Tuesday, April 3, 2012

ရွေးကောက်ပွဲနေ့ ရှမ်းမြောက်တိုက်ပွဲ တွင် မြန်မာစစ်သား ၄ ဦးကျ

KNG


ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသတွင် အစိုးရစစ်တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကို ဆက်လက် ထိုးစစ်ဆင်ရာ ဧပြီ ၁ ရက် တနင်္ဂနွေနေ့ တိုက်ပွဲ၌ မြန်မာစစ်သား ၄ ဦးကျဆုံးသည်ဟု ဒေသခံများ ပြောသည်။

တိုက်ပွဲမှာ မိနစ် ၃၀ ကြာဖြစ်ပွားခဲ့ကာ အစိုးရစစ်သားများကျရှုံးမှုမှန်ကန်ကြောင်း ပန်ဆိုင်း(ကြူကုတ်)အနီး အခြေစိုက်ထားသည့် KIA တပ်ရင်း (၃၆) အရာရှိများပြောသည်။

သေဆုံးသူများမှာ KIA ဒေသသို့ထိုးစစ်ဆင်လာသော အင်အား ၆၀ ခန့်ရှိ အစိုးရ၏ပူးပေါင်းတပ်ဖွဲ့မှ ဖြစ်သည်ဟုဆိုသည်။ ပူးပေါင်းတပ်ဖွဲ့တွင် မုံဘော်ပြည်သူ့စစ်များလည်း ပါဝင်သည်ဟု ဆိုသည်။

ထိုနေ့သည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့်နေ့လည်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က ကချင်ထိုးစစ်ကိုရပ်တန့်ဖို့ အမိန့်ပေးခဲ့သည်မှာ ၃ လလွန်သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ် သည်။

လုံခြုံရေးမရှိဟုဆိုကာ လွန်ခဲ့သည့်အပတ်က ကချင်ပြည်နယ်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ၃ ခုကို ရွှေ့ဆိုင်းလိုက်သည်။ သို့သော် မိုးကောင်းမြို့နယ်တွင် မည်သည့်တိုက်ပွဲမျှမရှိဟု ထိုမဲဆန္ဒနယ်တွင် အရွေးခံမည့် KIO ဒုတိယဥက္ကဋ္ဌဟောင်း တသီး ပုဂ္ဂလ ကိုယ် စား လှယ် ဒေါက်တာတူးဂျာ ပြောသည်။

ဒေါ်ဘောက်ဂျာ ပါဝင်အရွေးခံမည့် ပြည်နယ်အနောက်ဘက် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် တိုက်ပွဲများဖြစ်ပွားသော်လည်း မဆိုစ လောက်သာဖြစ်သည်ဟု ဆိုသည်။ ထို့အတူ ဗန်းမော်မဲဆန္ဒနယ်သည် တိုက်ပွဲများစတင်ခဲ့ရာဒေသဖြစ်ခဲ့သော်လည်း ယခုအခါ ယခင်နှစ် ဇွန်လ စစ်ပွဲစတင်ခဲ့ချိန်က ကဲ့သို့ မဟုတ်ဘဲ တိုက်ပွဲအရေအတွက်နည်းပါးသွားပြီဟုဆိုသည်။

ရွှေပိုက်လိုင်းတစ်လျှောက်တိုက်ပွဲများကြောင့် ဒေသခံများထွက်ပြေးနေရခြင်းမတ်လ ၃၀ ရက် သောကြာနေ့တွင် ခလရ (၁၃၀) နှင့် KIA ကြား တိုက်ပွဲကြောင့် မော်လုံးကျေးရွာအုပ်စု ရွာသား ၁၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။

မော်လုံးကျေးရွာအုပ်စုမှာ ရှမ်းပြည်မြောက်ပိုင်း KIO နယ်မြေရှိ ရွှေရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်းအနီးတည်ရှိသည်။ ထိုရွှေပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ကမ်းခြေမှ တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓါတ်ငွေ့များ သွယ်ယူရန်ဖြစ်သည်။

မော်လုံးကျေးရွာအုပ်စု ရွာသားအများစုသည် မန်တုန်မြို့သို့ထွက်ပြေးကြသည်ဟု ဒေသခံများပြောသည်။

ယခင်အပတ်ကလည်း ထိုအစိုးရတပ်ရင်းနှင့် KIA တပ်ရင်း ၃၄ တို့သည် ယောင်ဘန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ၄၈ နာ ရီကြာတိုက်ပွဲ၌ မြန်မာစစ်သား အနည်းဆုံး ၆ ဦး ကျဆုံးကာ ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိသည်ဟု ဒေသခံများပြောသည်။ KIA ဘက်မှ ကျရှုံးမှုမရှိဟု ရွာသားတစ်ဦးပြောသည်။

၎င်းတို့၏စစ်သားများကျဆုံးမှုအတွက် ဒေသခံရွာသားများအား အစိုးရတပ်က လက်တုံ့ပြန်ခဲ့သည်ဟု KIA ကဆိုသည်။ အစိုးရတပ်က ရွာ ထဲ သို့ ပစ်ခတ်သည့်အပြင် ရွာသားအချို့ကို ဖမ်းဆီးနှိပ်စက်သည်ဟု ဆိုသည်။

အိမ်နီးချင်း မန်ဆန်ကျေးရွာရောက် ခလရ (၁၃၀)မှ အစိုးရစစ်သားများသည် ရွာသူကြီး ဦးလဆိုင်းနှင့် ၎င်း၏ရွာသားအချို့ကို ဖမ်းဆီးခဲ့ သည်။ ဒေသတွင်း KIA တပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုများကို မေးမြန်းစစ်ဆေးရန်အလို့ငှါ ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ ၎င်းတို့ ရိုက် နှက်သတ်ဖြတ်ခံရမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်။

များမကြာမီ လများကတည်းက တိုက်ပွဲအရှိန်ပြင်းထန်လာသည့်အတွက်ကြောင့် ဒေသခံ ရာချီ ရပ်ရွာစွန့်ခွာ ထွက်ပြေး တိမ်းရှောင် ခဲ့ကြ ရသည်။ ၎င်းတို့သည် KIA နယ်မြေ စခန်းများတို့ ၀င်ရောက်ခိုလှုံသကဲ့သို့ အစိုးရထိန်းချုပ်သည့် ကွတ်ခိုင်၊ နမ်ဖတ်ကာ၊ မူဆယ် မြို့များသို့လည်းရောက်ရှိလာသည်။

No comments: