Wednesday, April 25, 2012

NLD တင်ပြချက် လိုက်လျောမည် မဟုတ်ဟု သမ္မတ ပြော

ဇော်ကြီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ တင်ပြချက်နှင့် ပတ်သက်၍ လိုက်လျောရန် အခြေအနေမရှိကြောင်း သမ္မတ ဦးသိန်းစိန်က ယမန်နေ့ပြုလုပ်သည့် တိုကျိုမြို့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား လိုက်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား “ကာကွယ် စောင့်ရှောက်ပါမည်” ဆိုသည့် စကားလုံးအစား “လေးစား လိုက်နာပါမည်” ဟု အစားထိုး ပြင် ဆင်ပေးရန် နိုင်ငံတော် သမ္မတ အပါအ၀င် လွှတ်တော် နှစ်ရပ်မှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးများသို့ NLD ပါတီက ယခုရက်ပိုင်းအတွင်း အကြံပေးစားများ ပေးပို့ တင်ပြခဲ့သည်။

ယင်းကိစ္စ နှင့် ပတ်သက်၍ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်အတွင်း၌သာ ဆွေးနွေးရန် အလားအလာ ရှိသည်ဟု သမ္မတက ပြောကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဘာသာပြန် ဆောင်ရွက်ပေး သူ ဦးရွှေဘက အခုလိုပြောသည်။

“အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကိစ္စနဲ့ ပတ်သက်ရင်တော့ တကယ်လို့သာ တိုင်းပြည်တိုးတက် ရေး အတွက် လိုတယ်၊ ပြည်သူလူထုက အမှန် တကယ် လိုလား နေတယ် ဆိုရင်တော့ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာ ဆွေးနွေး ဖို့ အလားအလာတော့ ရှိတယ်လို့ ဖြေလိုက်ပါတယ် ခင်ဗျ။”

ထို့အပြင် NLD ပါတီ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ဖက်မှ လိုက်လျောရန် အခြေအနေ မရှိဟု သိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အဲဒါကတော့ သူတို့ဟာသူတို့ ဆုံးဖြတ်ဖို့ ကိစ္စပါလို့ပဲ ဖြေလိုက်ပါတယ်ခင်ဗျ။ ဆိုလိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးသိန်းစိန်ဖက်က လိုက်လျောဖို့ မရှိဘူးဆိုတာ ကျနော်တို့ ကြားသိခဲ့ရပါတယ်ခင်ဗျ။”

ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်က သမ္မတ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ NLD ပါတီထံ တရားဝင် အ ကြောင်း ပြန်ကြားခြင်း မရှိသေးသလို သမ္မတက ငြင်းဆိုလိုက်သည့်အပေါ် သေခြာစွာ မသိရသေးသည့်အတွက် တစုံတရာ မှတ်ချက်မပေးလိုကြောင်း ပြောသည်။

နေပြည်တော်တွင် ယနေ့ပြန်လည် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် အသစ်များ ကျမ်းသစ္စာ ကျိန် ဆိုရန် ရှိသော်လည်း စကားလုံး အသုံး အနှုန်း ပြင်ဆင်ပေးရန် ကိစ္စ မပြီးပြတ်သေးသည့်အတွက် NLD ပါတီက လွှတ်တော်သို့ တက်ရောက်ခြင်း မရှိခဲ့ပါ။

ဧပြီလ (၁) ရက်နေ့ ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် (၄၅) နေရာ အတွက် NLD ပါတီက ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၃၇) နေရာ၊ အမျိုးသား လွှတ်တော်အတွက် (၄) နေရာနှင့် တိုင်း ဒေ သကြီးလွှတ်တော် မဲဆန္ဒနယ်အတွက် (၂) နေရာဖြင့် အများစုကို အနိုင်ရရှိ ထားသည်။

No comments: