
ယနေ့ နိုဝင်ဘာလ ၇ ရက် နေ့ဟာ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း စစ် အာဏာရှင် စနစ်နဲ့ အုပ်ချုပ် ခဲ့တဲ့ မြန်မာ နိုင်ငံမှာ နှစ် ၂၀ ကျော် အတွင်း ကျင်းပ ပေးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ပတ် လည်နေ့ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရ တည်ထောင်ခွင့် ရလာခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရထားတဲ့ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ နိုင်ငံရေးပါတီ ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များကသာ တိုင်းရင်းသား ပြည်နယ်တွေမှာ အစိုးရခေါင်းဆောင်တွေ ဖြစ်လာခဲ့ပါတယ်။
အပြောင်းအလဲတခု အနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေက ပြည်နယ်အစိုးရသစ် ဖွဲ့စည်းတဲ့နေရာမှာ တိုင်းရင်းသားပါတီတွေထဲက ပြည်နယ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကို ထည့်သွင်းခဲ့ပါတယ်။
မွန်ပြည်နယ်မှာဆိုရင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီထဲက ကိုယ်စားလှယ် ၂ ဦး အစိုးရအဖွဲ့မှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ အရွေးခံရတဲ့ ပုဂ္ဂိုလ် ၂ ဦးကတော့ အခုလက်ရှိ မွန်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင်နဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးတို့ ဖြစ်ပါတယ်။
မွန်လူမျိုး၂ ဦး အခုလို မွန်ပြည်နယ် အစိုးရအဖွဲ့မှာ အရွေးခံရတယ်ဆိုတော့ ကနဦးမှာ မွန်လူမူအဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အကောင်းဘက်ကို ရှုမြင်ကြပါတယ်။ မွန်ကိုယ်စားလှယ်တွေ ပြည်နယ်အစိုးရအဖွဲ့ထဲမှာ ရှိတယ်ဆိုတော့ အနည်းဆုံး မွန်စာပေ၊ ယဉ်ကျေးမှုနဲ့ လက်ရှိချွတ်ယွင်းနေတဲ့ ပြည်နယ်ရဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အနည်းနဲ့အများ ပါဝင်ကူညီ ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားခဲ့ကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တာ တနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ လက်တွေ့ကျကျ ပြောင်းလဲမှု တစုံတရာ မတွေ့ရှိရတဲ့အတွက် မွန်ကိုယ်စားလှယ် ၂ ဦးဟာ မွန်လူမှုအဖွဲ့အစည်းမှာ ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်တဲ့အာဏာတွေ မရှိဘူးလို့ မွန်လူမှုခေါင်းဆောင်တွေက ဆိုပါတယ်။
“ဒီလူတွေဆီမှာ လုပ်ဖို့အာာဏာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်က ချုပ်ကိုင်ထားလို့ပဲ” ဟု မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်း ဖြစ်သူ နိုင်တင်အောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ လလောက်မှာ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင်ဟာ သူရွေးကောက်တင်မြှောက်ခံရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။ မွန်လူမှုအဖွဲ့အစည်းတချို့က မွန်စာပေ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ သူ့ကို တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူက ဒီအကြောင်း သူ့ကို လာမပြောနဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဆီ သွားပြောပါ ဆိုပြီး ပြန်ပြောခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ အငြိမ်းစာ ဗိုလ်ချုပ်ကြီး နိုင်ကောင်းရွတ်က သူကြားခဲ့ရတာကို ကောင်းဝါသတင်းဌာနကို ပြောပြပါတယ်။
“ဒီလူတွေဟာ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်တွေ ဖြစ်သွားကြပြီ။ မွန်ကြံ့ဖွံ့က ဗမာကြံ့ဖွံ့ထက် ဆက်ဆံရတာ ခက်လာပြီ” လို့ နိုင်ကောင်းရွတ်က ပြောပါတယ်။
မွန်လူမှုခေါင်းဆောင်တွေက မွန်ဝန်ကြီး၂ ဦးကို မွန်စာပေ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းပြောဆိုခဲ့ပေမဲ့ ဒီနေ့အထိ ပြောင်းလဲမူ တစုံတရာ ဖြစ်မလာခဲ့ပါဘူး။
နိုင်လဝီအောင်ကတော့ မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ရွာမှာ အိမ်တိုင်း လျှပ်စစ်မီးရဖို့ အိမ်တအိမ်ကို ကျပ်ငွေ ၄ သိန်း ကောက်ခံနေကြောင်း သိရပါတယ်။
ငွေကြေး တတ်နိုင်တဲ့ အိမ်တွေက လျှပ်စစ်မီး ရဖို့အတွက် ငွေကြေးတွေကို ပေးနိုင်ကြပါတယ်။ ဒါပေမဲ့ မွန်ပြည်နယ်မှာ လျှပ်စစ် အလုံအလောက် မရှိတာ နှစ်ကာလ အတော်ကြာနေပါပြီ။ အခု နိုင်လဝီအောင်ရဲ့ ကြိုးပမ်းမှုဟာ အကောင်အထည်ပေါ်နိုင်ဖို့ ခက်တယ်လို့ ရွာသားတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
“ကျနော်တို့ မုဒုံမှာ တပတ်ကို ၃ ရက်လောက်ပဲ မီးလာတယ်။ လာတောင်မှ လူအိပ်တဲ့အချိန်ရောက်မှ လာတာ။ ပြီးတော့ မနက် ဆွမ်းမချက်ခင် အချိန်မှာ မီးက ပြန်ပြတ်သွားတယ်။ အခု သူ့ရဲ့ လုပ်ဆောင်ချက်အတိုင်းဆိုရင် ရွာမှာ မီးပုံမှန် ရဖို့တော့ ခက်မယ်။ ကန်ဘောက်ကနေ လျှပ်စစ် ဝယ်ရင်တော့ ဖြစ်နိုင်လိမ့်မယ်” ဟု မွန်နိုင်ငံရေး အကျဉ်သားဟောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောခဲ့ပါတယ်။
မွန်ပြည်နယ်မှာ အတိုက်အခံပါတီအနေနဲ့ ရပ်တည်နေတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ အစိုးရကို ဝေဖန်တဲ့နေရာမှာ အားနည်းချက် ရှိပြီး၊ မွန်လူမှုအဖွဲ့အစည်းတွေမှာ ပါတီရဲ့ လှုပ်ရှားမှုတွေကို ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်တာတွေ ရှိနေတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေက ဆိုကြပါတယ်။
အဓိက အကြောင်းရင်းက ပါတီလုပ်ငန်းစဉ်တွေမှာ အချိန်မပေးနိုင်တဲ့ မွန်ဝန်ကြီး၂ ဦးဟာ ပါတီရဲ့ အဓိက ရာထူးကနေ နှုတ်မထွက်ပေးတာကြောင့် ဖြစ်တယ်လို့ ပါတီအဖွဲ့ဝင်တွေက ပြောပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက လက်ရှိအစိုးရကို ပြည်ပမီဒီယာကနေတဆင့် မကြာခဏ ဝေဖန်ပြောဆိုတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ပါတီရဲ့ အထွေထွေအတွင်းရေးမူး ဒေါက်တာမင်းနွယ်စိုးကတော့ ဝေဖန်မူတွေကို မနှစ်သက်ပါဘူး။
ပါတီ ဥက္ကဌ နိုင်ငွေသိန်း အပါအဝင် ပါတီရဲ့ အဖွဲ့ဝင်တချို့က ဝန်ကြီး ၂ ဦးကို ပါတီခေါင်းဆောင်ပိုင်း ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဝန်ကြီး၂ ဦး နေရာမှာ အရည်အချင်းရှိတဲ့ အခြားပုဂ္ဂိုလ်တွေနဲ့ အစားထိုး နေရာချပေးမယ်ဆိုရင် လက်ရှိ ပါတီရဲ့ နိုင်ငံရေး လူပ်ရှားမှုဟာ ပိုပြီးတော့ အထမြောက်မယ်လို့ ယုံကြည်ကြပါတယ်။
“သူတို့ဟာနဲ့ သူတို့ အလုပ်ရှုပ်နေတဲ့အတွက် ပါတီမှာ အခု သူတို့ ဘာမှ မလုပ်ပေးနိုင်တော့ဘူး။ အဲဒီအတွက် ကျနော်တို့ ပြောတယ် ပါတီခေါင်းဆောင်ပိုင်းကနေ နှုတ်ထွက်ပေးဖို့” ဟု နိုင်ငွေသိန်းက ပြောပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေက ဒေါက်တာမင်းနွယ်စိုး နေရာမှာ မွန်ပြည်သစ်ပါတီရဲ့ ဗဟို တွဲဖက် အလုပ်အမှုဆောင်ဟောင်း ဖြစ်သူ နိုင်ချမ်းတွဲ့ကို နေရာချပေးဖို့ ရည်ရွယ်ထားကြပါတယ်။ ဒါကို စိုးရိမ်စိတ် လွန်ကဲနေတဲ့ ဒေါက်တာမင်းနွယ်စိုးဟာ ဒီနှစ်အစောပိုင်းမှာ ပါတီရဲ့ ဥပဒေစည်းမျဉ်းတခုကို ချမှတ်ခဲ့ပါတယ်။
စည်းမျဉ်းအရ မွန်ပြည်သစ် အဖွဲ့ဝင်ဟောင်းတွေဟာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အဖွဲ့ဝင်အဖြစ် လျှောက်ထားချင်ရင် ပါတီက အသိအမှတ်ပြုဖို့ ၂ နှစ် စောင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် ကတော့ မွန်ပြည်သစ်ပါတီရဲ့ ဗိုလ်မှုးကြီး အဖြစ်ကနေ အနားယူပြီး တနှစ်သာသာလောက်မှာပဲ ပါတီတည်ထောင်သူထဲမှာ ပါဝင်ခဲ့ပါတယ်။
စည်းမျဉ်းဥပဒေကြောင့် မွန်ပြည်သစ် အဖွဲ့ဝင်ဟောင်းတွေဟာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်ဖြစ်ဖို့ အခက်အခဲ ဖြစ်သွားရပါတယ်။ လက်ရှိ ပါတီရဲ့ ခေါင်းဆောင်မှုအပိုင်းမှာ မတူညီတဲ့ နိုင်ငံရေး ချဉ်းကပ်မှု ၂ ခု ရှိနေပါတယ်။
မွန်လူမှုခေါင်းဆောင်တွေက မွန်ပြည်နယ်အစိုးရထဲမှာ မွန်လူမျိုး၂ ဦးကို ရွေးတာဟာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အနာဂတ် နိုင်ငံရေး စည်းရုံးလှုပ်ရှားမှု အားနည်းသွားအောင် ပေါ်လစီတခု အနေနဲ့ မြန်မာအစိုးရက လုပ်ဆောင်တာပါလို့ စွပ်စွဲနေကြပါတယ်။
“ဒီဝန်ကြီး ၂ ဦးက မွန်ပြည်သူတွေအတွက် ဘာမှ မလုပ်ပေးနိုင်ရင် လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူမှ မွန်ပါတီကို မဲထည့်ပေးတော့မှာ မဟုတ်ဘူး” ဟု မုဒုံမြို့နယ်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အဖွဲ့ဝင်တဦး ဖြစ်သူ နိုင်အတွက်က ပြောပါတယ်။
No comments:
Post a Comment