Monday, April 30, 2012

သံတွဲတွင် တည်ထားသော ရခိုင်မှ ဥာဏ်တော် အမြင့်ဆုံး ရပ်တော်မူဘုရား အနေကဇာ တင်ပွဲ ကျင်းပမည်

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့ မဒေးတောင်ပေါ်တွင် တည်ထားသော ရခိုင်မှ ဥာဏ်တော် အမြင့်ဆုံး ဘုရား ရုပ်ထုတော်ကို လာမည့် ကဆုန်လ ပြည့်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပွဲ ပြုလုပ်မည် ဖြစ် သည်။

လေဘေး၊ ရေဘေး၊ အန္တရာယ် အမျိုးမျိုးတို့ကို ကာကွယ်ခြင်း အလို့ငှာ အလိုတော်ပြည့် ဆရာတော် ကိုယ်တိုင် အဓိဋ္ဌာန်ပြုပြီး ရခိုင်ပြည် နယ် သံတွဲမြို့နယ် ဂျိတ်တောရွာ ငပလီကမ်းခြေ အနီးရှိ အမတသုခ တောင်ပေါ်၌ ထိုရပ်တော်မူ ဘုရားကို တည်ထားခြင်း ဖြစ်ကြောင်း အလိုတော်ပြည့် ကျောင်းတိုက်မှ ဦးဇင်း ကုမာရက နိရဉ္စရာသို့ ပြောသည်။

" ရုပ်ထုတော်က (၅၄) ပေ အမြင့်ရှိပါတယ်။ ရခိုင်ပြည်နယ် အတွင်း အမြင့်ဆုံး ရပ်တော်မူ ဘုရားဖြစ်ပါတယ်။ လေဘေး၊ရေဘေး၊မကောင်း မူ ဘေးဆိုးတွေက ကာကွယ် ကင်းလွှတ်စေဖို့ ရည်ရွယ်ပြီး အလို တော်ပြည့် ဆရာတော် ဘုရားကြီးက ကြီးမှူး တည်ထားတာဖြစ်ပါတယ်။ မေလ ၅ ရက် ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပွဲကို ခန်းနား ကြီးကျယ်စွာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်" ဟု ဦးဇင်း က ပြောသည်။

လောကသမ္ဘူ အမည်ရှိ ရပ်တော်မူ ဘုရားကြီးအား အလိုတော်ပြည့် ဆရာတော်ကြီးအား ဦးထိပ် ထားပြီး မိခင်ဖခင် တို့၏ ကျေးဇူးကိုရည် မှန်းပြီး အလှူ ဒါယကာ ဦးသိန်းထွေး (CB Bank ဒုတိယ ဥက္ကဋ္ဌ) နှင့် မိသားစုမှ လှူဒါန်းခြင်း ဖြစ်ကြောင်း ဦးဇင်းက ပြောသည်။

" ဦးသိန်းထွေးတို့ မိသားစုက ကျပ်သိန်းပေါင်း ၃၀၀၀ နီးပါး အကုန်ကျခံပြီး တည်ထားတဲ့ ရပ်တော်မူ ဘုရားဖြစ်ပါတယ်။ ဘုရားရုပ်ထု တော်ကို ပင်လယ်ကမ်းနား တောင်ပေါ်မှာ တည်ထားတာ ဖြစ်တဲ့ အတွက် အဝေးကပင် ဖူးမျှော်နိုင်ကြမှာ ဖြစ်ပါတယ်" ဟု ဦးဇင်းက ဆက်ပြောသည်။

အနေကဇာတင်ပွဲ အခမ်းအနားသို့ ယခင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်လည်း တက်ရောက်မည် ဖြစ်ကြောင်း ဦးဇင်းက ပြောသည်။

အခမ်းအနားတွင် ပင့်ဖိတ်ထားသော သံဃာတော် အရှင်မြတ်တို့အား လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းမူများ ပြုလုပ်မည် ဖြစ် ပြီး အလှူရှင်မိသားစုတို့က လှူဒါန်းထားသော ကောင်းမူ ကုသိုလ် အစုစုတို့အား ရေစက်ချအမျှ ပေးဝေပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘုရား၏ မျက်တော်ရောင်ခြည်တော်ဖွင့် ပွဲကိုလည်း ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပွဲနှင့် အတူ တပါတည်း ပြုလုပ်မည်ဟု ဦးဇင်းကု မာရက ပြောသည်။

ပွဲတော်၏ ညနေပိုင်းတွင် ရခိုင်၊ မြန်မာအဆိုတော်များဖြစ်ကြသည့် နေထက်လင်း၊ စိုးရန်အောင်၊ L ကိုလင်း၊ မြတ်ခိုင်ကျော်၊ သန်းဆွေ၊ ဒိုးအ်ရီ၊ စစ်ငြိမ်းနိုင် ၊ ညိုစိမ့်၊ ပုလဲဝင်း၊ ဆုပန်ထွာ၊ ချစ်နိုးဦး၊ စိမ်းလဲ့လဲ့ တို့မှ နှစ်ညတိုင်တိုင် တီးခတ် သီဆို ဖြေဖျော်ကြမည် ဖြစ်သည်။