Monday, April 30, 2012

လယ်/ဆည်ဝန်ကြီး လွှတ်တော်အမတ်များကို တောင်းပန်

မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က Hot News ဂျာနယ်တွင် ဖေါ်ပြ ခဲ့သော လွှတ်တော်နှင့် လွှတ်တော် အမတ် များနှင့် ပတ်သက်သည့် သူ၏ စကား အသုံး အနှုန်းများ အတွက် ခွင့်လွှတ် ပေးပါရန် တနင်္လာနေ့ ပြည်ထောင်စု လွှတ်တော်တွင်တောင်း ပန် လိုက်သည်။

“ကျနော့်အပေါ် လွှတ်တော်နှင့်လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေရန်လို့ အထင်အမြင် လွဲမှားမှု ရှိနေ ကြပါသော ကိုယ်စားလှယ် တော်ကြီးများ အားလုံးတို့အားလည်း ဤမြေ တွင် အသီးသီးမွေးဖွားခဲ့ကြပြီး တမြေတည်းအတူနေ၊ တရေ တည်းအတူသောက်၊ တလှေတည်း အတူခရီးသွား သံသရာခရီးမှာ အတူခရီးသွားနေကြ တဲ့ ခရီးသွားဖော် ညီကိုများအဖြစ် မေတ္တာ ရှေ့ထားပြီး တော့မှ ကျနော့်အပေါ် ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ် တောင်းပန်ပါကြောင်း” ဟု ပြောသွားသည်။

ဝန်ကြီး၏ Hot News ဂျာနယ်သို့ ဖြေကြားရာတွင် သုံးနှုန်းခဲ့သည့် အသုံးအနှုန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် လွှတ် တော်အခွင့်အရေး ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ကို တန င်္လာနေ့လွှတ်တော်တွင် အစီရင်ခံခဲ့ပြီးနောက် ဤကဲ့သို့ ပြန် လည်တောင်းပန် လိုက်ခြင်း ဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာအရ ဝန်ကြီးက “လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးတော့ ရောက်လာတဲ့လူဟာ စာမှမတတ်ဘဲ၊၁ဝတန်းမှမအောင် ဘဲနဲ့။ လွှတ်တော်ကိုယ်စားလှယ်ဆို လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများ ခလုတ်နှိပ်ဆို နှိပ်တယ်။ သူ့မှာ ဘာမှ မရှိဘဲ ဘာတွေ ပြောနေသလဲ၊ သူနားမလည်ဘူး ရမ်းသာလုပ်နေရတယ်” ဟု ပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယင်းအပြင် လွှတ်တော်နှင့် ပတ်သက်၍လည်း “ဥပဒေပြုမယ့် လွှတ်တော်တို့ ဘာတို့ကလည်း တည့်တည့်မတ်မတ် လှော်ရမယ်၊ ဥပဒေ ဟာ ကမောက် ကမ ဖြစ်အောင် လုပ်နေတယ်” ဟု၍ ဂျာနယ်သို့ ဖြေ ကြား ခဲ့သည်ကို တွေ့ရှိရသည် ဟုလည်း ဖေါ်ပြထားသည်။

“Hot News ဂျာနယ်၌ စာရေးသူ ‘မမ’ နှင့် ပြည်ထောင်စုဝန်ကြီးတို့၏ ဆွေးနွေးချက်တွင် ဖေါ်ပြပါရှိသော အထက်ပါ အချက် အလက်များ မှာ လွှတ်တော် တရပ် လုံးနှင့် လွှတ်တော် ကိုယ်စား လှယ်များ အား လုံး ကို ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် အယုံ အကြည် ကင်းမဲ့ စေရန် ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ကြောင်း လေ့လာသုံးသပ်ရရှိပါ သည်” ဟု လွှတ်တော်အခွင့်အရေး ပူးပေါင်း ကော်မတီ၏ အစီရင် ခံစာ တွင် သုံးသပ်ထားသည်။

ထိုအခြေအနေများကြောင့် ဝန်ကြီးဦးမြင့်လှိုင်သည် လွှတ်တော်ကိုယ်စားလှယ်များကို တောင်းပန်စေသင့်သည်ဟုလည်း တနင်္လာနေ့ ပြည် ထောင်စုလွှတ်တော်သို့ တင်ပြအစီရင်ခံခဲ့ပြီးနောက် ဦးမြင့်လှိုင်က လွှတ်တော်အမတ်များသို့ တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်လှိုင်က သူပြောကြားခဲ့သည့် ‘လွှတ်တော်အမတ်များ ၁ဝ တန်းမအောင်’ ဟူသည့်စကားရပ်နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့တွင် လွှတ်တော်အခွင့်အရေး ကော်မတီသို့ ရှင်းလင်း တင်ပြ ရာတွင် “ကျ နော့်ရဲ့ စေတနာမှန်က တကယ့်စေတနာပါ။ ကိုယ်စားလှယ် တော် ကြီးတွေ ထဲမှာ ခိုင်ခိုင် ခန့်ခန့် ရှိမှ အလား အလာတွေ ကောင်းမယ်။ ဒါကတော့ ရိုးရိုး သားသား ကျနော် တင်ပြခြင်း ဖြစ်ပါတယ်။ ကျနော် တို့တွေ သည် ခိုင်ခိုင် ခန့်ခန့် လုပ်ထားတဲ့ ကာလမှာ တချို့ ဒီလို လေးတွေ ရှိနိုင် တယ်ဆို တာကို ယေဘုယျ ဆန်ဆန် ပြောခဲ့ခြင်း ဖြစ်ပါ တယ်။ မည်သူ တယောက် ကိုမျှ နစ်နာ စေလို တဲ့ ဆန္ဒ လုံးဝ မပါ ပါဘူး ခင်ဗျာ” ဟု ဖြေရှင်းချက် ပေးထား သည်ကို လည်း အစီရင် ခံစာ တွင် ဖေါ်ပြ ထားသည်။

ဝန်ကြီးဦးမြင့်လှိုင်နှင့် တွေ့ဆုံမေးမြန်းမှုများကို Hot News ဂျာနယ်တွင် မတ်လ ၂၃ ရက်နေ့က ဖေါ်ပြပါရှိလာရမှ လွှတ်တော်အမတ်များက ဝန်ကြီး၏ ပြောဆိုမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ဝန်ချ တောင်းပန်ခြင်း ပြုလုပ်ပေး ပါရန် ဧပြီလ ၁ဝ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပြခဲ့ပြီး နာယက က လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီကို အစီရင်ခံစာ တင်သွင်းစေခဲ့ခြင်း ဖြစ်သည်။

No comments: