Monday, April 9, 2012

မတရားအသင်း မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လင်းဘိုဘို

ကရင် အမျိုးသား အစည်း အရုံး KNU အား မတရား အသင်းဟု သတ်မှတ် ထားခြင်းနှင့် ပတ်သက် ၍ မတရား အသင်း မရှိ ခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က တနင်္ဂနွေ နေ့က ပြောဆို လိုက်သည်။

အထွေထွေ အတွင်း ရေးမှူး ဒေါ်နော်ဇီဖိုး ရာစိန် ခေါင်းဆောင်သော KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် များနှင့် တက္ကသိုလ် ရိပ်သာ လမ်းရှိ နေအိမ်တွင် လက်ခံ တွေ့ဆုံ ပြီးနောက် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံ တနိုင် ငံတွင် မတရား အသင်း မရှိခြင်း သည် အကောင်းဆုံး အခြေ အနေ ဖြစ်ကြောင်း ထင်မြင်ချက် ပေးခဲ့ သည်။

“အန်တီကတော့ နိုင်ငံတနိုင်ငံမှာ မတရားအသင်းဆိုတာ ရှိဖို့မလိုတာ အကောင်းဆုံးအခြေအနေလို့ ထင်ပါတယ်”ဟု ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောသည်။

နေပြည်တော်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ရာတွင် KNU အတွက် စိုးရိမ် ဖွယ်ရာဖြစ်နေသည့် “မတရား အသင်း” ကိစ္စ ထည့်သွင်း ဆွေးနွေး ခဲ့ကြောင်း အထွေထွေ အတွင်း ရေး မှူး နော်ဇီဖိုး ရာစိန်က ဆိုသည်။

“ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တလျှောက်လုံးမှာ ဒီမတရားအသင်း ဆိုတာကြီးက အန္တရာယ်လည်းရှိတယ်၊ ကြောက်စရာလည်း ဖြစ်တယ်၊ တိုင်းသူပြည်သား တွေအတွက်လလည်း စိုးရိမ်စရာ ဖြစ်နေတယ်ဆိုတော့ ဒီကိစ္စကို စဉ်းစားဖို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ကရင်ဘာသာဖြင့် ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရာ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ဆွေးနွေးဖြစ်ခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း အဓိက ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် ကရင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ ဘာလဲ ဆိုတာကို ကျမတို့ ဆွေးနွေးဖြစ်တယ်။ နောက်ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အသိပေးဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးဖြစ်ခဲ့သည့်အပေါ် သူမကပြောသည်။

ကရင်လူမျိုးများ အများဆုံးနေထိုင်သည့် ဝါသင်္ခကျေးရွာကို ဗဟိုပြု၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အပါ အ ဝင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများအတွက် ဆက်လက် ရပ်တည် သွားမည်ဖြစ်ပြီး KNU အပြင် အခြားငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် တတ်နိုင်သမျှ လက်တွဲ သွား မည် ဟု ပြောဆိုသည်။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းတင်တဲ့ ကိစ္စကြီး ၃ ရပ်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးပါ ပါတယ်။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စက ဘယ်လို စပ်ဆက် နေတယ် ဆိုတာ ကျမတို့ ရှင်းပြခဲ့ပါတယ်။ အဲ့တော့ ဒီလုပ်ငန်းကြီး ၃ ခုကို ပူးတွဲပြီးတော့ အမျိုးသားရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမား မတ်မတ်နဲ့ ကျမတို့ ဆက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ရာစုနှစ် တဝက်ဝန်းကျင်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် ငြိမ်းချမ်း ရေးအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု စတင်ရရှိခဲ့သည်။

ယခု ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမတနှင့် တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်း ချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစား လုပ် ဆောင်နေသည်ကို မြင်ခဲ့ရကြောင်း နော်ဇီဖိုးရာက ပြောဆို သွားခဲ့ သည်။

ပမာဏ အပစ် အခတ် ရပ်စဲရေး သဘောတူ ညီမှု၊ ခိုင်မာသည့် အပစ် အခတ် ရပ်ဆဲရေး သဘောတူ ညီမှု၊ နိုင်ငံရေး ဆွေးနွေးခြင်း၊ နိုင်ငံ ရေးတွင် ပါဝင်ခွင့် ရရေး စသည့် သဘောတူ ညီမှု အဆင့် လေးဆင့် ရရန် KNU ဘက်က ရည်ရွယ် ထားသော်လည်း နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ တင်ပြီး ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အကျယ် တဝင့် ဆွေးနွေး ညှိနှိုင်းမှု မပြုလုပ် ရသေးကြောင်း KNU အထွေထွေ အတွင်း ရေးမှူးက ဆိုသည်။

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီ ဝင် ဖဒိုမန်းငြိမ်း မောင်ကို သမ္မတအမိန့်ဖြင့် မတ်လ ၁၉ ရက်နေ့က လွှတ်ပေးခဲ့ခြင်းသည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဗဟိုအစိုးရနှင့် KNU အကြား ယုံကြည်မှု ရစေခဲ့သည်ဟု ထင်ကြောင်း KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

No comments: