Sunday, April 1, 2012

အကျင့်ဟောင်းများက ပြောင်းလဲရေးကို စိန်ခေါ်နေဟု သမ္မတ အကြံပေး ပြော

ဧရာဝတီ on April 1, 2012


မြန်မာနိုင်ငံတွင် ယခင်အစိုးရ အဆက်ဆက် အမူအကျင့် ဟောင်းများကြောင့် စွမ်းဆောင်ရည် ကျဆင်းမှုသည် ဒီမိုကရေစီ ပြုပြင် ပြောင်း လဲ ရေးတွင် စိန်ခေါ်မှုအဖြစ် ရင်ဆိုင်နေရကြောင်းသမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။

တပါတီ ဦးဆောင်သည့် စနစ်၊ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့သည့် စနစ်များမှ အပြုအမှု၊ အကျင့်ဟောင်းများသည် ယခု ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး ဖော်ဆောင်ရေးတွင် အဟန့်အတားဖြစ်နေကြောင်း ဦးကိုကိုလှိုင်က ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

“အကုန်လုံး ဒီအပြောင်းအလဲမှာ ဘာလိုနေလဲဆိုတော့ စွမ်းဆောင်ရည်ပေါ့။ Capacity ပေါ့။ ဒီ Capacity ကို မမြှင့်လို့ရှိရင် ပြောင်းသွားတဲ့ ခေတ်စနစ်ကို ဘယ်လိုမှ အောင်မြင်အောင် ဖော်နိုင်မှာ မဟုတ်ဘူး” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

အဖွဲ့အစည်း တခုတည်းကသာ ဥပဒေပြုခြင်း၊ တရားစီရင်ခြင်းနှင့် အုပ်ချုပ်ရေး လုပ်ငန်းတာဝန်များ လုပ်သည့် အလေ့အကျင့် အရိုးစွဲ လာ သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်၏ အာဏာ ၃ ရပ်ကို ထိန်းကျောင်းပြီး ခွဲဝေ တာဝန်ထမ်းဆောင်သည့် အလေ့အကျင့် အားနည်း ချက်များကို ပြုပြင်တည်ဆောက် လေ့ကျင့်သွားရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ဥပမာဆိုပါတော့ နိုင်ငံခြားက နေပြီးတော့မှ ဒီရင်းနှီးမြုပ်နှံမှု ကြီးကြီးတွေ လာချင်တယ်။ သူတို့ ပထမဆုံးမေးတာက မင်းတို့မှာ ဘာ Law (ဥပဒေ) တွေ ရှိလဲ။ ဒီ Law တွေက သူတို့ကို အကာအကွယ်ပေးနိုင်တဲ့၊ သူတို့ကို တန်းတူညီမျှ အခွင့်အရေးပေးနိုင်တဲ့ Law မရှိရင်သူတို့ မလာဘူး။ အဲဒီတော့ အခုမှ အသစ်ပြန်စနေရတယ်” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

နိုင်ငံတကာတွင် ရောက်ရှိနေသည့် မြန်မာပညာရှင်များ၏ အတွေ့အကြုံများနှင့် အကြံဉာဏ်များကို စုစည်းပေါင်းစပ်၍ လက်တွေ့ ပကတိ အခြေအနေနှင့် ထင်ဟပ်သော အကြံဉာဏ်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြလုပ်ဆောင်နေကြောင်း ဦးကိုကိုလှိုင်က ဆက်ပြောသည်။

၎င်းက တရားဥပဒေ စိုးမိုးရေး အားကောင်းစေရေး၊ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရာတွင် အတွေ့အကြုံများ တနှစ်အတွင်း ရခဲ့ကြောင်း၊ ဥပဒေ အဆင်သင့် မရှိမှုဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေရပြီး လိုအပ်ချက်များ ရှိနေ သေး ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်ချက်များ ရှိပါကလည်း ပြုပြင်ရမည်သာဖြစ်ကြောင်း ဆိုသည်။

အလားတူ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများလည်း ပြဌာန်းပြီး အဆိုပါ ဥပဒေများ အားကောင်းရန် လုပ်ဆောင် သွား ကြရမည်ဖြစ်ကြောင်းလည်း ဦးကိုကိုလှိုင်က ပြောသည်။

“ဟိုတုန်းက လူတွေပဲ၊ ဟိုးတုန်းက အဖွဲ့အစည်းပဲ၊ ဟိုးတုန်းက ရှိနေတဲ့ တည်ဆောက်မှု ပုံတွေပဲ အခုချိန်ထိ ရှိနေသေးတယ်၊ ဒါကြောင့် ၀ိုင်အရက်ဟောင်းကို ပုလင်းအသစ်ထဲမှာ ထည့်ထားတယ်ဆိုပြီးမှ ပြောကြတာတွေ ရှိနေသေးတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် သူ့အနေဖြင့် ထိုသို့ မမြင်ကြောင်း မြို့တော်သိန်းအောင် ဇာတ်အဖွဲ့ကို ဥပမာပေးပြီး ပြဇာတ်ကသူများ မပြောင်းလဲသော်လည်း ဇာတ်ညွန်းနှင့် ပြကွက် ပြောင်းနေပြီဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး မြန်ဆန်စွာ လုပ်၍ရသည် ရှိသကဲ့သို့ တချို့လုပ်ငန်းများတွင် မြန် ဆန်၍ မရကြောင်း၊ လက်တွေ့ အရေးကြီးသည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းများကို ဘက်ပေါင်းစုံက လုပ်ဆောင်သွားရန် လိုအပ် နေ ကြောင်း ဦးကိုကိုလှိုင်က ပြောသည်။

ထို့အပြင် တပြည်လုံး ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံးနှင့် ပထမဆုံး လုပ်ဆောင်ရမည်မှာ အပစ်အခတ် ရပ်စဲရေးပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် အပြင်အလှန် ယုံကြည်မှုရှိပြီး အပစ်အခတ် ရပ်စဲနိုင်မှုမှတဆင့် ငြိမ်းချမ်းရေးကို အတူ ဖော်ဆောင်ကာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လက်တွဲ လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သူက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က အကြံပေး ၉ ဦးကို ခန့်ခဲ့ရာ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ၃ ဦးတွင် ဦးကိုကိုလှိုင်လည်း တဦးအပါအ၀င် ဖြစ်သည်။

No comments: