Saturday, June 4, 2011

သမ္မတကြီး၏ ဆင်းရဲမွဲတေမှု တဲဖျက်ရေး

ရန်ကုန်သားတာတေ

“ကျုပ်တို့ မြန်မာနိုင်ငံကြီးဟာ ၁၉၈၀ ကျော်လောက်ကစပြီး ဆင်းရဲ၊ မွဲတေ၊ ဖွတ်ကျောပြာစု၊ ချုံးချုံးကျခဲ့တာ အခုဆိုရင် အနှစ် ၃၀ နီးပါးကြာခဲ့ပါပြီ” ဟု သမ္မတကြီးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ သူက မြန်မာနိုင်ငံကြီး ဆင်းရဲမွဲတေနေသည်ကို မကြည့်ရက်သဖြင့် ထို ဆင်းရဲမွဲတေမှုကြီး မရှိအောင် တိုက်ဖျက်မည်ဟုလည်း ပြောသေးသည်။

သမ္မတကြီး၏ မိန့်ခွန်းကို နားမထောင်ချင်ဘဲ နားထောင်နေကြသူများမှာ ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ပင် ဖြစ်တော့သည်။ တကယ်က သမ္မတကြီးမှာ မှန်ကိုကြည့်၍ တဦးတည်း မိန့်ခွန်းအပြောကျင့်နေခြင်းဖြစ်၏။ ထိုအချိန်တွင် ဖိုးရှုပ်တို့ ရောက် သွားရာ နားထောင်ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိ မိန့်ခွန်းကို ဆက်လက် ပြောကြားနေခြင်းပင်။

ဖိုးရှုပ်။ ။ နည်းနည်းတော့ ထူးဆန်းတယ်နော်။ အရင်ကဆို မြန်မာပြည်ကို အုပ်ချုပ်တဲ့သူတွေက ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ မြန်မာပြည်ကြီးက ဘယ်လို ဖွံ့ဖြိုးတိုးတက်နေပါပြီ ဆိုတာတွေပဲ ပြောကြတာ။ အခု ဦးသိန်းဂိန်ကျမှ ဘာစိတ်ကူး ပေါက်လဲ မသိဘူး။

ကြွက်စုတ်။ ။ စိတ်ကူးပေါက်တာ မဟုတ်ဘူး စိတ်ရူးပေါက်တာပဲဖြစ်မယ်။

ရုက္ခစိုး။ ။ မင်းတို့ကလည်း စောင့်ကြည့်လိုက် ပါဦးကွာ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း … မြန်မာအစိုးရနဲ့ ပေါင်းစားနေတဲ့သူတွေ ကျနေတာပဲ။ စောင့်ကြည့်လာတာ ကျနော်တို့ တသက် မကတော့ဘူး။ အခုကော ဆက်စောင့်ရဦးမှာလား။

ရုက္ခစိုး။ ။ မဟုတ်ပါဘူး။ ငါဆိုလိုတာက … သူ ဘာဆက်ပြောမလဲ စောင့်ကြည့်ပါဦးလို့။

သမ္မတကြီးက ချောင်းတချက်ဟန့်ကာ ဆက်ပြောသည်။

“ဆင်းရဲမွဲတေတယ် ဆိုတာဟာ ချမ်းသာခြင်း မဟုတ်ဘူး ဆိုတာတော့ အခြေခံသဘော နားလည်ထားရပါမယ်။ ကျုပ်အနေနဲ့ အရင်လူတွေကို အပြစ်ပြောတာ မဟုတ်ဘူးနော်။ အရင် လူတွေလည်း ဆင်းရဲမွဲတေမှုကို ဖုံးဖုံးဖိဖိနဲ့ တိုက်ဖျက်ခဲ့ကြတာပါပဲ။ ဒါပေမယ့် နည်းစနစ်လေးတွေ နည်းနည်း လွဲချော် နေလို့ တိုက်လေ ဆင်းရဲလေ ဖြစ်ကြရတာပါ”

ဖိုးရှုပ်။ ။ ဒါဆို အရင်ကတည်းက ဆင်းရဲကြတယ်ဆိုတာကို ဝန်ခံတယ်ပေါ့နော်။ အစကတော့ မြန်မာပြည်ကြီး ဖွံ့ဖြိုး တိုးတက် သာယာဝပြောနေပါတယ်ဆို။

သိန်းဂိန်။ ။ မိန့်ခွန်းပြောနေတာကို စကားဖြတ်ဖြတ် မပြောပါနဲ့။ ဆက်ပြောပါမယ်။ အရင်လူတွေ မှားခဲ့တာလေး တွေကို နမူနာယူပြီး သကာလ … ကျုပ်လက်ထက်မှာ ဒီ ဆင်းရဲမွဲတေမှုတွေ အကုန် ပပျောက်စေရပါမယ်။

ကြွက်စုတ်။ ။ ဦးသိန်းဂိန်က အာမခံတာလားဟင်။

သိန်းဂိန်။ ။ အာမခံပါတယ်။ တကယ်လို့ ကျုပ်ပြောတဲ့အတိုင်း ဖြစ်မလာရင် ကျုပ်ကို ကြိုက်သလို အပြစ်ပေးပါ။ ခံယူဖို့ အသင့်ပါပဲ။

ရုက္ခစိုး။ ။ ပြောနေ ဆိုနေပုံက တော်တော်လေး ရဲတင်းတာပဲ။ သူမို့ မကြောက်မရွံ့ အာမခံတယ်။

သိန်းဂိန်။ ။ တကယ်တော့ အရင့်အရင် လူတွေက မသိကြလို့ပါ။ နိုင်ငံတနိုင်ငံမှာ ဆင်းရဲသားတွေ ပပျောက်အောင်လုပ်ဖို့၊ ဆင်းရဲမွဲတေမှု ဆိုတာကို လုံးဝ … လုံးဝ မမြင်မတွေ့ရအောင် လုပ်ဖို့ဆိုတာ တကယ့် လွယ်လွယ်လေးပါ။ ငှက်ပျောသီး အခွံခွာ စားတာကမှ ခက်ပါသေးတယ်။

ဖိုးရှုပ်။ ။ အဲဒီလောက် လွယ်ပါ့မလား သမ္မတကြီးရယ်။ တိုင်းပြည်မှာက အလုပ်လက်မဲ့ အရေအတွက်ကလည်း များ၊ လယ်သမားတွေ ဆိုလည်း မျိုးစပါးမကျန်တာနဲ့၊ ရာသီဥတု ဖျက်တာနဲ့၊ အာဏာပိုင်က လယ်တွေ သိမ်းတာနဲ့ အကြွေးတွေ တင်ပြီး ကုန်းကောက်စရာတောင် မရှိတဲ့ ဘဝတွေကို။

ကြွက်စုတ်။ ။ မြို့ပြမှာလည်း ထမင်းရည်တောင် ဝယ်သောက်နေရတဲ့ လူတွေမှ အများကြီး။

ရုက္ခစိုး။ ။ မင်းတို့ကလည်း စောင့်ကြည့်ပါဦးကွာ။

ဖိုးရှုပ်နှင့် ကြွက်စုတ်က ဦးရုက္ခစိုးကို ဒေါသတကြီး လှည့်ကြည့်ရာ ဦးရုက္ခစိုးက “သူ ဘာပြောမယ်ဆိုတာ စောင့်ကြည့် ပါဦးကွာလို့ ပြောတာပါ” ဟု ပြင်ပြောသည်။

သိန်းဂိန်။ ။ ခင်ဗျားတို့ ကြည့်ရတာ တော်တော် အဆိုးမြင် သဘောရှိတဲ့သူတွေပဲ။ ကျုပ် ခင်ဗျားတို့ကို မေးခွန်းတခု မေးမယ်။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်လိုက်ရင် ဘာဖြစ်မလဲ။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တယောက်မျက်နှာ တယောက်ကြည့်ကာ နဝေတိမ်တောင် ဖြစ်နေကြသည်။ ဦးသိန်းဂိန်က သူ့မေးခွန်းကို သူ့ဘာသူ ပြန်ဖြေသည်။

“ဆင်းရဲမွဲတေမှုကို တိုက်ဖျက်လိုက်ရင် ဆင်းရဲမွဲတေမှု ပပျောက်သွားမယ်။ ချမ်းသာခြင်းတွေ ဝင်လာမယ်”

ဖိုးရှုပ်။ ။ ဒါတော့ သိတာပေါ့ဗျ။ ဘာများလဲလို့။

သိန်းဂိန်။ ။ အဲဒါပဲလေ။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရတဲ့ အဓိက ရည်ရွယ်ချက်က ဆင်းရဲမွဲတေမှုတွေ ပပျောက်ဖို့ပဲဟာ။ ဟိုသီချင်း ကြားဖူးကြတယ် မဟုတ်လား။ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည် ... ရတနာ ခုနစ်သွယ် တကယ်ပင် စုံညီ တို့အမျိုးသားတိုင်းပြည် … ဆိုတာ ...၊ နဂါးနိုင်ဓား သီချင်းလေ။

ကြွက်စုတ်။ ။ လုပ်ပြီ … နဂါးနီ သီချင်းပါဗျာ။

သိန်းဂိန်။ ။ ဆောရီး ဆောရီး … ကျုပ်ကြိုက်တဲ့ တရုတ်သိုင်းကားနဲ့ ရောသွားလို့။ အဲဒီ သီချင်းထဲကလို ဖြစ်အောင် လုပ်မှာ။ အဲဒီလို လုပ်ဖို့လည်း လွယ်သမှ လွယ် … လွယ် လို့တောင် မြည်နေသေး။

ဖိုးရှုပ်။ ။ ကဲပါဗျာ … အင်ထရိုတွေ သိပ်များနေပြီ။ ဘယ်လိုလုပ်မလဲ ဆိုတာ ပြောဦး။ တော်ကြာ ဦးရုက္ခစိုးက ဟိုလူကြီးတွေ စကားယောင်ပြီး စောင့်ကြည့်ပါဦး လုပ်ဦးမယ်။

သိန်းဂိန်။ ။ လာမယ် လာမယ် … စောင့်ကြည့်စရာ မလိုဘူး။ မြန်မာပြည်မှာ မီတင်း နေထိုင်ကြတဲ့ သူတွေအားလုံး အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ တဲအိမ်နဲ့ နေတဲ့သူတွေ တဲဖျက်ပြီး တိုက်အိမ်ဆောက်ရမယ်။ အဲဒီတိုက်အိမ်ထဲမှာ လိုအပ်တဲ့ ပစ္စည်း ပစ္စယ အကုန်ဖြည့်ရမယ်။ လျှပ်စစ်ပစ္စည်းတွေက အစပေါ့။

ရုက္ခစိုး။ ။ နိုင်ငံတော် အစိုးရက တာဝန်ယူပြီး လုပ်ပေးမှာပေါ့ ဟုတ်လား။

သိန်းဂိန်။ ။ ဟာ … ဘယ်ဟုတ်မလဲ … ဟိုသီချင်းထဲကလို … ကိုယ့်အားကိုယ်ကိုးရမှာ။ ကိုယ့်ဘာသာ ကိုယ်လုပ်ရမှာ။

ရုက္ခစိုး။ ။ အင်း … သီချင်းနှစ်ပုဒ်ကိုတော့ ကိုးကားနေပြီ။ ဘာဆက်ပြောမလဲ ဆက်စောင့်ကြည့်လိုက်ဦးမယ်။

ဖိုးရှုပ်။ ။ တဲဖျက်ပြီး တိုက်အိမ်ဆောက်ဖို့ ကိုယ့်ဘာသာ ဘယ်လိုလုပ်မလဲ။ ဆင်းရဲလို့ တဲနဲ့ နေပါတယ်ဆိုမှ။

သိန်းဂိန်။ ။ ဒါက ဆင်းရဲမွဲတေမှုကို တိုက်ဖျက်တာပဲ။ နိုင်ငံတော် အစိုးရရဲ့ အမိန့်ပဲ လိုက်ကို လိုက်နာရမယ်။

ကြွက်စုတ်။ ။ ဒါက ဆင်းရဲမွဲတေမှု တိုက်ဖျက်တာမှ မဟုတ်ဘဲ … ဆင်းရဲမွဲတေနေတဲ့ တဲတွေကို ဖျက်တာပဲဟာ။

ရုက္ခစိုး။ ။ တကယ်လို့ တဲမဖျက်နိုင်တဲ့သူတွေ ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။ ။ မဖျက်နိုင်တဲ့ တဲတွေကို ဘူဒိုဇာနဲ့ ထိုးပေးပါမယ်။ ပြီးတော့ လယ်တွေကို စက်မှုနိုင်ငံတော် တည်ထောင်ချင်တဲ့ ခေတ်ပျက် သူဌေးတွေ လက်ကို အပ်လိုက်ပါမယ်။ ဒုတိယအဆင့် အနေနဲ့ မြန်မာပြည်မှာ ချမ်းသာတဲ့သူတွေပဲ ရှိနေရမှာ ဖြစ်တဲ့အတွက် ဆင်းရဲတဲ့သူတွေ အားလုံး တခြားနိုင်ငံတွေကို ကြိုက်တဲ့နည်းနဲ့ သွားခိုင်းမှာ ဖြစ်ပါတယ်။

ဖိုးရှုပ်။ ။ ဟာ ကြံကြံဖန်ဖန်ဗျာ။ မဖြစ်နိုင်တာကြီးကို ...။

သိန်းဂိန်။ ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အခုကို အကောင်အထည်ဖော်နေပြီ။ အခုဆိုရင် လယ်သမားအများစုဟာ သူတို့ကိုယ် သူတို့ ဆင်းရဲတယ်ဆိုတာ သိလို့ သူတို့ တဲတွေကို စွန့်ပြီး အိမ်နီးချင်းနိုင်ငံတွေကို သွားနေကြပါပြီ။

ကြွက်စုတ်။ ။ အဲဒီ အိမ်နီးချင်း နိုင်ငံတွေမှာ တရားဝင် နေရတာ မဟုတ်လို့ လုပ်ခ ခေါင်းပုံဖြတ်ခံရတာတွေ၊ ရဲ အဖမ်းခံရတာတွေ … ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။ ။ သြော် … လုပ်ခ ခေါင်းပုံဖြတ်တယ် ဆိုပေမယ့် မြန်မာပြည်မှာ အစိုးရက ခေါင်းပုံဖြတ်တာလောက် မဆိုးဘူးလေ၊ သူများနိုင်ငံမှာ ရဲဖမ်းတယ် ဆိုတာကလည်း မြန်မာပြည်မှာ ထစ်ခနဲရှိ ဖမ်းမယ် ဆိုတာလောက် မဆိုးပါဘူး။ အဲဒါကို သူတို့လည်း သိတဲ့အတွက် တော်တော်များများ ဟိုဘက်နိုင်ငံတွေကို ကူးကုန်ကြပါပြီ။

ဖိုးရှုပ်။ ။ ဒါကတော့ မျက်နှာလွှဲ ခဲပစ် လုပ်ရာကျပါတယ်ဗျာ။

သိန်းဂိန်။ ။ ဒီလိုလည်း မဟုတ်ပါဘူး။ ဆင်းရဲတဲ့သူတွေဟာ အမှိုက်လိုပဲ မျက်စိထဲမှာ တော်တော်ရှုပ်ပါတယ်။
ဒါကြောင့် တံမျက်စည်းနဲ့ လှည်းထုတ်လိုက်တဲ့ သဘောပါ။ နောက်တခုကတော့ သတ္တဝါတခု ကံတခုပါ ခင်ဗျာ။ ကိုယ့်လက်ကလွတ် ဗြွတ်ပေါ့ ...။

ဖိုးရှုပ်။ ။ သြော် … သြော် … ဒီလိုနဲ့ မြန်မာပြည်ကြီးက တလအတွင်း ချမ်းသာပြီပေါ့။

သိန်းဂိန်။ ။ ဟုတ်ပါတယ်။ ဒါက အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းပါပဲ။ ကျုပ်တို့ရဲ့ အစိုးရသစ် ဟန်းနီးမွန်းကာလ ရက် ၁၀၀ အတွင်း ချမ်းသာအောင်လုပ်နည်း ဆိုလည်း မမှားပါဘူးခင်ဗျာ။ ဆင်းရဲတဲ့သူတွေ ထွက်သွားလို့ … ကျန်ခဲ့တဲ့ တဲတွေကို ဖျက်လိုက်ရင် မြန်မာပြည်ကြီးဟာ တလလောက်အတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ပြီးသား ဖြစ်သွားပါမယ်။ ချမ်းသာတဲ့ မြန်မာနိုင်ငံကြီး ဖြစ်သွားပါမယ်။

သမ္မတကြီးက “အဲဒီမှာပဲ မြန်မာနိုင်ငံကြီးဟာ နဂါးနိုင်ဓား သီချင်းထဲကလို … အဲ … နဂါးနီ သီချင်းထဲကလို … ဘိုးဘိုးအောင် မလိုက်သလား ထင်ရအောင် ချက်ချင်းကြီး ပြောင်းလဲသွားပါလိမ့်မယ်” ဟုပြောရင်း ၎င်း၏ မိန့်ခွန်းကို အဆုံးသတ်လိုက် လေသည်။

ကြွက်စုတ်။ ။ လူမွဲတွေလည်း မနှေးခေတ်မီ နိုင်ငံခြားထွက်တော့သည် လို့ ပြောင်းဆိုရမလို ဖြစ်နေပြီ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုး … စောင့်ကြည့်ချင်သေးလား။

ရုက္ခစိုး။ ။ ဆက်စောင့်ရင် ငါတို့ကိုပါ အမှိုက်နဲ့တူတယ် ဆိုပြီး တံမျက်စည်းနဲ့ လှဲထုတ်မှာစိုးရတယ်။ တော်လောက်ပြီ။ လစ်တော့မယ်ဟေ့။

ပြောပြောဆိုဆို ဦးရုက္ခစိုးကြီး ကိုယ်ယောင်ဖျောက်သွားသဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ်လည်း သမ္မတကြီး၏ “ဆင်းရဲမွဲတေမှု တဲဖျက်ရေး” မိန့်ခွန်း စက်ကွင်းမှ လွတ်ရာသို့ ခြေကုန်သုတ်ကြ လေတော့သတည်း။ ။

No comments: