Monday, April 30, 2012

မွန်ပြည်သစ် ရဲဘော်များ လွတ်ပြီ

ကောင်းဝါသတင်းဌာန

ထောင်သွင်း အကျဉ်းချခံထားရသည့် မွန်ပြည်သစ်ပါတီမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦးကို ယနေ့တွင် ပြည်ထောင်စု အစိုးရက မိခင်ပါတီ သို့ ပြန်လည်လွှဲအပ်ပေးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုး ဆောင် က ပြောသည်။

အင်းစိန်ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီထောင်မှ နိုင်မျိုးသွေးတို့ကို မွန်းလွဲ ၁ နာရီတွင် ရထားဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင် မော်လ မြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီသို့ လာရောက် လွှဲအပ်ပေးမည် ဖြစ် ကြောင်း အကျိုးဆောင် နိုင်တင်အောင်က ပြောသည်။

“ဒီနေ့ လွှဲပေးမယ်လို့ မနေ့က ကျနော့်ဆီ ဖုန်းဆက်လာတယ်။ ဒါဟာ မင်္ဂလာ ရှိတဲ့ သတင်း ဖြစ်တယ်။ ဦးအောင်မင်းကလည်း သူ့ရဲ့ ကတိ အတိုင်း လုပ်ပေးတယ် ဆိုတော့ ကျနော်တို့ သိပ်ဝမ်းသာတယ်” ဟု နိုင်တင်အောင်က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးသည့် လေးကြိမ်လုံးတွင် မိမိတို့ ပါတီမှ ရဲ ဘော် များကို လွှတ်ပေးရန် မွန်ပြည်သစ်ဘက်က တောင်းဆိုခဲ့သည်။

အထက်ပါ နိုင်ငံရေး အကျဉ်းသား နှစ်ဦး ပြန်လည် လွတ်မြောက်လာမည့် သတင်းကြောင့် မြို့နယ် အသီးသီးမှ လူငယ်များ မော်လမြိုင်မြို့သို့ သွားရောက် ကြိုဆိုရန် ပြင်ဆင်နေကြကြောင်း မုဒုံမြို့နယ်မှ လူ ငယ်ခေါင်းဆောင်တဦးက ပြောသည်။

မွန်ပြည်သစ်မှ အကျဉ်းကျခံနေရသူများအနက် တသက်တကျွန်း ကျခံနေရသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေးမှာ ထင်ရှားသူများ ဖြစ်သည်။ နိုင် ယက္ခမှာ မွန်ပြည်သစ် ပထမအကြိမ် အပစ်ရပ်ခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မွန်လူငယ်များအား နိုင်ငံရေးသင်တန်းများ ပို့ချခြင်းကြောင့် လူငယ်များအကြား အထူးထင်ရှားသည်။

၎င်းတို့နှစ်ဦးနှင့် အခြား ငါးဦးကို လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်၊ Eleven အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး နှင့်အတူ ယခင် နအဖ စစ် အစိုးရက ၂ဝဝ၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ် စီရင်ခြင်း ခံခဲ့ရသော်လည်း အယူခံဝင်ရာမှ ထောင် ဒဏ် တသက်တကျွန်းသို့ ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။

ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင် ကိုလည်း အင်းစိန် ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်း ကျခံနေ ရစဉ် သမ္မတ၏ ညွှန်ကြားမှုဖြင့် မတ်လ ၁၉ ရက်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။

No comments: