Sunday, April 29, 2012

မန္တလေး-မြစ်ကြီးနား ရထား ပေါက်ကွဲမှုဖြစ်၊ နှစ်ဦး ဆေးရုံတင်

ကိုပေါက် | တနင်္ဂနွေနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၂

မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ဆန်တက်လာသည့် အိပ်စင်ရထားအမှတ် ၃၃ သည် တနင်္ဂနွေနေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် မိုးညှင်း မြို့နယ် အတွင်း ပေါက်ကွဲမှု တခုဖြစ်ကာ လမ်းချော်သွားခဲ့ ကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှ ၁၀၄ မိုင်အကွာ နန်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာ အကြားတွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ ခရီးသည်နှစ်ဦးကို မိုးညှင်း ဆေးရုံတွင် ကုသမှု ခံယူ နေရကြောင်း မြစ်ကြီးနားဘူတာမှ တာဝန်ရှိ သူတဦးကပြောသည်။

“တိမ်းမှောက်သွားတယ်လို့တော့ မကြားမိဘူး။ ရှစ်တွဲ လမ်းချော်သွားတယ်။ ကျနော်တို့ မှတ်တမ်းအရတော့ ခရီးသည် နှစ်ဦး ဒဏ်ရာရလို့ မိုးညှင်းဆေးရုံ တင်ထားရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရထားပေါ်ပါ ခရီးသည်များအား အခြားရထားတစင်းဖြင့် မြစ်ကြီးနားအရောက် သယ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“ကောလင်းကရိန်း၊ မိုးညှင်းကရိန်းတွေ၊ လမ်းပြင်တဲ့အဖွဲ့တွေက သွားပြီး တွဲတွေ မတင်ပြီးပါပြီ။ ခရီးသည်တွေကို မြစ်ကြီးနားကနေ ရထား တစင်းနဲ့ သွားသယ်တယ်။ အဲဒီ ရထားလည်း မိုးညှင်း ကနေ နေ့လည် ၁ နာရီ ၄၀ ကနေ ထွက်လာပါပြီ။ မြစ်ကြီးနးကို ခန့်မှန်းခြေ ညနေ ၆ နာရီခွဲလောက် ရောက်ပါမယ်”

အခင်းဖြစ်ပွားရာနှင့် အနီးစပ်ဆုံး မိုးညှင်းဘူတာသို့ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေဆိုမှု မရှိခဲ့ပေ။

No comments: