နိရဉ္စရာ
စစ်တွေ တက္ကသိုလ်မှ ဒုတိယနှစ် သင်္ချာကျောင်းသား တစ်ဦးသည် ယမန်နေ့ (သောကြာနေ့) က အပန်းဖြေသွားရောက်စဉ် စစ်တွေ ပွိုင့်ကမ်းခြေတွင် မမျှော်လင့်ဘဲ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူမှာ ကိုအောင်မြတ်ကျော် ဖြစ်ပြီး စစ်တွေ အိုးတန်းရပ်ကွက်မှ ဖြစ်သည်။
" သေဆုံးသွားတာက စစ်တွေ ပွိုင့်ကမ်းခြေမှာ ထိုင်နေစဉ် လိုင်းရိုက်ပုတ်ပြီးတော့ ရေထဲ လှိမ့်ကျသေဆုံးသွားတာ ဖြစ်ပါတယ်။ သောကြာနေ့ ညနေပိုင်းမှာ ဖြစ်တာပါ။ အခုတော့ သူ့အလောင်းကို ရရှိပြီး စစ်တွေဆေးရုံကြီးကို ပို့ထားလိုက်ပါပြီ" ဟု ရပ်ကွက်ထဲက လူငယ် တစ်ဦးက ပြောသည်။
ကိုအောင်မြတ်ကျော်မှာ သူ၏ အမျိုးသမီး အဖေါ် နှစ်ဦးနှင့် အတူ ပွိုင့်ကမ်းခြေသို့ သွားရောက် အပန်းဖြေစဉ် ယခုကဲ့သို့ ရင်နင့်ဖွယ်ရာ အဖြစ်ဆိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
သူ့အလောင်းအား သေဆုံးပြီးနောက်တစ်နေ့ စနေနေ့တွင်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောလ အနည်းကလည်း စစ်တွေဆေးရုံကြီးနားတွင် ညဥ့်အချိန် မောင်တော နစက တပ်ဖွဲ့မှ ဗိုလ်ကြီး တစ်ဦး မောင်းနှင်လာသော ကားတစ်စီး တိုက်မူကြောင့် စစ်တွေ တက္ကသိုလ်မှ ကျောင်းသား တစ်ဦးပွဲချင်းပီးသေဆုံးခဲ့သည်။
စစ်တွေ ပွိုင့်ကမ်းခြေမှာ စစ်တွေမြို့ တောင်ဘက်စွန်း အငူတွင် တည်ရှိပြီး အားလပ်ရက်များတွင် စစ်တွေမြို့သူ မြို့သားများ အပန်းဖြေရာ နေရာ တစ်ခုဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment