Saturday, April 28, 2012

ရွှေတြိဂံဒေသ၏ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား လာအိုတွင် ဖမ်းမိ

မြန်မာ၊ လာအိုနှင့် ထိုင်း သုံးနိုင်ငံ နယ်စပ်တလျောက် ရွှေတြိဂံ ဒေသ တွင် လက်နက်ကိုင် လှုပ်ရှား နေသည့် မူးယစ် ရာဇာ ခေါင်းဆောင် စိုင်းနော် ခမ်းအား လာအို နိုင်ငံ အတွင်း ဖမ်းဆီး ရမိကြောင်း ဒေသ တွင်း သတင်း များက ဆိုသည်။

မြန်မာအစိုးရ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်အရ ရွှေတြိဂံဒေ သ အတွင်း စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များ ပူးပေါင်း ဆောင်ရွက် ခဲ့ရာ စိုင်းနော်ခမ်း အဖွဲ့မှ အိုက်ထွန်း ခေါင်းဆောင် သည့် အဖွဲ့ဝင် (၈) ဦး သည် လက်နက်မျိုးစုံ (၅) လက်၊ ခဲယမ်းမျိုးစုံနှင့်အတူ ဧပြီလ (၂၃) ရက်နေ့က တာချီလိတ် နယ်မြေခံ အစိုးရတပ်ထံ လက်နက်ချခဲ့ ကြောင်း ယခုလ (၂၅) ရက်နေ့ ထုတ် အစိုးရ အာဘော် သတင်း တပုဒ် ၌ ပါရှိသည်။

ထိုအဖွဲ့၏ ထွက်ဆိုချက်အရ ဧပြီလ (၂၄) ရက်နေ့တွင် စိုင်းနော်ခမ်း နေ ထိုင်ရာသို့ တာချီလိတ် ဒေသခံ အာဏာပိုင် တပ်ဖွဲ့များ သွားရောက် ရှာဖွေခဲ့ရာ ထွက်ပြေး လွတ်မြောက် သွားပြီး လာအို နိုင်ငံဖက် တွင် အဖမ်းခံရသည်ဟု သတင်းရကြောင်း ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင် တဦးက အခုလို ပြောသည်။

“အဲဒီအလင်းဝင်လာတဲ့သူကို မေးကြည့်တဲ့အခါကျတော့ သူတို့ စိုင်းနော်ခမ်း ရှိတဲ့နေရာကို သိသွားတာပေါ့။ အဲဒီမှာ ဗမာ အစိုးရနဲ့ ပြည်သူ့စစ် သွားဝိုင်းတဲ့အခါကျတော့ ဒီကောင်က လော(လာအို)ဖက်မှာ ထွက် ပြေးတယ်။ လှေစီးပြီးတော့မှ ထွက်ပြေးတော့ လော(လာအို) စစ် တပ်က ဟိုဖက်မှာ ကြိုစောင့်ပြီးတော့ ဖမ်းသွားတာလေ။”

လောလောဆယ် မဲခေါင် မြစ်ဝှမ်း တလျောက်ရှိ စိုင်းနော်ခမ်း၏ လက်ကျန် တပ်ဖွဲ့ဝင် များအား မြန်မာအာဏာပိုင်များက လိုက်လံရှင်း လင်း နေသည် ဟုလည်း ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက်ရရန် မြန်မာအာဏာပိုင်များထံ ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြန်မာပြည်မူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူ တဦးလည်းဖြစ် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချုပ် လည်းဖြစ်သူ ဦးခွန်ဆိုင်းက လာအိုနိုင်ငံ ဘော်ကရောက် (Baokeo) ဒေသအတွင်းရှိ ကျေးရွာတခုတွင် ဖမ်းဆီးရမိ သည်ဟု လာအို အာ ဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေး သမားများထံက သိရကြောင်း အခုလို ပြောသည်။

“အဲဒီအရာရှိက အသေးစိတ်တော့ မပြောပြဘူးတဲ့။ သူ့ကို ဖမ်းပြီးပြီဆိုတာတော့ ကွန်ဖမ်း ဖြစ်တယ်လို့ ပြောလာတယ်တဲ့။ (၂၅) ရက်နေ့ည (၂၆) ရက်နေ့ အ၀င်မှာပေါ့ဗျာ။ အဲဒီ အချိန်မှာ သူ့ကို တရုတ်နဲ့ လောဝ်း (လာအို) နဲ့ ပေါင်းပြီးတော့မှ ဖမ်းတယ်။ သူအပါအ၀င် အကုန်လုံး (၈) ယောက် ဖမ်းမိတယ်လို့ ပြောတာပေါ့နော်။”

စိုင်းနော်ခမ်းသည် လာအိုနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသည့်အပြင် ဒေသခံများ၏ ထောက်ခံမှု ရသူ တဦးဖြစ်၍ ၎င်းအားလွတ် ပေးရန် ဒေသခံများက တောင်းဆိုခဲ့ သော်လည်း လာအို အာဏာပိုင် ဖက်က စိစစ်နေဆဲဟု တုန့်ပြန်ပြောဆို လိုက်ကြောင်း သိရ သည်ဟု လည်း ဦးခွန်ဆိုင်းက ပြောသည်။

“မနေ့တုန်းကလည်း လောဝ်း(လာအို) ရွာသူ ရွာသားတွေက ဒါကျနော်တို့လူပါ၊ ကျနော်တို့ လောဝ်း လူမျိုးပါဆိုပြီးတော့ သူ့ကို သွားပြီးတော့ အာမခံတာတွေ ရှိတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ သက် ဆိုင်ရာ ဖက်ကတော့ အခု ဖမ်းမိပြီဆိုတော့ စစ်ဆေးစရာ ရှိတာတွေ စစ်ဆေးမယ်။ လွတ်သင့်မှ လွတ်မယ်လို့ သူတို့ ပြောတယ်တဲ့။”

သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ လာအိုနိုင်ငံ အာဏာပိုင်များထံက တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် နော်ခမ်းနှင့် ၎င်း၏ လက်ထောက် အပါအ၀င် အဖွဲ့ဝင် (၈) ဦးအား လာအို နိုင်ငံအတွင်း ဖမ်းဆီးရမိကြောင်းနှင့် အသေးစိတ် အချက်အလက်ကို မသိရသေး ကြောင်း ဖော်ပြထားသည်။

စိုင်းနော်ခမ်းသည် ရှမ်းတိုင်းရင်းသား တဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်က စစ်အစိုးရထံ လက်နက်ချ ခဲ့သော ဦးခွန်ဆာ ခေါင်းဆောင်သည့် (MTA) ခေါ် မောင်ထိုင်းတပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်း တဦးဖြစ်သည်။

၎င်းနှင့်အဖွဲ့သည် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေပြီး မဲခေါင် မြစ်အတွင်း သွားလာ နေသည့် ကုန်တင် သင်္ဘော များနှင့် ခရီး သည်တင် ရေယာဉ်များ အား စီးနင်း တိုက်ခိုက်၍ ပြန်ပေး ဆွဲမှုများ ပြုလုပ် နေသည်ဟု စွပ်စွဲခံ ထားရသည်။

ထို့အပြင် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တရုတ်ကုန်တင် သင်္ဘောတစီးအား ၀င်ရောက် စီးနင်း၍ သင်္ဘောသား (၁၃) ဦးအား သတ်ဖြတ်ခဲ့သည်ဟု ထိုင်းအာဏာပိုင်အဖွဲ့က စွပ်စွဲ ပြောဆိုထားသည်။

အလားတူ ထိုင်းအစိုးရက အလိုရှိသည့် မူးယစ်ရာဇာ (၂၅) ဦးအား ဧပြီလ (၂၀) ရက်နေ့ က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသား (၃) ဦးပါဝင် ပြီး ၎င်းတို့အနက် စိုင်းနော်ခမ်း၊ ယီဆေးနှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော် DKBA ခေါင်းဆောင် ဗိုလ်ချုပ် စောလားပွယ်တို့ ပါဝင်သည်။

စိုင်းနော်ခမ်းအား ထိုင်းဘတ်ငွေ (၂) သန်း၊ ယီဆေးနှင့် နှုတ်ခမ်းမွေးခေါ် ဗိုလ်ချုပ် စောလားပွယ်အား ဘတ်ငွေ (၁) သန်းစီဖြင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ရုံး (ONCB) က ဆုငွေ ထုတ်ပြန် ထားသည်။

No comments: