Wednesday, June 22, 2011

ကချင်ပြည်နယ်တိုက်ပွဲများနှင့်ပတ်သက်ပြီး KIO က ဒေသခံလူထုကို အသိပေးထုတ်ပြန်

ရိုးမ ၃

ဇွန်လ (၉) ရက်နေ့မှ စတင်ကာ ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲများနဲ့ ပတ်သက်၍ ဒေသခံ ကချင်ပြည်သူများအား KIO က ကြေညာချက်တစောင် အသိပေးထုတ်ပြန်ခဲ့သည်။

KIA အနေဖြင့် ရှောင်လွဲမရသည့် အခြေအနေများကြောင့် ယင်းကဲ့သို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း အချက် (၂၄) ချက်ပါသည့် ကြေညာချက်ကို ယခုလ (၂၀) ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

KIO အနေဖြင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်လျှက် ဒုက္ခကြုံတွေ့ရမည်ကို မလိုလားကြောင်းနှင့် ဇွန်လ (၁၇) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မမှန်ကန်သည့် သတင်းအားဖော်ပြထားသည့်အတွက် ပြည်သူများအား မှန်ကန်သည့်အဖြစ်အပျက်ကို သိရှိနိုင်ရန် ထုန်ပြန်ကြေညာခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုလ (၈) ရက်နေ့က KIA တပ်မဟာ (၃) တပ်ရင်း (၁၅) ရှေ့တန်းစခန်းသို့ လက်နက်အပြည့်အစုံဖြင့် နယ်ကျွံဝင်ရောက်လာသည့် မြန်မာအစိုးရတပ် ခမရ (၄၃၇) မှ ဗိုလ်ကြီးမြတ်ကိုနှင့် ဗိုလ်ကိုကိုဝင်းအပါအ၀င် တပ်သားတဦးတို့အာ ခေတ္တထိန်းသိမ်းထားခဲ့ရာမှ ခမရ (၄၃၇) ခမရ (၄၃၈)တပ်ဖွဲ့များက KIA ဆန်ဂန်ကျေးရွာရှိ ရှေ့တန်းစခန်းကို စတင်ပစ်ခတ်ခဲ့သည်။

ထိုသို့ အစိုးရတပ်များ တဖက်သက်ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် KIO ဆက်ဆံရေးရုံးကို ၀ိုင်းကာ ဒုတပ်ကြပ်ချန်းယိန်းကို ဖမ်းဆီးခဲ့သည်။ ထိုအခြေအနေထိ KIA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိခဲ့ကြောင်းနှင့် KIA တပ်ရင်း (၁၅) ရှေ့တန်းကင်းစခန်းကို နောက်ဆုတ်၍ ဘွမ်ဆင်စခန်းသို့ ပူးပေါင်းနေပြီး မြန်မာ့တပ်မတော်စစ်ကြောင်းများ ဘွမ်ဆင်သို့ ချီတက်ပစ်ခတ်ခဲ့သည့်အချိန်မှ KIA က ခုခံကာကွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIO က ဒေသခံလူထုကို ရှင်းလင်းထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။

ယခုလ (၉)ရက်နေ့ကတည်းက KIA ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေလျှက်ရှိကာ စစ်ပြေးဒုက္ခသည် နှစ်သောင်းနီးပါးခန့် နေရပ်ကိုစွန့်ခွာပြီး အိမ်နီးချင်း တရုတ်နိုင်ငံနှင့် KIO ဌာနချုပ် လိုင်ဇာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်း ရေကာတာစီမံကိန်းများတွင် အလုပ်လုပ်နေကြသည့် တရုတ်အလုပ်သမား ၂ဝဝ ကျော် တရုတ်ပြည်ကို ပြန်သွားကြပြီဖြစ်သည်။

အဆိုပါ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ကချင်စစ်ပြေးဒုက္ခသည်များမှာ လက်တလောအနေဖြင့် နေရာထိုင်ခင်း၊ စာနပ်ရိက္ခာ အခက်အခဲနှင့် ဆေးဝါးအကူအညီများ လိုအပ်လျှက်ရှိသည်။

No comments: