နော်နိုရင်း
မြန်မာနိုင်ငံ အကျဉ်းထောင်တွင်းမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ လန်ဒန်အခြေစိုက် ဘားမား ကမ်ပိန်းယူကေ အဖွဲ့က တောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲနေတဲ့အချိန်မှာလူ သိများတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာပေမယ့် လူသိနည်းကြ တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေ ထောင်တွင်းမှာ ရှိနေ တုန်းပဲဆိုတာ ဗြိတိန် နိုင်ငံခြားရေးဌာနက အရှေ့တောင်အာရှရေးရာ ဝန်ကြီးတဦးဖြစ်တဲ့ မစ္စတာ (Jeremy Browne)နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သတိပေးတာ ဖြစ်တယ်လို့ ဘားမားကမ်ပိန်းယူကေအဖွဲ့က မဝေနှင်းပွင့်သုန်က ပြောပါတယ်။
“နာမည်ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတဲ့အခါကျတော့ အခု ကျမတို့နိုင်ငံမှာ ဘယ်သူတွေ ရှိသေးလဲဆိုတာကို မသိတော့ဘူးဆိုတော့ ကျမတို့ အနေနဲ့ ကိုသန်းဇော်လိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတုန်းပဲ။ သူဆိုလို့ရှိရင် ၁၉၈၉ ကတည်းကနေပြီးတော့ ထောင်ကျခဲ့တာ သေဒဏ်ပေးခံထိတယ်၊ သေဒဏ်အပြင်ကို သူ့ကို နှစ် ၃၀ထောင် ချတဲ့အချိန်မှာ သူ့ကို သေဒဏ်ကနေ ထပ်လေ်ွာ့ပြီးတော့ အခုအချိန်အထိ ထောင်ထဲမှာ ရှိတုန်းပဲ။ နှစ် ၃၀။ ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ အထဲမှာ ရှိနေတုန်းပဲ။ သူတို့တွေ မလွတ်မြောက်သေးဘူး။ သူတို့တွေကို သတိယဖို့ဆိုတာ ကျမတို့မှာ တာဝန်တခု ရှိတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လုပ်သင့်တယ်ဆိုတဲ့ ဟာမျိုးကို ကျမတို့ အဓိကထားပြီး တော့ ပြောတာပါ။
“ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် မြန်မာနိုင်ငံ လက်အောက်မှာဆိုလို့ရှိရင် သူတို့ ပြောတာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိတော့ဘူး။ ဒါပေမယ့် ကျမတို့အနေနဲ့ မြင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတုန်းပဲ။ အရေအတွက် ဘယ်လောက်လဲဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ဖို့ ကျမတို့ အခုတောင်းဆိုတယ်။”
ကိုသန်းဇော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် တဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်က သန်လ်ွင် ရေနံချက်စက်ရုံဗုံးခွဲမှုမှာ မတ ရားစွပ်စွဲခံရပြီး သေဒဏ်ကနေ တကျွန်းထောင်ဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်ပြီး လက်ရှိ သရက်ထောင်မှာ အကျဉ်းခံနေရဆဲ ဖြစ်ပါတယ်။
လက်ရှိအကျဉ်းထောင်တွေထဲမှာ သေချာပေါက် အတည်ပြုနိုင်တဲ့ စာရင်း အရ နိုင်ငံရေးအကျဉ်းသား ၄၇၃ ဦး ရှိပြီး အတည်မပြုနိုင်သေးသူပေါင်း ၄၆၅ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောပါ တယ်။
“ကျနော်တို့က သေချာပေါက် အတည်ပြုထားတဲ့ စာရင်းကတော့ ၄၇၃ ယောက် ရှိတယ်။ ဥပမာ ကိုအေးအောင်ရှိမယ်၊ ကိုအေးအောင်ဆိုလို့ရှိရင် ဗကသက ၉၈ မှာ ကျထားတဲ့ တယောက်ပေါ့။ သူ့အမှုတွဲတွေ က အကုန်လွတ်ပြီ သူမလွတ်သေးဘူး။ နောက်တခါ ဦးမြင့်အေး ရှိမယ်။ ဦးမြင့်အေးဆိုတာ HRDP က။ နောက်တခါ ဆရာနိုင်ယက္ခတို့၊ နိုင်မျိုးသွေးတို့ မွန်ပြည်သစ်ပါတီက လူတွေ ရှိပါတယ်။ နောက်တခါ ထောင်ထဲမှာ ရှိတယ်။ မရှိဘူးဆိုတာကို ကျနော်တို့ စိစစ်ဆဲ စာရင်းကတော့ ၄၆၅ ယောက် ရှိတယ်။ နှစ်ခုပေါင်းလိုက်ရင်တော့ ၉၃၈ ယောက်ပေါ့။”
အစိုးရက ပြုပြင်ပြောင်းလဲမှု လုပ်ပေမယ့် လက်ရှိ အကျဉ်းထောင်တွင်းမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်း အားလုံးလွတ်မှသာ စစ်မှန် တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာမယ်လို့ မဝေနှင်းပွင့်သုန် က ပြောပါတယ်။
No comments:
Post a Comment