နေကြောင်း ဆိုင်ကယ်ကယ်ရီသမား တစ်ဦးက ပြောသည်။

“အခု ဆိုင်ကယ်ကယ်ရီတောင်ထွက်လို့မဖြစ်တော့ဘူး၊ ကေအိုင်အေကလည်း စစ်ဆေးတယ်၊ ၂၁ ရက်နေ့က ဂန်ဂါရွာ နားမှာ ကယ်ရီသမား ၆ ယောက်ကို ခေါ်ပြီးစစ်တယ်၊ တချို့အရိုက်ခံရတယ်” ဟု ကယ်ရီသမားက ဆိုသည်။

ယမန်နေ့နေ့လည်ပိုင်းက ဗန်းမော် - မြစ်ကြီးနား ကားလမ်း ကေအိုင်အေဋ္ဌာနချုပ် လိုင်ဇာမြို့အနီး ခါရာတောင်ခြေတွင် ဆိုင်ကယ် တက္ကစီသမားများ အပါအဝင် အမျိုးသမီး အမျိုးသား ၁၇ ဦးအားကေအိုင်အေ အဖွဲ့မှ စုဆောင်းရေး ခေါ်ဆောင် ခဲ့ရာ ဗန်းမော်ကွန်ပြူတာ တက္ကသိုလ်ဆရာမတစ်ဦး ပါဝင်ကြောင်း သိရသည်။



No comments: