Wednesday, April 25, 2012

အစားထိုးလိုက်သည့် တပ်မတော်သား ကိုယ်စားလှယ်များအား NLD ကြိုဆို

ဇော်ကြီး

လွှတ်တော်နှစ်ရပ်ရှိ တပ်မတော်သား ကိုယ်စားလှယ် (၅၉) ဦးနေရာတွင် ပိုမို ရာထူးကြီးသည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးလိုက်သည့်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကြိုဆိုလိုက်သည်။

လက်ရှိ ဗိုလ်မှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့လွှတ်တော်အမတ် (၃၉) ဦးနှင့် အမျိုးသား လွှတ်တော်အမတ် (၂၀) ဦး တို့၏ နေရာတွင် ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးနှင့် ဒု-ဗိုလ်မှူးကြီး အဆင့် ရှိ သူများအား အစားထိုးလိုက်ကြောင်း ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ပိုမို ရင့်ကျက်သည့် ပုဂ္ဂိုလ်များ ပါဝင်လာ သည့်အတွက် ကောင်းမွန်ကြောင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် အမတ် ဦး အုန်းကြိုင်က အခုလို ပြောသည်။

“ကျနော့်အနေနဲ့ ပြောရရင်တော့ ဗိုလ်ကြီးအဆင့်၊ ဗိုလ်မှူးအဆင့် ဆိုတာထက် အခုဟာက ရာထူးကြီးတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ပိုပြီးတော့ ရင့်ကျက်တဲ့ လူတွေ ဖြစ်လာတယ်လို့ ဒီလိုတော့ ပြောရတာပေါ့။ ဒါက တော့ ဘာပဲ ပြောပြော ကောင်းပါတယ်။ လွှတ်တော် အမတ်တို့ ဘာတို့ဆိုတာကလည်း ချင့်ချင့် ချိန်ချိန် စဉ်းစားနိုင်တဲ့ နည်းနည်း measure ဖြစ်တဲ့လူတွေဆိုတော့ ပိုကောင်းတာပေါ့ဗျာ။”

သို့သော် နေပြည်တော်တွင် ယနေ့ပြန်လည် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် အသစ်များ ကျမ်းသစ္စာ ကျိန်ဆိုရန် ရှိသော်လည်း ဥပဒေနှင့် ပတ်သက်သည့် စကားလုံး အသုံး အနှုန်း ပြင်ဆင်ပေးရန် ကိစ္စ မပြီးပြတ်သေးသည့်အတွက် NLD ပါတီက လွှတ်တော်သို့ တက်ရောက်ခြင်း မရှိခဲ့ပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား “ကာကွယ် စောင့်ရှောက်ပါမည်” ဆိုသည့် စကားလုံးအစား “လေးစား လိုက်နာပါမည်” ဟု အစားထိုး ပြင် ဆင်ပေးရန် နိုင်ငံတော် သမ္မတ အပါအ၀င် လွှတ်တော် နှစ်ရပ်မှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးများသို့ NLD ပါတီက ယခုရက်ပိုင်းအတွင်း အကြံပေးစားများ ပေးပို့ ထားသည်။

ယနေ့ အစားထိုးလိုက်သည့် တပ်မတော်သား ကိုယ်စားလှယ်များအနက် ဗိုလ်မှူးချုပ် အဆင့် (၈) ဦး၊ ဗိုလ်မှူးကြီး အဆင့် (၁၄) ဦးနှင့် ဒု- ဗိုလ်မှူးကြီးအဆင့် (၃၇) ဦးတို့ ပါဝင်လာသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအား ရွေးချယ်ရန် မလိုဘဲ ခန့်အပ် ခွင့် ရှိသည်။

No comments: