ရန်ကုန်သားတာတေ
“ကျတယ်ကွာ … ကျလွန်းတယ်”
“နည်းနည်းတော့ ပြန်တက်သလို ရှိပါတယ်ကွ”
“အင်းလေ … ကျပြီးရင် ပြန်တက်ရတဲ့ သဘော ရှိတာကိုး။ ဒီလိုပဲ တက်ပြီးရင်လည်း ပြန်ကျဦးမှာပေါ့”
“တက်ပြီး ပြန်မကျတာ တခုတော့ ရှိတယ်ကွ”
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသားသည် ချင်းမိုင်မြို့ရှိ ဝှေ့သင်းထောက် ကန်ကြီး နဘေးတွင် ထိုင်ရင်း ဒေါ်လာဈေး၊ ဘတ်ဈေး၊ ယွမ်ငွေ၊ ရင်းဂစ် စသည့် နိုင်ငံခြား ငွေဈေးများ မြန်မာပြည်အတွင်း ထိုးကျသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေကြခြင်း ဖြစ်သည်။ ထိုသို့ ဆွေးနွေးပင် ဆွေးနွေးနေကြသော်လည်း သူတို့ နှစ်ဦးစလုံးမှာ ငွေဈေးနှင့် ပတ်သက်၍ သေသေချာချာ ဂဃ နဏ နားမလည်ကြပေ။ ဘေးတွင် နားထောင်နေသော ဦးရုက္ခစိုးမှာလည်း သူတို့ ဆွေးနွေးချက်များကို နားထောင်ရင်း အတော်ကလေး ခေါင်းရှုပ်နေသည်။
ရုက္ခစိုး။ ။ ရှုပ်နေတာပဲကွာ။ ဘာတွေမှန်းကို မသိဘူး။
ဖိုးရှုပ်။ ။ ဒေါ်လာဈေးတွေ၊ ဘတ်ဈေးတွေ ကျတယ်လေ ဦးရုက္ခစိုးရဲ့။
ရုက္ခစိုး။ ။ အေးလေ … အဲဒီတော့ ဘာဖြစ်လဲ။ မင်းတို့ ပြောနေတာက လိုရင်းကို မရောက်ဘူး။
ကြွက်စုတ်။ ။ ဒေါ်လာဈေးက ကျပြီးသွားတော့ တဖြည်းဖြည်း ပြန်တက်တယ်၊ ဒါပေမယ့် တက်ပြီး ပြန်မကျတာက မြန်မာပြည်ထဲက ကုန်ဈေးနှုန်း … အဲဒါကို ပြောတာ။
ရုက္ခစိုး။ ။ ရှင်းရှင်း ပြောပါလားကွာ။ ရုက္ခစိုးတောင် ခေါင်းရှုပ်တယ်။
စိတ်ရှုပ်ရှုပ်နှင့် ကွပ်ပြစ်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်လိုက်စဉ် ဦးရုက္ခစိုး၏ မျက်နှာတည့်တည့်ကို ရောင်ပြန်ဟပ်သကဲ့သို့ ပြောင်ပြောင်လက်လက် အရိပ်တခု ကျလာသည်။
ရုက္ခစိုး။ ။ ဟာ … စိတ်ရှုပ်ပါတယ်ဆိုမှကွာ …။ ဘယ်က မှန်လာထိုးနေပါလိမ့်။ ဖိုးရှုပ်ရေ … ဒီနားမှာ ရုပ်ရှင် ရိုက်ကွင်းတွေ ဘာတွေများ ရှိနေလို့လား။
ဖိုးရှုပ်။ ။ ကျနော်တော့ မတွေ့မိပါဘူး။
ကြွက်စုတ်။ ။ ဟာ … သ … သမ္မတကြီး ဦးသိန်းဂိန်ဗျ။ သူ့ထိပ်က ပြောင်နေတော့ ဦးရုက္ခစိုးမျက်နှာကို မှန်ထိုးသလို ဖြစ်နေတာ။
သိန်းဂိန်။ ။ ဟဲဟဲ ဟဲဟဲ ဟဲဟဲ ဟဲဟဲ ...။ ကျန်းခန့်သာလို့ မာကြရဲ့နော်။
ဖိုးရှုပ်။ ။ ကျန်းမာတာကတော့ ဒေါင်ဒေါင်မြည်ပဲဗျ။ လူက ကျန်းမာပေမယ့် စိတ်က မကျန်းမာဘူး ဖြစ်နေတာ။ မြန်မာပြည်ကို ငွေ မလွှဲရဲဘူး၊ နှလုံးရောဂါ ရလိမ့်မယ်။
ကြွက်စုတ်။ ။ ဟုတ်တယ် သမ္မတကြီး။ မြန်မာငွေဈေး မာတယ်၊ မာတယ်နဲ့ … ကုန်ဈေးနှုန်းက အထက်ကို တက် ကပ်နေပါလား။
သိန်းဂိန်။ ။ မလောကြပါနဲ့ဗျာ ...။ စောင့်ကြည့်ကြပါဦး။
ရုက္ခစိုး။ ။ စောင့်ကြည့်နေတဲ့ အချိန်မှာ မြန်မာပြည်သူ ပြည်သားတွေ ကျုပ်တို့ နတ်တွေလို အငွေ့ပဲ စားထားလို့ ပြောရမလို ဖြစ်နေပြီ။
ဖိုးရှုပ်။ ။ ကျနော်တို့ နားမလည်တာက … နိုင်ငံခြားငွေဈေးတွေ ဒီလောက် ကျနေတာတောင် ဘာလို့ မြန်မာငွေက တန်ဖိုးမတက်ရတာလဲ။
သိန်းဂိန်။ ။ အဲဒါကို ကျုပ်လည်း သိချင်နေတာဗျ ...။ အဲ … သိပြီ သိပြီ။ ဒါ အနောက်အုပ်စုတွေ လုပ်လို့၊ အမေရိကန် လုပ်လို့ ...။ သူတို့ စီးပွားရေးပိတ်ဆို့လို့ ဒီလိုဖြစ်ရတာ။
ကြွက်စုတ်။ ။ ဖြစ်ရပြန်ပြီ ...။
သိန်းဂိန်။ ။ ဒါပေမယ့် မပူပါနဲ့။ အခု ကျနော်တို့ အရမ်းအရမ်းကို ကြိုးစားနေပါတယ်။ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေး ကောင်စီကို တင်ပြထားတယ်။
ရုက္ခစိုး။ ။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ဆိုရင် မြန်မာပြည်တွင်းက လူ့အခွင့်အရေးကိစ္စတွေကို အရင်ဆုံး လုပ်ရမှာနော်။
သိန်းဂိန်။ ။ ဒါပဲလေ … အဲဒီကိစ္စကို ကျနော်တို့ လုပ်နေပါတယ်။ မြန်မာပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေ အတွက် ကြိုးကြိုးစားစားကို ဆောင်ရွက်နေပါတယ်။ အခုဆို နိုင်ငံရေး အကျဉ်းသားတွေလည်း အများကြီး (လက်နှစ်ဘက်ကို ဆန့်တန်း၍) လွှတ်ပြီးပါပြီ။
ဖိုးရှုပ်။ ။ မသိတဲ့သူတွေကို သွားရွှီးဗျာ။ လွတ်ရက်စေ့ခါနီးတွေကို လွှတ်ပေးပြီး လူ့အခွင့်အရေး လုပ်နေတယ်တော့ လာမပြောနဲ့။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဇာဂနာတို့ကို လွှတ်ပြီးရင်တော့ ပြော။
သိန်းဂိန်။ ။ ဒါက ဒီလိုရှိပါတယ်။ ကျနော်တို့ အခြေခံဥပဒေထဲက အတိုင်း သေချာ ဆောင်ရွက်နေတာပါ။ နည်းနည်းတော့ ကြန့်ကြာမယ်ပေါ့ဗျာ။ ဒါကို သည်းခံရမှာပေါ့။
ကြွက်စုတ်။ ။ ၆၅ နှစ် သည်းခံရမှာထင်တယ်နော်။
ဖိုးရှုပ်။ ။ သမ္မတကြီး မိန့်ခွန်းထဲမှာ ပြောခဲ့သလို သန့်ရှင်းသော အစိုးရဖြစ်ဖို့ အခြေခံအကျဆုံး အရေးအကြီးဆုံး မီဒီယာ လွတ်လပ်ခွင့်ကော ဘယ်မှာလဲ။
သိန်းဂိန်။ ။ ဒါလည်း တဖြည်းဖြည်းနဲ့ လုပ်ပေးနေပါတယ်။ စောင့်ကြည့်ပါဦးဗျ။
ရုက္ခစိုး။ ။ စောင့်လာတာလည်း နှစ်ပေါင်းက မနည်းတော့ဘူး ဦးသိန်းဂိန်။ နောက်ထပ် ဘယ်နှနှစ် စောင့်ရမှာလဲ။ ကျုပ်ရဲ့ ဒီလောက်ရှည်တဲ့ နတ်သက် ကုန်တာတောင် ခုနက ပြောတာတွေ ရပါ့မလား။
သိန်းဂိန်။ ။ ဦးရုက္ခစိုးကလည်းဗျာ ...။ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို သွားနေတာပါ ဆိုနေမှ … ချက်ချင်းတော့ ဘယ်လွယ်မလဲ။ နည်းနည်းတော့ စောင့်ရမှာပေါ့။
ဖိုးရှုပ်။ ။ စောင့်တယ်ပဲ ထားပါတော့ ဦးသိန်းဂိန်ရယ်။ စောင့်ရင်းနဲ့ ဦးရုက္ခစိုးပြောသလို အငွေ့ပဲ စားလို့မရလို့ ဒီဘက်ကို ထွက်ပြေးလာတဲ့ မြန်မာပြည်သားတွေလည်း တဖြည်းဖြည်း များလာပြီနော်။ တချို့ရွာတွေဆို အသက်ကြီးတဲ့ သူတွေနဲ့ ကလေး ပေါက်စတွေပဲ ကျန်တော့တာ။
သိန်းဂိန်။ ။ ဒါ မျိုးချစ်စိတ် မရှိတဲ့သူတွေဗျ။ သွားချင်တဲ့သူတွေ သွားစမ်းပါစေဗျာ။ သူတို့ ထမင်းလေး ငတ်တာ၊ မီးလေး ပျက်တာကို ပုံကြီးချဲ့ပြောနေကြတယ်။ ဒါတွေထက် အရေးကြီးတာတွေ သူတို့ ဘာမှမသိဘူး။
ကြွက်စုတ်။ ။ ခုနက ပြောတော့ လူ့အခွင့်အရေးဆို။ ဒီထက် အရေးကြီးတာတွေက ဘာတွေများပါလိမ့်။ ပြောပါဦး။
သိန်းဂိန်။ ။ လု အခွင့်အရေးတင် မကဘူး၊ ဝ အခွင့်အရေးတွေပါ လုပ်ပေးနေတယ်။ တနိုင်ငံလုံးမှာ လု တွေ ဝ တွေ ချည်းပဲလေ။ ထွက်သမျှ သယံဇာတတွေလည်း လုတို့ ဝတို့ ကိုပဲ ဈေးပေါပေါနဲ့ ရောင်းပေးတယ်။ လုပ်ကွက်တွေလည်း လု တွေ ဝ တွေနဲ့ပဲ ဖက်စပ် လုပ်ခွင့်ပေးတယ်။ တလောက တရုတ်ပြည် သွားတုန်းကတောင် အစ်ကိုကြီး နံကြားချောင်က ကျုပ်ကို လု သိပ်တော်တယ် … ဝ တို့အခွင့်အရေး လုပ်ပေးတယ်လို့ ချီးကျွေး … အဲ … ချီးကျူးလိုက်သေးတယ်။
ဖိုးရှုပ်။ ။ ဟာ … အဲဒီ လု မဟုတ်ဘူးလေ … လ နှစ်ချောင်းငင် … အောက်ကမြစ်နဲ့ လူ့ အခွင့်အရေးကို ပြောတာ။
သိန်းဂိန်။ ။ သိပါတယ်ဗျာ။ ဆရာမလုပ်ပါနဲ့။ အခုဆို ကိုတေဂွတို့၊ ကိုပေါ်ပေါ် တို့လို စီးပွားရေး လုပ်ငန်းကြီးတွေ လုပ်နေတဲ့ သူတွေအတွက် သူတို့ ဘယ်နေရာမှာ လယ်တွေ သိမ်းချင်သလဲ၊ ဘယ်နေရာမှာ စက်ရုံ ဆောက်ချင်လဲ၊ ဘာစီးပွားရေးတွေ တိုးချဲ့ချင်လဲ၊ ဘာပါမစ်တွေ ထပ်လိုချင်လဲဆိုတာ တချိန်လုံး စဉ်းစားပေး၊ လုပ်ပေးနေရတာ။ သူတို့က လူတွေ မဟုတ်ဘူးလား။ သူတို့အရေး လုပ်ပေးတာလည်း လူ့အခွင့်အရေးပဲပေါ့။
ရုက္ခစိုး။ ။ သြော် … အဲဒီလိုလား။ ဆော်ကြမ်းရဲ့ သားကို အမျိုးသား ကဇာတ်ရုံကြီး ပေးလိုက်တာလည်း လူ့အခွင့်အရေး လုပ်ပေးတာပဲပေါ့နော်။
သိန်းဂိန်။ ။ ဒါပေါ့ ဒါပေါ့ ...။ ဒါတင် မကပါဘူး … အခု မကြာတော့မယ့်အချိန်မှာ ကျင်းပမယ့် ချိုကုပ်ဒူးကြီးရဲ့ မြေးတော်လေး ဖိုးလောက်လန်းရဲ့ မွေးနေ့ပွဲကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနိုင်ဖို့ ကျုပ် လုံးဝ လုံးဝ မအားရပါဘူးဗျာ။
“အဲဒါကတော့ မျောက်အခွင့်အရေး ဖြစ်မယ်” ဟု ကြွက်စုတ်က ဝင်ပြောလိုက်သည်ကို ဦးသိန်းဂိန် မကြားလိုက်ပေ။
သိန်းဂိန်။ ။ နောက်ထပ် ရှိသေးတယ်ဗျ။ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတခု ဖြစ်တဲ့ ဦးပိုင်ကို အခွန် ကင်းလွတ်ခွင့် ပေးတာလည်း လူ့အခွင့်အရေးပဲ မဟုတ်လား။ စစ်သားဆိုတာလည်း လူပါပဲ ကွယ် ငှယ် … ငှယ် ...။
ဖိုးရှုပ်က “သနားစရာတောင် ကောင်းနေပြီ” ဟု စိတ်ထဲက ပြောလိုက်သည်။
သိန်းဂိန်။ ။ ဒီလောက် လူ့အခွင့်အရေးတွေ လုပ်ပြနေတာတောင် အခုအချိန်ထိ စီးပွားရေးပိတ်ဆို့ထားတာတွေ မရုပ်သိမ်း ပေးဘူးတဲ့ဗျာ … ကောင်းကြသေးရဲ့လား။ တကယ်ကို စာနာသနားစိတ် မရှိတဲ့သူတွေပဲ။ အခုဆိုရင် တေဂွတို့၊ ပေါ်ပေါ်တို့လို ဘီလျံနာတွေ၊ စစ်အုပ်ချုပ်ရေးခေတ်မှာ ချမ်းသာသွားတဲ့ ချိုကုပ်တွေခမျာ အမေရိကားမှာ ရှော့ပင် ထွက်ခွင့်လေးတောင် မရှိတဲ့ဘဝ … ။ ရက်စက်လိုက်ကြတာဗျာ။
ရုက္ခစိုး။ ။ သြော် … မျက်ရည် ဘူးသီးလုံးလောက် ကျတဲ့အထိ ဝိုင်းငိုပေးရတော့မယ့် ပုံပဲ။
သိန်းဂိန်။ ။ စဉ်းစားကြည့်ပါဗျာ။ ကျုပ်တို့ ချိုကုပ်တွေရဲ့ သားသမီးတွေခမျာ အင်္ဂလန်မှာ တက္ကသိုလ် တက်ချင်ရင်တောင် ဘယ်လို တက်ရမလဲ၊ အီတလီက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးမှာထိုင်ပြီး အကောင်းစား ဝိုင်ကလေးတောင် မသောက်နိုင်တော့တဲ့ ဘဝ ရွှတ် … အဟင့်။ စကားမစပ် ကျုပ် သမီး မင်္ဂလာဆောင်ကို ပြင်သစ်မှာ လေယာဉ်စီးလုံးငှားပြီး သွားကျင်းပချင်တာ မကျင်းပလိုက်ရဘူးဗျာ … အောင်မလေး … အဖြစ်ဆိုးလှချည်လား သမီးရဲ့။
ပြောရင်းက ဦးသိန်းဂိန်ကြီး တကယ်ငိုနေတော့သည်။
ဖိုးရှုပ်။ ။ အဲဒီလောက် မငိုပါနဲ့ဗျာ…။ စိတ်တော့ ခိုင်ခိုင်ထား။ ပြောစရာက ရှိသေးတယ်။ ကချင်ဒေသမှာ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်တော့ ကချင်လူထု တော်တော်လေး ဒုက္ခရောက်ကြတယ်ဗျ။
သိန်းဂိန်။ ။ ဘာ … ဘာပြောလိုက်တယ်။ တိုးတိုးပြောစမ်းပါ။ ဘာမဟုတ်တဲ့ ကိစ္စလေးကိုများ။ တော်ကြာ လူ့အခွင့်အရေး ကောင်စီက ကြားသွားပြီး ကျုပ်ကို တမျိုး ထင်နေပါ့မယ်။
ရုက္ခစိုး။ ။ ဟင် … ဘာမဟုတ်တဲ့ ကိစ္စမဟုတ်ဘူးလေ။ ဒေသခံ ဒုက္ခသည်တွေ ဒီလောက် အများကြီး ထွက်ပြေးနေကြ ရတာ။
သိန်းဂိန်။ ။ ဒုက္ခသည်တွေ မဟုတ်ပါဘူးဗျာ ...။ ဒါ သောင်းကျန်းသူတွေပါ။
ကြွက်စုတ်။ ။ ဟာ … မဟုတ်တာဗျာ … တချို့ ရွာသားတွေဆို ဘယ်ကို ပြေးရမှန်းမသိတဲ့သူနဲ့၊ အကုန် ဒုက္ခ ရောက်နေ ကြတာပါ။
သိန်းဂိန်။ ။ သိတယ် … သိတယ်။ အဲဒါတွေ မကြားချင်လို့ ကျုပ် ဒီဘက်ကို ခဏ လာရှောင်နေပါတယ် ဆိုမှ … ခင်ဗျားတို့က လာပြောနေပြန်ပြီ။
ဖိုးရှုပ်။ ။ ဘာသိတာလဲ ဦးသိန်းဂိန်ရဲ့။ ဒါ ခင်ဗျား ဖြေရှင်းရမယ့် ကိစ္စ မဟုတ်ဘူးလား။ ဒီလူတွေ လူ့အခွင့်အရေး ဘယ်လောက် ဆုံးရှုံး နေပြီလဲ။ နေ့နေ့ ညည … ကျီးလန့်စာစား ဖြစ်နေကြရတာ။
သိန်းဂိန်။ ။ ခင်ဗျားတို့ ဒေဝါလီမဂ္ဂဇင်း အပါအဝင် ပြည်ပ မီဒီယာတွေ လုပ်လို့ ဒီလောက် ကြီးကျယ်သွားတာပါဗျာ။ တကယ်က ဒါ ဘာမှ မဟုတ်ဘူး။ နားလည်မှု ပိစိကွေးလေး လွဲသွားတာ။ ကျုပ်ဘာသာ အိမ်မှာနေရင်း ဇက်ကျောတက်လို့ မိန်းမကို နှိပ်ခိုင်းနေတုန်း ဘာတွေ လာပြောမှန်းမသိဘူး၊ အဲဒီအချိန်မှာ ကျုပ်ကလည်း မိန်းမကို နောက်ကျောကို ထု၊ ထု လို့ ပြောလိုက်တယ်။ အဲဒါကို နားလည်မှုလွဲပြီး ကချင်မှာ သွားထု တော့တာပဲ။ ဒါလည်း သိပ်မများလှပါဘူး။ လောင်ချာနဲ့ အချက် ၂၀၀ လောက်ပဲ ထုရသေးတာပါ။
ကြွက်စုတ်။ ။ အခုတော့ နှစ်ဘက်လုံး အထိနာကုန်ပြီ။ ဘယ်လို လုပ်မလဲ။ ဒေသခံတွေလည်း ဒုက္ခရောက်ကြတယ်။ ဒါကို ဦးသိန်းဂိန် မျက်နှာလွှဲ ခဲပစ် မလုပ်သင့်ပါဘူး။
သိန်းဂိန်။ ။ ကျုပ်တို့ဘက်က ကျချင်သလောက် ကျပါစေ။ ကျုပ်သေတာမှ မဟုတ်ဘဲ … အဲ … ယောင်သွားလို့။ အများကြီး ကျန်သေးတာပဲ။ ထပ်ထပ်ပြီး အင်အား ပို့ပေးဖို့ အဆင်သင့်ပဲ။ လုံး ….......... ဝ မျက်နှာလွှဲ ခဲပစ် မလုပ်ပါဘူးဗျာ။
ဖိုးရှုပ်။ ။ ခုနက ပြောတော့ လူ့အခွင့်အရေးဆို။ အဲဒီက ဒေသခံတွေနဲ့ တိုက်ပွဲမှာ ကျရတဲ့ နှစ်ဘက် စစ်သားတွေလည်း လူတွေပဲ မဟုတ်ဘူးလား။
သိန်းဂိန်။ ။ ဟာ အခုမှ သတိရတယ် …။ ကျုပ် အဲဒီဒေသမှာ လု အခွင့်အရေးအတွက်ကော … ဝ အခွင့်အရေး အတွက်ကော စီစဉ်ပေးထားတယ်။ ဆည်ဆောက်နေတဲ့ ထောင်ကဲ အင်ဂျင်နီယာ တွေလေဗျာ ...။ တကယ် သနားစရာ ကောင်းပါတယ်။ သူတို့တွေရဲ့ လုံခြုံရေးကို ကျုပ်တို့ အပြည့်အဝ ကာကွယ်ပေးထားပါတယ်။
ထိုစဉ် ဝှေ့သင်းထောက် ကန်စောင်းတနေရာ၌ ဆော့ကစားနေသော ကလေးတဦးက ဗြောက်အိုးတလုံးကို ဖောက်လိုက်ရာ သေနတ်သံကဲ့သို့ “ထိန်း” ခနဲ မြည်ဟီးသွားသဖြင့် ဦးသိန်းဂိန်လည်း “အောင်မလေးဗျ … ပစ်ပြီဗျ ပစ်ပြီ … ကျုပ် အခွင့်အရေးက တကယ် အရေးကြီးတယ် … ပြေးပြီဗျို့” ဟု အော်ရင်း တချိုးတည်း ထွက်ပြေးလေတော့ သတည်း။ ။
No comments:
Post a Comment