Thursday, April 26, 2012

KDA တပ်ဖွဲ့ထိန်းချုပ် နယ်မြေ အတွင်း လောင်းကစား ဝိုင်းကြောင့် ဒေသခံများ အခက်တွေ့

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် KDA တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း လောင်းကစားဝိုင်းကြောင့် အိမ်ထောင်ကွဲကြ သည်အထိ ရှိကြောင်း လားရှိုးသားများက ပြောပြသည်။

“လားရှိုးရဲ့အရှေ့မြောက်ဖက်က မိုင်းယော်တိုက်နယ်ထဲက မန့်မတ်ရွာမှာ ကေဒီအေကနေ လောင်းကစားဝိုင်းထောင်ခွင့်ပေး ပြီး အခွန် ကောက်စားတယ်။ ဈေးထဲမှာကို ဝိုင်းထောင်တာ။ အစကတော့ ဈေးနေ့တရက်ထဲ လုပ်တယ်။ အခုနောက်ပိုင်း နေ့ တိုင်းလုပ်တယ်” ဟု လားရှိုးရောက် မိုင်းယော်ဒေသခံတဦးကလည်းပြောသည်။

မိုင်းယော်တိုက်နယ်အရှေ့ဖက် မိုင် ၃၀ ခန့်အကွာရှိ မန့်မတ်ရွာတွင် ပလောင်နှင့် သျှမ်းလူမျိုးရောနှောနေထိုင်ကာ ဘိန်းခြံဖြင့် အသက်မွေး ဝမ်းကြောင်း ပြုကြသည်။

ဘိန်းထွက်ချိန် ပိုက်ဆံပေါများချိန်၌ လောင်းကစားဝိုင်းထောင်သဖြင့် အိမ်ထောင်ကွဲကြသည်အထိလည်း ရှိကြောင်း ဒေသခံ အိုက်စိုင်း ကပြောသည်။

“ ကုန်ဝယ်ဖို့ အရင်း ၁၀ သိန်းလောက် ပေးပြီး ယောကျာ်းကိုခိုင်းတာ လားရှိုး ၊မိုင်းယော်ဈေးမရောက်ဘူး မန့်မတ်ဈေးထဲမှာ လောင်းတာ ရှုံးပါလေရော။ အဲဒါနဲ့ ကွဲကြရော။ ကေဒီအေဖက်ကတော့ ဈေးနေ့ဆိုရင်တဝိုင်းကို ၅ သိန်းကောက်တယ်။ သာမန်နေ့တွေဆိုရင် တဝိုင်း ၁ သိန်းကျော်ပေါ့။ ဂုံဂင်း ၂ ပွဲနဲ့ ၃၆ ကောင်က နေ့တိုင်းရှိတယ်။ ကျန်တဲ့ဝိုင်းငယ် တွေ တော့ လာလိုက်မလာလိုက်ပေါ့” ဟု လည်း ၎င်းက ဆက်လက်ပြောပြသည်။

ဘိန်းရောင်းရငွေများလည်း လောင်းကစားဝိုင်း၌ ရှုံးသကဲ့သို့ ဘိန်းခြံမရှိသူများလည်း ကျွဲနွားနှင့်ခြံထွက်သီးနှံ များရောင်းကာ လောင်းက စား ကြကြောင်း၊ လောင်းကစားဝိုင်းထောင်လာသည်မှာ တလခန့်ရှိပြီဖြစ်ကြောင်း အိုက်စိုင်းကပြောပါသည်။

မန့်မတ်အုပ်စုသည် ယခင်က MTA ၏ လွယ်မော်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သော်လည်း ယခုအခါ KDA ထိန်းချုပ်မှု အောက်ရောက် ရှိနေ သည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ နယ်မြေထိန်းချုပ်မှုကိစ္စနှင့်ပတ်သက်၍ KDA နှင့် ဗိုလ်မွန်းဦးဆောင်သော မန်ပန် ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့တို့ ယခုလအတွင်း တိုက်ပွဲများ နှစ်ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့သည်ဆိုသည့်သတင်းများ ဆက်တိုက် ထွက်ပေါ် နေပါ သည်။ ကွတ်ခိုင်မြို့ ကောင်းခါးမြို့သစ်အခြေစိုက် ဦးမထုနော် ခေါင်းဆောင်သော KDA - Kachin Defence Army တပ်ဖွဲ့(ကေအိုင် အေ ခွဲထွက် အဖွဲ့) သည် ၂၀၀၉ ခုနှစ်က အစိုးရလက်အောက်ခံပြည်သူ့စစ်အဖြစ် အသွင် ပြောင်းခဲ့သည်။

No comments: