Thursday, April 26, 2012

မေလဆန်းတွင် သံလွင်တိုင်း(မ်) ဂျာနယ် ထွက်မည်

ကောင်းဝါသတင်းဌာန

မွန်ပြည်နယ် မော်လမြိုင် အခြေစိုက် သံလွင်တိုင်း(မ်) ဂျာနယ် မိတ်ဆက်ပွဲကို မနေ့နံနက်တွင် မော်လမြိုင်မြို့ သံလွင်မြစ်ကမ်းနဖူးတွင် ပြု လုပ်ခဲ့ပြီး မေလဆန်းတွင် စတင်ဖြန့်ဝေမည် ဖြစ်ကြောင်း အယ်ဒီ တာ အဖွဲ့ဝင်များက ပြောသည်။

တင်/ထုတ်စနစ်ဖြင့် လစဉ် ထုတ်ဝေမည့် အဆိုပါ ဂျာနယ်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းများတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဥပဒေရေးရာ၊ ရပ်ကွက် လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် သတင်း၊ ဆောင်းပါးများကို အသားပေး ဖေါ်ပြသွားမည်ဟု ဆိုသည်။

“ဂျာနယ်အတော်များများက ရန်ကုန်မှာ အခြေစိုက်ပြီး၊ နယ်သတင်း ဖော်ပြတာ နည်းတယ်၊ မြန်မာနိုင်ငံ အောက်ပိုင်းက အဖြစ် အပျက် တွေကို ထင်ဟပ် ဖော်ပြဖို့ ကျနော်တို့ ဒီလို စလုပ်တာပါ” ဟု အယ်ဒီ တာ အဖွဲ့ဝင်တဦး ဖြစ်သည့် နိုင်မင်းမင်းနွယ်က ပြောသည်။

ဇန်နဝါရီလက ရာမညတိုင်း(မ်) အမည်ဖြင့် ဂျာနယ် ထုတ်ဝေခွင့်ရရန် လျှောက်ထားခဲ့သော်လည်း လက်ရှိ မွန်ပြည်နယ် ပြန်/ဆက် က ထုတ်ဝေနေသည့် ရာမည သတင်းလွှာ ရှိနှင့်ပြီး ဖြစ်သည့်အတွက် ထုတ် ဝေခွင့် မရပဲ၊ မွန်ပြည်နယ်၏ အဓိကမြစ်ကြီးဖြစ်သည့်သံလွင် မြစ်ကို အခြေခံကာ သံလွင်တိုင်း(မ်) အမည်ဖြင့် ပြန်လည် လျှောက်ထားရာမှ မတ်လကုန်တွင် ထုတ်ဝေခွင့် ရခဲ့သည်။

မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် စီးပွားဖြစ် ထုတ်ဝေမည့် အဆိုပါ ဂျာနယ်တွင် စာမျက်နှာ ၂၈ မျက်နှာ ပါရှိပြီး၊ ဧပြီလ ၂၈ ရက်နေ့တွင် စာပေစိစစ်ရေးဌာနသို့ တင်ပြကာ မေလ ၇ ရက်နေ့တွင် တစောင် ၅၀၀ ကျပ်နှုန်းဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ဖြန့်ဝေသွားမည်ဟု ဆိုသည်။

လတ်တလောတွင် မြန်မာဘာသာဖြင့်သာ ထုတ်ဝေသွားမည် ဖြစ်ပြီး၊ မွန်ဘာသာဖြင့် ထုတ်ဝေခွင့် ရရန်အတွက်လည်း ဆက်လက်တင်ပြ တောင်းဆိုသွားမည်ဟု အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့က ပြောသည်။

ဂျာနယ် အယ်ဒီတာအဖွဲ့တွင် အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့၊ တာဝန်ခံ အယ်ဒီတာ နိုင်အောင်ဇေ နှင့် အယ်ဒီတာ အဖွဲ့ဝင်များတွင် နိုင်ရာဇာ ရဲထွဋ်၊ နိုင်အောင်ထူး၊ နိုင်မင်းမင်းနွယ် တို့ ပါဝင်သည်။

အယ်ဒီတာချူပ်နှင့် တာဝန်ခံ အယ်ဒီတာတို့မှာ မွန်ပြည်သစ်မှ အနားယူခဲ့ကြသည့် ဗဟိုအတွင်းရေးမှူးနှင့် မွန်ပညာရေးဌာန ဒု-တာဝန် ခံများ ဖြစ်ကြပြီး ဂျာနယ် ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းနှင့် ပတ်သက်ခြင်း မရှိကြောင်း နိုင်မင်းမင်းနွယ်က ပြောသည်။

ဂျာနယ်ပထမအုပ် ထွက်ပြီး နောက်ပိုင်းတွင် နယ်သတင်းထောက်များကို ခေါ်ယူခြင်း၊ သတင်းပညာသင်တန်း ပေးခြင်းတို့ကို လုပ်ဆောင် သွားမည် ဖြစ်ပြီး၊ လစဉ်ထုတ် ဂျာနယ်အဖြစ်မှ အပတ်စဉ်ထုတ် ဂျာနယ်အဖြစ် ထုတ်ဝေသွားရန် စီစဉ်ထားကြောင်းလည်း သူက ပြောသည်။

No comments: