Friday, April 27, 2012

စွပ်စွဲပြောဆိုမှု ဖြေရှင်းပေးရန် ထိုင်းဒု-၀န်ကြီးချုပ်၌ တာဝန်ရှိကြောင်း DKBA ပြော

ဇော်ကြီး

တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကလို့ထူးဘော တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်ချုပ် စောလားပွယ်အား မူးယစ်ရာဇာ အဖြစ် စွပ်စွဲပြောဆိုမှု ထိုင်း ဒု-၀န်ကြီးချုပ်မှ ပြန်လည် ဖြေရှင်း ပေးရန် တာဝန်ရှိကြောင်း DKBA က ပြောဆို လိုက်သည်။

ထိုင်းနိုင်ငံမှ အလိုရှိနေသော မူးယစ်ရာဇာ (၂၅) ဦး၏ အမည်စာ ရင်း များကို ဧပြီလ (၂၀) ရက် နေ့က ထိုင်း နိုင်ငံ အမှတ် (၃) ရုပ်သံ လွှင့် ဌာနက ထုတ်လွှင့် ခဲ့ရာ ဗိုလ်ချုပ် စောလားပွယ် ၏ အမည် စာရင်း ပါဝင် ခဲ့ပြီး ဆုငွေ ထိုင်းဘတ် (၁) သန်း ထုတ်ပြန် ခဲ့သည်။

ယင်းကိစ္စ ထိုင်း ဒု-၀န်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းက တာဝန်ယူ ထုတ် ပြန်ခြင်း ဖြစ်သည်ဟု DKBA အဖွဲ့၏ ယခုလ (၂၅) ရက် နေ့က ထုတ် ပြန်သည့် ကြေညာ ချက်၌ ဖော်ပြ ထားပြီး ၎င်း အနေဖြင့် ပြန် လည် ဖြေရှင်း ပေးရန် တာဝန် ရှိသည်ဟု ကလို့ထူးဘော စစ်ဒေသ တတိယ တန်း စစ်ဦးစီးမှူး စောကိုမျိုးက အခုလို ပြောသည်။

“တာဝန်ရှိမှု မရှိဘူးဆိုတာ သူတို့သိမှာပါ။ ကျနော်တို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါပြီးသား ပါ။ နိုင်ငံတကာ စည်းမျဉ်း ဥပဒေအရ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ နောက်ဆက်တွဲ တွေကို ဥပဒေ အ ကြောင်း အရာ အတိုင်းပဲ ကျနော်တို့ ဆက်လုပ် သွားမှာ ပါ။”

ထိုင်း ဒု-၀န်ကြီးချုပ်၏ စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်၍ DKBA ထိန်းချုပ် ဒေသအတွင်း လာရောက် စစ်ဆေးရန် ဖိတ်ခေါ်ထားပြီး တိကျ ခိုင်လုံသည့် သက်သေအထောက် အထားများ ပြသရန် လိုအပ် သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

အကယ်၍ DKBA ထိန်းချုပ် ဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုရှိသည်ကို ထိုင်းဘက်က ဖော်ထုတ်နိုင်ပါက မည်သည့် တရားရုံး၌ မဆို ရင်ဆိုင် ဖြေရှင်း သွားမည် ဟုလည်း ပါရှိသည်။

ထို့အပြင် စစ်ဆေးမှုများအား လာမည့် ဧပြီလ (၃၀) ရက်နေ့ နောက်ဆုံးထား ပြုလုပ်ပေးရန် ဖိတ်ခေါ်ထားပြီး မဖြေရှင်းနိုင်ပါက နိုင်ငံတ ကာ ဥပဒေအရ အရေးယူမှု ပြုလုပ်မည်ဟု ဆက်လက် ဖော်ပြ ထား သည်။

ထိုင်းသတင်း ဌာန၏ ထုတ်လွှင့်မှုကြောင့် ပြည်သူလူထု တရပ်လုံးက ၎င်းတို့အပေါ် အထင်အမြင် လွဲမှားစေနိုင်သည့်အပြင် အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာ စေသည်ဟု စောကို မျိုးက ပြောသည်။

“DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် (ခေါ်) နှုတ်ခမ်းမွေးကို ဆိုပြီးတော့မှ ထုတ်ပြန် တဲ့ အခါကျတော့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် တဦးလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် တကယ် လုပ်ဆောင် ခြင်း မရှိဘဲနဲ့ မတရား စွပ်စွဲတဲ့ အကြောင်း ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အဖွဲ့ရဲ့ ဂုဏ်သိက္ခာရယ် လူတဦးချင်းရဲ့ ဂုဏ်သိက္ခာရယ် အများကြီး ထိခိုက် နစ်နာတာပေါ့နော်။”

ထို့အပြင် DKBA က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စအား အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ လက်မှတ်ရေးထိုးစဉ် အပိုဒ် (၅) ပါအချက်အရ သဘောတူ ထားပြီး ဖြစ်သည်ဟုလည်း ကြေညာချက်က ဖော်ပြသည်။

မြန်မာအစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင် နေကြောင်း အစိုးရအာဘော် သတင်းများတွင် မကြာခန ရေးသား ဖော်ပြလေ့ရှိသည်။

သို့သော် ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်မှု နှစ်စဉ် တိုးမြင့်လျက်ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုနှိမ်နင်း ရေးအဖွဲ့ UNODC အဖွဲ့၏ ၂၀၁၀ ခုနှစ် စစ်တမ်းများက ဆိုသည်။

DKBA သည် ၁၉၉၄ ခုနှစ် က KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ရွေး ကောက် ပွဲအား ဆန့်ကျင်ခဲ့ရာမှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် အစိုးရ သစ်နှင့် ပဏာမ အဆင့် အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့သည်။

No comments: